ပြည်ခရိုင်ရှိ လျှော်ဖြူဈေးကွက်

Tue, 11/21/2023 - 06:54 -- mocadmin

   ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၌ သီဟိုဠ်ပင်နှင့် လျှော်ဖြူပင်များကို စိုက်ပျိုးထားရှိရာ နိုဝင်ဘာလတွင် လျှော်ဖြူပင်များမှ လျှော်ဖြူအစေးများကို ထုတ်ယူလျက်ရှိကြောင်း၊ လျှော်ဖြူစေးများ ကို ပြည်တွင်း၌ အသုံးပြုရန်သာမက ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရန်အတွက် ပို့ကုန် (Export) တန်းဝင် အသီးအနှံများ ဖြစ်စေရေး တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

   ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်နှင့် ပြည်မြို့နယ်များတွင် လျှော်ဖြူပင်များကို စိုက်ပျိုးထားရှိရာ လျှော်ဖြူ (ခေါ်) ဆေးကုလားမသည် ၂၀၁၉ ခုနှစ်၊ ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားမီကာလအထိ ဈေးကွက် တွင် ဈေးနှုန်းအလွန်ကောင်းမွန်လာခဲ့ပြီး ကြာဇံအမျှင်လျှော်ဖြူ တစ်ပိဿာလျှင် ၁၂၀,၀၀၀ ကျပ်၊ ရေခဲ သားလျှော်ဖြူ တစ်ပိဿာလျှင် ၈၅,၀၀၀ ကျပ်နှင့် ပုံမှန်အစလျှော်ဖြူ တစ်ပိဿာလျှင် ၆၅,၀၀၀ ကျပ် ဈေးနှုန်းများ ရှိခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားပြီးနောက်ပိုင်းတွင် ပြည်ပဝယ်လက် လမ်းကြောင်းများ မရှိတော့သလောက် နည်းပါးသွားပြီး ဈေးကွက်တွင် တစ်ပိဿာလျှင် ၇,၀၀၀ ကျပ်မှ ၈,၀၀၀ ကျပ်ခန့်အထိ ဈေးနှုန်းများ ကျဆင်းသွားခဲ့ကြောင်း သိရသည်။

   ယခုနှစ်၌ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် လျှော်ဖြူစိုက်ဧက (၇၃၀) ဧက စိုက်ပျိုးထားရှိပြီး လျှော်ဖြူစေးများကိုလည်း စတင်ထုတ်ယူနေကြောင်း၊ လျှော်ဖြူအစေး ထုတ်ယူရာတွင် ကြာဇံအစေး လျှော်ဖြူနှင့် ရိုးရိုးအစေးလျှော်ဖြူစေးဟူ၍ (၂) မျိုးရှိရာ ကြာဇံအစေးလျှော်ဖြူ တစ်ပိဿာလျှင် (၁၀၀,၀၀၀) ကျပ်ရှိပြီး ရိုးရိုးလျှော်ဖြူအစေး တစ်ပိဿာလျှင် (၈,၀၀၀-၁၀,၀၀၀) ကျပ် ဈေးနှုန်းသာရှိ ကြောင်း၊ ရိုးရိုးအစေးလျှော်ဖြူကို ပင်စည်မှထုတ်ယူရရှိ၍ အထွက်နှုန်းကောင်းမွန်ပြီး ကြာဇံအစေး လျှော်ဖြူကို အပင်၏ကိုင်းမှ ထုတ်ယူရရှိသဖြင့် အထွက်နှုန်းနည်းကြောင်း၊ လျှော်ဖြူပင်မှ လျှော်ဖြူစေးကို မိုးရာသီနှင့် ဆောင်းရာသီကာလများ၌ အဓိကထုတ်ယူ၍ တစ်နှစ်ပတ်လုံး၌ အစေး ထုတ်ချိန် (၈) လခန့်ရှိပြီး အစေးခြစ်ရာတွင် လူတစ်ဦးလျှင် တစ်နေ့လျှင် (၂၅) ပင်သာ အစေးခြစ်ယူနိုင် ကြောင်း သိရသည်။

   ရွှေတောင်မြို့နယ်အနေဖြင့် လျှော်ဖြူကို ဧကများစွာစိုက်ပျိုးကြပြီး ယခုအချိန်တွင် အပင် (၅၀၀) ကို စမ်းသပ်၍ အစေးထုတ်ယူလျက်ရှိရာ ကြာဇံအစေးလျှော်ဖြူမှာ ဈေးကောင်းရရှိနေကြောင်း၊ အစေးအထွက်နှုန်းအနေဖြင့် အကိုင်းအကြီး/ အသေးပေါ်မူတည်၍ ထွက်ရှိပြီး ထုတ်ယူရရှိသော အစေးများ ကို မန္တလေးမြို့သို့ တင်ပို့ရောင်းချကြပြီး နယ်ပွဲစားများကလည်း လာရောက်ဝယ်ယူကြကြောင်း၊ ပြည် ခရိုင်အနေဖြင့် လျှော်ဖြူစေးများကို ပြည်ပသို့တင်ပို့နိုင်ရန်အတွက် ပို့ကုန်များကို ထပ်မံတိုးချဲ့၍ စိုက်ပျိုး ထုတ်လုပ်သွားပါက ပြည်ပဝင်ငွေများ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

DOCA(ပဲခူး)

Local Trade News

Pages