ပခုက္ကူမြို့နယ်၌ သကြားပြောင်းဖူးများ တိုးချဲ့စိုက်ပျိုး

Thu, 02/01/2024 - 03:35 -- mocadmin

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်ရှိ ကံလှ၊ ကျွန်းညိုကြီး၊ သံပုရာပင်ကုန်း၊ ကျွန်းညိုကြီး ရွာသစ်၊ တင်းဂတ်နှင့် ပခုက္ကူကျွန်းကျေးရွာများတွင် ဒေသခံတောင်သူများသည် ရေသွင်းစနစ်ဖြင့် သကြားပြောင်းဖူးများကို ယခင်က တစ်ပိုင်တစ်နိုင်စိုက်ပျိုးလျက်ရှိရာ ယခုအချိန်တွင် ပြည်တွင်းစား သုံးမှုများပြားလာပြီး ပြောင်းဖူးများ ဈေးကောင်းရရှိလာ၍ စီးပွားဖြစ် တိုးချဲ့စိုက်ပျိုးလာကြကြောင်း၊ ပခုက္ကူမြို့နယ်၌ ငှက်ပျော၊ ငရုတ်၊ ကြက်သွန်၊ ခရမ်းချဉ်၊ ကုလားပဲ၊ ဆေးရွက်ကြီးနှင့် အခြားဟင်း သီးဟင်းရွက် သီးပင်စားပင်များကို တစ်နှစ်လျှင် တစ်ရာသီသာ စိုက်ပျိုးကြသော်လည်း ပြောင်းဖူး ဈေးကွက်ကောင်းမွန်၍ သကြားပြောင်းဖူးစိုက်ခင်းများကို နွေ၊ မိုး၊ ဆောင်းသုံးရာသီဖြင့် တစ်နှစ်ပတ် လုံး တိုးချဲ့စိုက်ပျိုးလာကြကြောင်း ဒေသခံတောင်သူတစ်ဦးထံ မှ သိရသည်။

   စိုက်ပျိုးမှုအနေဖြင့် ပြောင်းဖူးသီးနှံကိုသဲနုန်းမြေနှင့်မြေမာများတွင် ရေသွင်းစနစ်ဖြင့် အတန်း လိုက် စိုက်ပျိုးကြပြီး ပြောင်းဖူးမျိုး အနေဖြင့် ပံ-၁၃၅ မျိုးကို အများစု စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီး သက်တမ်း ၃ လခွဲ အကြာတွင် ရောင်းတန်းဝင်ပြောင်းဖူးများကို ခူးဆွတ်၍ ရောင်းချရကြောင်း၊ စက်တင်ဘာလတွင် စတင်စိုက်ပျိုးပြီး ဒီဇင်ဘာလတွင် ခူးဆွတ်ရကြောင်း၊ သကြားပြောင်းဖူးတစ် ဧကလျှင် ပျမ်းမျှအဖူးရေ ၉,၀၀၀-၁၂,၀၀၀ ခန့် ထွက်ရှိပြီး ရာသီ ဥတုပြောင်းလဲမှုနှင့် သွင်းအားစု သုံးစွဲပုံ၊ ရေသွင်းသည့်အကြိမ်ရေ မတူညီခြင်းတို့ကြောင့် သီးနှံအထွက်နှုန်း မတူညီကြကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင်ကျပ် ၈၀၀,၀၀၀ ခန့်ကုန်ကျပြီး ကျပ် ၂,၀၀၀,၀၀၀ ခန့် ဝင်ငွေရရှိ၍ ကျပ် ၁,၂၀၀,၀၀၀ ခန့်အကျိုးအမြတ်ရရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် သီးနှံပေါ်ဒေသ ပေါက်ဈေး လက်လီဈေး (၃) ဖူးလျှင် ကျပ် ၁,၀၀၀ ဖြင့်လည်းကောင်း၊ လက်ကားဈေး (၁) ဖူးလျှင် အကြီးအသေး အနုအရင့်အပေါ်မူတည်ပြီး ကျပ် ၁၅၀-၂၀၀ ဖြင့်လည်းကောင်း ရောင်းချရကြောင်း၊ ဈေးကွက်အနေဖြင့် ပခုက္ကူ‌ဒေသထွက်ပြောင်းဖူးများကို မြို့ပေါ်ရှိ လုပ်ငန်းရှင်များမှ စိုက်ခင်းအထိ လာရောက်ဝယ်ယူမှုများရှိသည့်အပြင် ရန်ကုန်မြို့သို့ အများဆုံးတင်ပို့ရောင်းချလျက်ရှိပြီး ပြည်တွင်း ဈေးကွက်ခိုင်မာမှုရှိသော သကြားပြောင်းဖူးသီးနှံကို ပိုမိုတိုးချဲ့ စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။

  DOCA (မကွေး)

Local Trade News

Pages