ဆီးသီးအစို/အခြောက်များ အရောင်းအဝယ်ဖြစ်ပြီး ဆီးခွဲစက်များ လည်ပတ်လျက်ရှိ

Tue, 02/20/2024 - 05:02 -- mocadmin

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ မြစ်ခြေ၊ ကမ္မမြို့နယ်များသည် ဆီးပင်များ အများဆုံးပေါက်ရောက်ပြီး ဆီးသီးအစို/အခြောက်များ ထွက်ရှိသော မြို့နယ်များဖြစ်ကာ ပခုက္ကူမြို့ ဈေးကွက်အတွင်းသို့ နေ့စဉ်ဝင်ရောက်လျက်ရှိကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ ပထမပတ်တွင် ဆီးသီးအစို ၁ တင်းလျှင် လက်ကားဈေး ကျပ် ၁၀,၀၀၀၊ လက်လီဈေး ကျပ် ၁၂,၀၀၀၊ ဆီးသီး အခြောက် ၁ တင်းလျှင် ကျပ် ၁၃,၀၀၀၊ ဆီးဆံ တစ်ပိဿာလျှင် ကျပ် ၅၅,၀၀၀ တို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လက ဆီးသီးအစို ၁ တင်းလျှင် ကျပ် ၁၃,၅၀၀-၁၄,၀၀၀၊ ဆီးသီး ခြောက် ၁ တင်းလျှင် ကျပ် ၁၄,၀၀၀၊ ဆီးဆံ ၁ ပိဿာလျှင် ကျပ် ၅၆,၀၀၀-၅၇,၀၀၀ ဖြစ်ခဲ့သော် လည်း ဖေဖော်ဝါရီလဆန်းပိုင်းတွင် ဈေးအနည်းငယ် ကျလာကြောင်း သိရသည်။

   ဆီးသီးပေါ်ချိန်ဖြစ်၍ ဆီးခွဲစက်များလည်း လည်ပတ်လျက်ရှိကြောင်း၊ ဆီးခွဲစက် ၅ လုံးရှိပြီး တစ်ပတ်လျှင် ၃ ရက်ကြိတ်ခွဲရကြောင်း၊ တစ်နေ့လျှင် ဆီးသီးခြောက်ပိဿာ  ၅၀၀ မှ ၇၀၀ အကြား ကြိတ်ခွဲရကြောင်း၊ ဆီးသီးခြောက်များကို ၁ တင်းလျှင် ကျပ် ၁၂,၅၀၀- ၁၃,၅၀၀ ဖြင့် ဝယ်ရပြီး၊ ဆီးသီး ခြောက်ပိဿာ ၁၀၀ ကြိတ်လျှင် ဆီးဆံ ၂၅ ပိဿာထွက်၍ ဆီးဆံ ၁ ပိဿာလျှင် ကျပ် ၅၅,၀၀၀ ဈေးရှိသောကြောင့် အမြတ်အစွန်းများ ရရှိကြောင်း၊ ယခင်နှစ်က ဆီးသီးအစို ၁ တင်းလျှင် ကျပ် ၇,၀၀၀၊ ဆီးသီးခြောက် ၁ တင်းလျှင် ကျပ် ၁၁,၀၀၀ ၊ ဆီးဆံတစ်ပိဿာလျှင် ကျပ် ၂၆,၀၀၀ - ၂၈,၀၀၀ ဖြစ်၍ ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် ယခုနှစ်ပို၍ အမြတ်အစွန်းရရှိကြောင်း၊ ကြိတ်ခွဲရရှိလာ သောခွဲခြမ်းများမှာ တစ်ပိဿာလျှင် ကျပ် ၅,၀၀၀ ဈေးရှိသောကြောင့် တွက်ချေကိုက်၍ ပို၍လည် ပတ်နိုင်ကြောင်းနှင့် အခြားဆီးခွဲစက်များလည်း အလားတူလည်ပတ်လျက်ရှိကြောင်း၊ ဆီးပင်မှာ တစ်ပင်လုံး အသုံးဝင်သောကြောင့် ယခုအချိန်တွင် သဘာဝအလျောက်ပေါက်ရောက်သည့် အပင် များအပြင် လယ်မြေများတွင် တိုးချဲ့စိုက်ပျိုးလာကြကြောင်း၊ ဆီးဆံမှာ ဆေးဖက်ဝင်၍ ပြည်ပသို့ တင်ပို့နေရသောကြောင့် ကုန်ချောအဖြစ်ထုတ်လုပ်နိုင်ပါက ပြည်တွင်းကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုး တက်မှုအတွက် ပိုမိုအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

DOCA (မကွေး)

Local Trade News

Pages