ကျောက်ဆည်ခရိုင်၌ကြက်သွန်နီမျိုးစေ့စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

Tue, 01/30/2024 - 04:24 -- mocadmin

   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် စိုက်ပျိုးရေးအခြေခံ၍ သီးနှံမျိုးစုံ စိုက်ပျိုး လျက်ရှိပြီး စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်သီးနှံကို မြစ်သားမြို့နယ်တွင် အများဆုံး စိုက်ပျိုးလျက်ရှိကြောင်း၊ ကြက်သွန်သီးနှံစိုက်ပျိုးရန် မျိုးစေ့အတွက် တောင်သူများမှ မျိုးစေ့ထုတ် ကြက်သွန်နီများကို သီးသန့်စိုက်ပျိုးကြပြီး ကြက်သွန်မျိုးစေ့ထုတ် စိုက်ပျိုးရန်အတွက် တစ်ဧကလျှင် မျိုးကောင်းမျိုးသန့် ဥချောမျိုး ပိဿာ ၆၀၀ ခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် မျိုးစေ့ထုတ် ကြက်သွန်နီဥများကို ဒီဇင်ဘာလဆန်းပိုင်းတွင် စတင်စိုက်ပျိုးကြ၍ စိုက်ပျိုးပြီး ၄ လအကြာ ဧပြီလ တွင် မျိုးစေ့ (မျိုးနှံ) များကို စတင်ရိတ်သိမ်းရကြောင်း၊ ကြက်သွန်မျိုးစိုက်ပျိုးမှု ကုန်ကျစရိတ် အနေ ဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း ၁,၅၀၀,၀၀၀-၂,၀၀၀,၀၀၀ ကျပ်ခန့် ကုန်ကျ ကြောင်း၊ လက်ရှိအချိန်တွင် ကြက်သွန်နီမျိုးစေ့စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

   ကျောက်ဆည်ခရိုင်အနေဖြင့် ကြက်သွန်နီမျိုးစေ့များကို စီးပွားဖြစ်ရောင်းချရန် စိုက်ပျိုးခြင်း မဟုတ်ဘဲ ဒေသတွင်း ကြက်သွန်နီ စိုက်ပျိုးတောင်သူများမှ မျိုးအတွက်သော်လည်းကောင်း၊ တောင်သူပွဲစားများမှ မျိုးပြန်လည်ရောင်းချရန်အတွက်သော်လည်းကောင်း လာရောက်ဝယ်ယူကြ ကြောင်း ကြက်သွန်နီမျိုးစေ့စိုက်ပျိုးသည့် တောင်သူတစ်ဦးထံမှ သိရသည်။

DOCA (မန္တလေး)

Local Trade News

Pages