အိန္ဒိယမှ ကြက်သွန်နီ တန်ချိန် ၅၂, ၀၀၀ တင်သွင်းမည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ

Tue, 12/26/2023 - 04:40 -- wtodep

ဘင်္ဂလားဒေ့ရှ်အစိုးရသည် ပြည်တွင်း၏ အဓိကမီးဖိုချောင်ပစ္စည်းဖြစ်သည့် ကြက်သွန်နီဈေးနှုန်းကိုလျှော့ချရန် အိန္ဒိယမှ တန်ချိန် ၅၂,၀၀၀ တင်သွင်းမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၁၀ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာ Bangladesh Sangbad sangstha (BSS) က ဖော်ပြထားပါသည်။

အဆိုပါကိစ္စအား ကူညီဆောင်ရွက်ပေးပါရန် ဘင်္ဂလားဒေ့ရှ် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အစိုးရအဖွဲ့သို့ ညှိနှိုင်းအကြောင်း ကြားထားပြီး ကြက်သွန်နီကို သင့်လျော်သောဈေးနှုန်းဖြင့်ရောင်းချနိုင်ရေး အဆိုပါဌာနများက စောင့်ကြပ်ကြည့်ရှုပြီး ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ဒီဇင်ဘာလ ၇ ရက်နေ့က ကြက်သွန်နီတင်ပို့မှုကို အိန္ဒိယမှတားမြစ်ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်၌ ကြက်သွန်နီဈေးသည် တရှိန်ထိုး တက်ခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ်က အဆိုပါကိစ္စမတိုင်မီ အိန္ဒိယထံမှ ကြက်သွန်နီတန်ချိန် ၅၂,၀၀၀ တင်သွင်းနိုင်ရေး Letter of Credit (LC) ဖွင့်လှစ်ဆောင် ရွက်ခဲ့ပါသည်။

ထို့ကြောင့် LC ဖွင့်လှစ်ထားသော ကြက်သွန်နီတန်ချိန်အား ဆောလျင်စွာတင်သွင်းနိုင်ရေး ဘင်္ဂလားဒေ့ရှ်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အိန္ဒိယနှင့်ချိတ်ဆက်ဆောင်ရွက်နေကြောင်း၊ ကြက်သွန်နီဈေးကျရန် ဆောင်ရွက်မှုများတွင် အခြားရင်းမြစ်များမှလည်း ဝယ်ယူရေးပါဝင်ကြောင်း၊ လက်ရှိတွင် ပြည်နယ်များ၌ သင့်လျော်သောဈေးနှုန်းဖြင့်သာရောင်းချရန် စောင့်ကြည့်နေကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များကို ခေါ်ယူတွေ့ဆုံ၍ အဓိကကုန်စည်များအပေါ် ဈေးနှုန်းမတက်ရေးမှာကြားထားကြောင်း ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် Tapan Kanti Ghosh က BSS သတင်းဌာနသို့ ပြောကြားခဲ့သည်။

အမျိုးသားဝင်ငွေခွန်ဌာန (National Board of Revenue) က ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတစ်ခုတွင် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Tapan က တစ်ရက်အတွင်း တာကာ ၈၀ တက်သွားသော ကြက်သွန်နီဈေးနှုန်းအပေါ် မေးခွန်းထုတ်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များ၏ ကိုယ်ကျင့်တရားကို ထောက်ပြသကဲ့သို့ အမျိုးသားစားသုံးသူအကာအကွယ် ပေးရေးညွှန်ကြားမှုဦးစီးဌာန (Directorate of National Consumer Rights Protection) က တစ်နိုင်ငံလုံး၌ ကြက်သွန်နီ အပါအဝင် အဓိကကုန်စည်များအပေါ် ဈေးနှုန်းထိန်းညှိနိုင်ရေးလိုအပ် သောနည်းလမ်းများ ဆောင်ရွက်နေပြီဖြစ်ကြောင်း အသိပေးခဲ့ပါသည်။

Source: Bangladesh Sangbad sangstha (BSS)

International Trade News

Pages