အိန္ဒိယနိုင်ငံနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) တို့သည် နှစ်နိုင်ငံကုန်သွယ်မှု ဆက်ဆံရေးကို ပိုမိုအားကောင်းလာစေရန် စာချုပ် (၈) ခု ချုပ်ဆို

Fri, 02/23/2024 - 03:12 -- wtodep

အိန္ဒိယနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) တို့သည် ကုန်သွယ်မှုဆက်ဆံရေးကို မြှင့်တင်ရန် နှစ်နိုင်ငံရင်းနှီးမြုပ်နှံမှုစာချုပ်နှင့် ဥရောပသို့ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုစင်္ကြံ တည်ဆောက်ရေး အပါအဝင် စာချုပ် (၈) ခုကို အိန္ဒိယဝန်ကြီးချုပ် Narendra Modi ၏ UAE ခရီးစဉ် အတွင်း ချုပ်ဆိုခဲ့ပါ သည်။

အဆိုပါစာချုပ်များသည် အရေးကြီးသောကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်၊ ဒေသတွင်းချိတ်ဆက်မှုတိုးတက်စေရန်နှင့် စီးပွားရေးတိုးတက်စေရန် ရည်ရွယ်ခြင်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရန်၊ လျှပ်စစ်ဓာတ်အားရောင်းဝယ်ရေးနှင့် ဒီဂျစ်တယ် ငွေပေးချေမှုပလက်ဖောင်းကိစ္စများ ပါဝင်ပါသည်။

ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူစာချုပ်မှာ အိန္ဒိယနှင့်UAE အကြား ၂၀၁၆ ခုနှစ်ကတည်းက ဆွေးနွေးခဲ့ ခြင်းဖြစ်ပါသည်။ လက်ရှိတွင် UAE သည် အိန္ဒိယ၏ စတုတ္ထမြောက်အကြီးဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နိုင်ငံနှင့် တတိယအကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏသည် ဒေါ်လာ ၈၅ ဘီလီယံအထိ မြင့်တက်ခဲ့ပါသည်။

လက်မှတ်ရေးထိုးခဲ့သော စာချုပ်များအနက် ဥရောပသို့ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုစင်္ကြံ တည်ဆောက်ရေးသဘောတူညီချက်မှာ အထင်ရှားဆုံးဖြစ်ပြီး အိန္ဒိယမှအာရေဗျပင်လယ်ကိုဖြတ်၍ ယူအေအီးမှတဆင့် ဆော်ဒီအာရေဗျ၊ ဂျော်ဒန်နှင့် အစ္စရေးတို့ကို ဖြတ်သန်းကာ ဥရောပသို့ ဦးတည်ကြောင်း ဖော်ပြထားပါသည်။

သဘောတူညီချက်များတွင် ဆိပ်ကမ်းအခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းအင်ကုန်သွယ်မှု၊ ဒီဂျစ်တယ်ငွေပေးချေမှု ပလက်ဖောင်းများ အပြန်အလှန်ချိတ်ဆက်ခြင်းနှင့် အိန္ဒိယ-အရှေ့ အလယ်ပိုင်း စီးပွားရေးစင်္ကြံဆိုင်ရာ အစိုးရပိုင်းမူဘောင် သဘောတူညီချက်များလည်း ပါဝင်ပါသည်။ စွမ်းအင်၊ ဒီဂျစ်တယ်အခြေခံအဆောက်အဦစီမံကိန်းများ၊ ယဉ်ကျေးမှု၊ အမွေအနှစ်များနှင့် ပြတိုက်များဆိုင်ရာ သဘောတူညီချက်များကိုလည်း လက်မှတ်ရေးထိုးခဲ့ပါသည်။

အဆိုပါစာချုပ်များကို လက်မှတ်ရေးထိုးခြင်းသည် နှစ်နိုင်ငံဆက်ဆံရေးအတွက် အရေးပါသောမှတ်တိုင်တစ်ခုဖြစ်ပြီး အထူးသဖြင့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးစင်္ကြံသည် အိန္ဒိယနိုင်ငံမှ ဥရောပ နှင့် ကမ္ဘာ့ဈေးကွက်သို့ ဝင်ရောက်စေနိုင်သည့် မဟာဗျူဟာမြောက် တံခါးပေါက်တစ်ခုဖြစ်လာပါသည်။ နိဂုံးချုပ်အနေဖြင့် နှစ်နိုင်ငံစလုံးအတွက် စီးပွားရေးတိုးတက်မှုနှင့် သာယာဝပြောရေးကို ဦးတည်လာ မည်ဟု BNN Correspondent သတင်းစာတွင် ဖော်ပြထားပါသည်။

Source: https://bnnbreaking.com

International Trade News

Pages