ရေရှည်တည်တံ့သောမွေးမြူရေးသို့ ကူးပြောင်းရေးကမ္ဘာ့ညီလာခံကို ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (Food and Agriculture Organization – FAO) က ပထမဆုံးအကြိမ် ဦးဆောင်ကျင်းပ

Tue, 10/03/2023 - 03:44 -- wtodep

ပတ်ဝန်းကျင်နှင့်လူမှုဘဝထိခိုက်မှုနည်းပြီး စီးပွားရေးအကျိုးအမြတ်များ မျှတစွာကျန်ရှိနိုင်မည့် ထုတ်လုပ်မှုဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့သည် ပထမဆုံးအကြိမ် ရေရှည်တည်တံ့သော မွေးမြူရေးသို့ကူးပြောင်းရေး ကမ္ဘာ့ညီလာခံကိုအီတလီနိုင်ငံ၊ ရောမမြို့တွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့မှ စ၍ ၃ ရက်ကြာကျင်းပခဲ့ပါသည်။

ညီလာခံသို့ အသေးစားလယ်သမားများ(small scale farmers) အပါအဝင် ကမ္ဘာနှင့်အဝှမ်း ကဏ္ဍစုံမှပါဝင်ပတ်သက်သူများ တက်ရောက်ခဲ့ကြပါသည်။ ညွှန်ကြားရေးမှူးချုပ် Mr. QU Dongyu ၏ အဖွင့်အမှာစကားတွင် မွေးမြူရေးထုတ်ကုန်များသည် လူတိုင်းအတွက် လိုအပ်သောအာဟာရများ ဖြည့်တင်းရန်နှင့် ကမ္ဘာ့လူနေမှုဘဝမြှင့်တင်ရေးနှင့် စီးပွားရေးအခွင့်အလမ်းများအတွက် အရေးကြီးပါကြောင်း၊ ထိရောက်သောမွေးမြူရေးထုတ်ကုန်များထုတ်လုပ်ရာတွင် စားသောက်ကုန် ကုန်ကြမ်းကိုအများဆုံးပမာဏဖြင့် ထုတ်လုပ်နိုင်ခြင်း ၊ စားသောက်ကုန်ကြမ်းဆုံးရှုံးခြင်းနှင့် လေလွင့်ခြင်းကိုလျှော့ချနိုင်ခြင်း ၊ အာဟာရပါဝင်မှုမြှင့်တင်နိုင်ခြင်း တို့လိုအပ်ကြောင်း ၊ ယင်းသို့ ထုတ်လုပ်နိုင်ပါက မျိုးရိုးဗီဇကွဲပြားခြင်း ၊ မြေယာနှင့်ရေအရင်းအမြစ်စသည့် ဖိအားများကို လျှော့ချစေနိုင်သလို အစိမ်းရောင်ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချနိုင်ခြင်း ၊ သဘာဝပတ်ဝန်းကျင် ဆုတ်ယုတ်နေမှုများကို ဖြေရှင်းပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိစေနိုင်ကြောင်း၊ ကမ္ဘာ့ကလေးငယ်အများစုမှာ နို့မသောက်နိုင်သောကြောင့် တိရစ္ဆာန်မှပရိုတင်းထုတ်ကုန်များ ထုတ်လုပ်သူများကို အသိအမှတ်ပြုပြီး ၎င်းတို့အခက်အခဲများကို ဖြေရှင်းပေးရန်လိုကြောင်း၊ တိရစ္ဆာန်မှတစ်ဆင့်ကူးစက်သောရောဂါများနှင့် ပိုးသတ်ဆေးယဉ်ပါးသောကိစ္စများ၏ အန္တရာယ်ကို ပူးပေါင်းဖြေရှင်းရန်လိုအပ်ကြောင်း ၊ ယခုညီလာခံနှင့်အပြိုင် “ ရေရှည်တည်တံ့သော မွေးမြူရေးသို့ ကူးပြောင်းရေး ” လူငယ်စကားဝိုင်းကိုမြေထဲပင်လယ်ဒေသတွင်း တက္ကသိုလ်များသမဂ္ဂနှင့်ပူးပေါင်း၍ ကျင်းပလျက်ရှိပြီး တိရစ္ဆာန်မွေးမြူရေးကဏ္ဍရှိ လူငယ်များ၏ စွမ်းဆောင်ရည်မြှင့်တင်ရန်နှင့် အခွင့်အရေးများအကြောင်း ဆွေးနွေးနေပါကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့၊ တိရစ္ဆာန်ထုတ်လုပ်ရေးနှင့်ကျန်းမာရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ThanawanTiensin က လက်ရှိဆောင်ရွက်နေသော တိရစ္ဆာန်မွေးမြူရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အစီအစဉ်များကို ရှင်းလင်းခဲ့ပါသည်။

အင်ဒိုနီးရှားနိုင်ငံစိုက်ပျိုးရေးဝန်ကြီးဌာန ၊ ဝန်ကြီးSyahrul Yasin Limpo ၊ ဆိုမာလီးယားနိုင်ငံ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ ဝန်ကြီးSiad Hussein Lid ၊ ဥရုဂွေးနိုင်ငံမွေးမြူရေး၊ စိုက်ပျိုးရေးနှင့်ငါးသယံဇာတဝန်ကြီးဌာန၊ ဝန်ကြီး Fernando Mattos၊ လာအိုနိုင်ငံ၊ စိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ThongphatVongmanyနှင့် ဩစတြေးလျ ၊ ဘရာဇီး၊ နယူးဇီလန်၊ ဆော်ဒီအာရေဗျနှင့်ဆွစ်ဇာလန်တို့မှ အဆင့်မြင့်အရာရှိကြီးများလည်း ဆွေးနွေးပွဲတွင်ပါဝင်ခဲ့ကြပါသည်။

တိရစ္ဆာန်အစာနှင့် မျိုးရိုးဗီဇ ၊ တိရိစ္ဆာန်ကျန်းမာရေးနှင့်ပျော်ရွှင်ရေး ၊ လူသားအာဟာရ ၊ ဆဲလ်အခြေခံထုတ်လုပ်ထားသော စားသောက်ကုန်များ ၊ နည်းပညာနှင့်တီထွင်မှု ၊ ရာသီဥတုဖောက်ပြန်ခြင်းကို သက်သာလျော့ပါးစေခြင်းနှင့် လိုက်လျောညီထွေ ဖြစ်စေမည့်နည်းလမ်းများ ၊ သဘာဝရင်း မြစ်စီမံခန့်ခွဲမှုနှင့် အစိမ်းရောင်ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုစသည့် ခေါင်းစဉ်များအပေါ် ဆွေးနွေးကြပါသည်။ ဆွေးနွေးရရှိချက်များကို ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့၏ လယ်ယာကော်မတီအောက်ရှိ မွေးမြူရေးဆပ်ကော်မတီအစည်းအဝေးသို့ တင်ပြသွားမည်ဖြစ်ပြီး တိကျသောစည်းမျဉ်းများ ၊ အဓိကထားဆောင်ရွက်မည့် နည်းလမ်းများကိုရရှိရေး ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ယခုညီလာခံဖွင့်ပွဲနှင့်အတူ “ ရေရှည်တည်တံ့သော မွေးမြူရေးသို့ကူးပြောင်းရေးနှင့်ရေရှည်တည်တံ့ သောစက်မှုလယ်ယာပူးတွဲပြပွဲ ” တစ်ခုကိုလည်းဖွင့်ပွဲနေ့က ကျင်းပခဲ့ကြောင်းသိရှိရပါသည်။

Source :        FAO

International Trade News

Pages