ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ (၁၃) ကြိမ်မြောက်ဝန်ကြီးအဆင့်ညီလာခံတွင် ငါးလုပ်ငန်းအထောက်အပံ့ဆိုင်ရာ ရလဒ်များ ထွက်ပေါ်ရေး ပိုမိုကြိုးပမ်းအားထုတ်ရန် အဖွဲ့ဝင်နိုင်ငံများက တောင်းဆိုထား

Fri, 12/22/2023 - 04:57 -- wtodep

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၂ ခုနှစ်အတွက်  နောက်ဆုံးအကြိမ် ငါးလုပ်ငန်း ဆိုင်ရာညှိနှိုင်းမှု ရက်သတ္တပတ်အစည်းအဝေးအပြီးတွင် မူလကမျှော်လင့်ထားသကဲ့သို့ ညှိနှိုင်းဆွေးနွေးမှုများ အပြီးသတ်နိုင်ခဲ့ခြင်းမရှိသောကြောင့် ဆက်လက်ညှိနှိုင်းသွားရန်နှင့် ၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလတွင် ကျင်းပပြုလုပ်မည့် (၁၃) ကြိမ်မြောက် ဝန်ကြီး အဆင့်ညီလာခံ (MC13) တွင် ညှိနှိုင်းမှုများ အောင်မြင်စွာအပြီးသတ်နိုင်ရန် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ဝင်များက မျှော်လင့်နေကြပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် NogoziOkonjo-Iweala နှင့် ငါးလုပ်ငန်း အထောက်အပံ့ဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးအဖွဲ့ ဥက္ကဌဖြစ်သူ အိုက်စလန် အမြဲတမ်းကိုယ်စားလှယ် Mr. Einar Gunnarsson တို့က အလွန်အကျွံ ငါးဖမ်းခြင်းဖြစ်စေမည့် အထောက်အပံ့များအပေါ် စည်းကမ်းသစ်များနှင့်ပတ်သက်၍ အဖွဲ့ဝင်များက အပြုသဘော ဆောင်ပါဝင်ခဲ့မှုအပေါ် ချီးကျူး ဂုဏ်ပြုခဲ့ကြပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်က အဖွဲ့ဝင်နိုင်ငံများ၏ အဆိုပြုချက်များကို ပေါင်းကူးပေးခြင်းဖြင့် ရပ်တည်ချက်များ ပိုမိုနီးကပ်လာနိုင်ပါကြောင်း၊ အဆိုပါအခြေအနေသည် မျှော်လင့်ချက်ရှိပြီး အထောက်အကူလည်း ဖြစ်စေနိုင်မှာဖြစ်ကြောင်း၊ ထို့ကြောင့် ရှေ့ဆက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ငါးလုပ်ငန်းအထောက်အပံ့ဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးအဖွဲ့၏ ဥက္ကဌက ကုန်သွယ်မှုညှိနှိုင်းရေးကော်မတီနှင့် အထွေထွေ ကောင်စီတို့ထံတင်ပြရမည့် သဘောတူညီချက် မရရှိသေးသော်လည်း ညှိနှိုင်းမှုအစီရင်ခံစာ တင်ပြသွားမည်ဖြစ်ကြောင်း၊ အချိန်အနည်းငယ်သာ ကျန်ရှိတော့သည့် အတွက် ညှိနှိုင်းရေးမှူးများမှ ပိုမိုကြိုးပမ်းဆောင်ရွက်ရန်နှင့် လာမည့်နှစ်တွင် ငါးလုပ်ငန်းဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများကို ရက်သတ္တပတ်ကြာ ကျင်းပခြင်းအစား လတစ်လလုံး ပြုလုပ်မည်ဖြစ် ကြောင်းပြောကြားခဲ့ပါသည်။

ငါးလုပ်ငန်းအထောက်အပံ့ဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများကို ၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလနှောင်းပိုင်း တွင် ကျင်းပပြုလုပ်မည့် (၁၃) ကြိမ်မြောက်ဝန်ကြီးများအဆင့်ညီလာခံ (MC13) တွင် အပြီးသတ် နိုင်ရေးရည်မှန်းချက်ကို ဂျီနီဗာမြို့တွင် အောက်တိုဘာလ၌ ကျင်းပပြုလုပ်ခဲ့သည့် အဆင့်မြင့် အရာရှိကြီးများအစည်းအဝေး၌ အတည်ပြုခဲ့ပါသည်။

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့မှ ၁၇ ရက်နေ့အထိ ဂျီနီဗာမြို့တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့၏ (၁၂) ကြိမ်မြောက် ဝန်ကြီးအဆင့်ညီလာခံ (MC12) တွင် ကမ္ဘာတဝှမ်း ငါးလျော့နည်း လာစေသည့် အထောက်အပံ့များအား တားဆီးနိုင်ရေး၊ တရားမဝင်ငါးဖမ်းခြင်း (illegal, unreported and unregulated - IUU)၊ အလွန်အကျွံငါးဖမ်းခြင်းနှင့် ပင်လယ်ပြင်တွင် စည်းကမ်း လိုက်နာမှုမရှိသော ငါးဖမ်းမှုများအား အထောက်အပံ့မပေးရေးအတွက် ကဏ္ဍစုံစည်းမျဉ်းများပါဝင်သော ငါးလုပ်ငန်း အထောက်အပံ့ဆိုင်ရာ သဘောတူညီချက်ကို အတည်ပြုခဲ့ပါသည်။ ထို့အပြင် သဘောတူညီချက်အား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး နည်းပညာအကူအညီနှင့်စွမ်းရည်မြှင့်တင်မှုကို အကူအညီပေးမည့်ရန်ပုံငွေတစ်ရပ် ထူထောင်ထားပါသည်။

အဖွဲ့ဝင်နိုင်ငံများမှ လက်ရှိသဘောတူညီချက်အပေါ် ထပ်မံပြင်ဆင် ပြဋ္ဌာန်းလိုသည့်အချက်များ ရရှိနိုင်ရေး ဆက်လက်ညှိနှိုင်း ဆွေးနွေးရန်နှင့် ၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ၌ အာရပ်စော်ဘွားများ ပြည်ထောင်စု ၊ အဘူဒါဘီမြို့၌ ကျင်းပပြုလုပ်မည့် (၁၃) ကြိမ်မြောက် ဝန်ကြီးများအဆင့် ညီလာခံတွင် တင်ပြရန် MC12 ၌ သဘောတူညီခဲ့ပါသည်။

Source:www.wto.org

International Trade News

Pages