မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်၌ ၁၂ ကြိမ်မြောက် မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲ အောင်မြင်စွာ ကျင်းပပြီးစီး

Tue, 12/18/2012 - 05:25 -- Anonymous (not verified)


၂၀၁၂ ခုနှစ်၊ မြန်မာ - တရုတ် နယ်စပ် ကုန်သွယ်ရေးကုန်စည်ပြပွဲ (မူဆယ်) ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၉ ရက်နေ့ နံနက် ၀၉၀၀ ချိန်တွင် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေး ဇုန်၌ ခမ်းနား သိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။

အဆိုပါ ဖွင့်ပွဲ အခမ်းအနားသို့ အရှေ့ မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်စိုး၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာန၊ ဒုတိယ ဝန်ကြီး ဒေါက်တာ ပွင့်ဆန်း၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစိုင်းအောင်မြတ် နှင့် ပြည်နယ် ဝန်ကြီးများ၊ အမျိုးသား လွှတ်တော် နှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ရန်ကုန်မြို့ အခြေစိုက် လာအို သံရုံးမှ သံအမတ်ကြီး မစ္စတာ ဘူကာဂတ် ဆာရာရတ်၊ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ ၊ ယူနန် ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး မစ္စတာ ကောင်းစုရှင်း၊ ရန်ကုန် အခြေစိုက် ဂျပန်နိုင်ငံ ပြည်ပ ကုန်သွယ် ဆက်ဆံရေး အဖွဲ့ (JETRO) မှ ညွှန်ကြားရေးမှူး မစ္စတာ ဖူမီတို တာကာ ဟာရှီ၊ မန္တလေး အခြေစိုက် တရုတ် နိုင်ငံ စီးပွားရေး ကောင်စစ်ဝန် မစ္စတာ လီရန်ဇီကွမ်၊ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်မှ အုပ်ချုပ်ရေးမှူး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့များ၊ နယ်စပ် ကုန်သွယ်ရေး ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် နှင့် ဌာန ဆိုင်ရာများမှ တာဝန် ရှိသူများ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် နှင့် ညီနောင်  အသင်း အဖွဲ့များမှ တာဝန်ရှိ သူများ၊ နှစ်နိုင်ငံ ကုန်သည် လုပ်ငန်းရှင် များနှင့် ဒေသခံ လုပ်သား ပြည်သူများ တက်ရောက် ခဲ့ပါသည်။

တရုတ် ပြည်သူ့ သမ္မတ နိုင်ငံဘက်မှ တယ်ဟုန်တိုင်း၊ ယူနန် ပြည်နယ်၊ ဒုတိယ အုပ်ချုပ်ရေးမှူး မစ္စတာ ကောင်းစုရှင်း၊ ယူနန် ပြည်နယ်၊ ကုန်သွယ်ရေး ဌာန၊ သုတေသီ ချုပ် မစ္စတာ ဝမ်ကျင့်ဝေ၊ တယ်ဟုန် တိုင်းပြည်သူ့ အစိုးရ၊ ဒုတိယ တိုင်းမှူး မစ္စတာ စူးဟုန်တောင့်၊ ယူနန် ပြည်နယ် ကုန်သွယ်ရေး ဌာန၊ တယ်ဟုန် ပြည်နယ်ခွဲ ပါတီ၊ ရွှေလီ ပါတီ ကော်မတီ၊ ရွှေလီမြို့ ပြည်သူ့ အစိုးရ၊ ယူနန် ပြည်နယ် ကုန်သွယ်ရေး တိုးမြှင့်ရေး အသင်း၊ တယ်ဟုန် ပြည်နယ်ခွဲ ကုန်သွယ်ရေး ဌာန၊ ယူနန် ပြည်နယ် နိုင်ငံခြား ဆက်ဆံရေး ဦးစီး ဌာန၊ ယူနန် ပြည်နယ် နယ်စပ် ကာကွယ်ရေး ဦးစီး ဌာန၊ ပိုးမွှား စစ်ဆေးရေး ဌာန၊ တယ်ဟုန် ပြည်နယ် တံခါးဖွင့် စီမံကိန်း၊ သတင်း နှင့် စာအုပ် ထုတ်ဝေရေး ဌာန တို့မှ တာဝန်ရှိ သူများ တက်ရောက် ခဲ့ကြသည်ဟု သတင်းရ ရှိပါသည်။

ဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာန၊ ဒုတိယ ဝန်ကြီး ဒေါက်တာ ပွင့်ဆန်း၊ နယ်စပ် ကုန်သွယ်ရေး ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေး၊ တယ်ဟုန်တိုင်း၊ ယူနန် ပြည်နယ်၊ ဒုတိယ အုပ်ချုပ်ရေးမှူး မစ္စတာ ကောင်းစုရှင်း နှင့် ယူနန် ပြည်နယ်၊ ကုန်သွယ်ရေး ဌာန၊ သုတေသီ ချုပ် မစ္စတာ ဝမ်ကျင့်ဝေ တို့မှ အမှာ စကားများ အသီးသီး မြွတ်ကြားခဲ့ ကြကြောင်း သိရပါသည်။

ထို့နောက် ၂၀၁၂ မြန်မာ - တရုတ် နယ်စပ် ကုန်သွယ်ရေး ကုန်စည် ပြပွဲ ဖွင့်ပွဲ အခမ်းအနားအား နှစ်ဘက် လူကြီးများက ဖဲကြိုးဖြတ် ဖွင့်လှစ် ခဲ့ကြပြီး ခင်းကျင်း ပြသ ထားသော ပြခန်း များအား လှည့်လည် ကြည့်ရှု ခဲ့ကြကြောင်း သိရပါသည်။

ပြပွဲတွင် မြန်မာနိုင်ငံ နှင့် တရုတ် နိုင်ငံမှ ပြခန်း စုစုပေါင်း ၂၃၀ ကျော် ပါဝင် ပြသခဲ့ပြီး မြန်မာ နိုင်ငံ ဘက်မှ ဌာန ဆိုင်ရာများ၊ သမဝါယမ အသင်း အဖွဲ့များ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှု လက်မှု လုပ်ငန်း ရှင်များ အသင်းချုပ် နှင့် ညီနောင် အသင်း အဖွဲ့များ၊ ကုမ္ပဏီများမှ ပါဝင် ပြသခဲ့ ပါသည်။ အဆိုပါ ကုန်စည်ပြပွဲတွင် ပြသ ခဲ့သည့် မြန်မာ့ လယ်ယာ ထွက်ကုန် ပစ္စည်းများ၊ ရေထွက် ကုန်ပစ္စည်းများ၊ သစ် အချော ထည်များ၊ ကျောက်စီ ပန်းချီကားများ၊ ငွေချည် ရွှေချည်ထိုးများ၊ ငွေထည်များ၊ ကျောက်စိမ်း လက်ဝတ် ရတနာများ နှင့် အမှတ်တရ ပစ္စည်းများ၊ အသုံး အဆောင် ပစ္စည်းများ၊ စားသောက်ကုန် များကို တရုတ်နှင့် အိမ်နီးချင်း နိုင်ငံများမှ ကုန်သည် လုပ်ငန်းရှင်များ၊ ပြပွဲလာ ဧည့်သည်တော် များက အထူးပင် စိတ်ဝင် တစား ရှိကြောင်း သိရှိရပါသည်။

ယခုနှစ် ကုန်စည် ပြပွဲတွင် တရုတ် နိုင်ငံဘက်မှ လုပ်ငန်းသုံး မော်တော်ယာဉ် များကို ပြသခဲ့ရာ ပြပွဲသို့ လာရောက်ကြ သူများမှ အထူး စိတ်ဝင် တစား ကြည့်ရှုခဲ့ ကြပါသည်။

ပြပွဲ ဖွင့်ပွဲ အခမ်းအနား အပြီး ၁၀၃၀ နာရီချိန်တွင် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန် အစည်းအဝေးခန်းမ၌ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဒေါက်တာ ပွင့်ဆန်း နှင့် ယူနန် ပြည်နယ်၊ ဒုတိယ အုပ်ချုပ်ရေးမှူး မစ္စတာ ကောင်းစုရှင်း တို့သည် နှစ်နိုင်ငံ ကုန်သွယ်မှု တိုးမြှင့်ရေး ကိစ္စရပ် များကို တွေ့ဆုံ ဆွေးနွေး ခဲ့ကြကြောင်း သိရှိ ရပါသည်။

အဆိုပါနေ့ နေ့လည်ပိုင်း ၁၄၀၀ ချိန်တွင် နယ်စပ် ကုန်သွယ်ရေး ဦးစီး ဌာန၊ ညွှန်ကြားရေးမှူး ချုပ် ဦးခင်မောင်လေး ဦးဆောင်သော မြန်မာ ကိုယ်စားလှယ် အဖွဲ့နှင့် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ ယူနန် ပြည်နယ် ကုန်သွယ်ရေး ဌာနမှ သုတေသီချုပ် မစ္စတာ ဝမ်ကျင့်ဝေ ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့သည် မူဆယ် - နမ့်ခမ်း ကုန်သည် အသင်း ခန်းမ၌ နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်မှု ပူးပေါင်း ညှိနှိုင်းရေး ကော်မတီ (Joint Border Trade Cooperating and Coordinating Committee) အစည်း အဝေးကို ဆက်လက် ကျင်းပ ခဲ့ကြောင်း သိရှိရ ပါသည်။

အဆိုပါ အစည်းအဝေးတွင် နယ်စပ် ကုန်သွယ်ရေးဆိုင်ရာ အထွေထွေ ကိစ္စရပ်များဖြစ်သော စားသုံးသူ ကာကွယ်ရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ၊ လယ်ယာထွက် ကုန် ပစ္စည်းများ ပိုမို တိုးတက် တင်ပို့နိုင်ရေး၊ ယူနန် ပြည်နယ် အပြင် အခြား ပြည်နယ်များမှ ကုန်သည်များ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေး ဇုန်သို့ လာရောက် နိုင်ရေး၊ ဘဏ် လုပ်ငန်းများ အဆင်ပြေ ချောမွေ့ စေရေး၊ မြန်မာ ရွှေ့ပြောင်း အလုပ်သမား များအား ကူညီ စောင့်ရှောက်ရေး၊ စားသောက်ကုန် နှင့် ဆေးဝါးများ အတွက် ထုတ်ဝေ ပေးသည့် ထောက်ခံစာများ အသိ အမှတ် ပြုရေး စသည်တို့ကို ဆွေးနွေးခဲ့ ကြကြောင်း သိရှိရ ပါသည်။

ပြပွဲ ဒုတိယ နေ့ဖြစ်သော ဒီဇင်ဘာ ၁၀ ရက်နေ့တွင် မူဆယ် - နမ့်ခမ်း ကုန်သည် အသင်း အစည်း အဝေး ခန်းမ၌ Business Matching နှင့် မြန်မာ - တရုတ် နှစ်နိုင်ငံ ကုန်ပစ္စည်း အရောင်း အဝယ် စာချုပ် လက်မှတ် ရေးထိုးပွဲ အခမ်း အနားကို ကျင်းပခဲ့ ပါသည်။ အဆိုပါ အခမ်း အနားတွင် မြန်မာ နိုင်ငံ ဘက်မှ နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေး နှင့် တရုတ် နိုင်ငံ ဘက်မှ တယ်ဟုန် ပြည်နယ် အစိုးရ၊ ဒုတိယ အတွင်းဝန်ချုပ် မစ္စတာ စိမ်းဖုန်း တို့မှ အမှာ စကားများ အသီးသီး ပြောကြားခဲ့ပြီး မြန်မာ ကုမ္ပဏီ (၉) ခုနှင့် တရုတ် ကုမ္ပဏီ (၈) ခုတို့မှ မြန်မာ့ပို့ကုန် တန်ဖိုး ကန်ဒေါ်လာ ၁၄၄ သန်းကျော်ဖိုး နှင့် သွင်းကုန် တန်ဖိုး ကန်ဒေါ်လာ ၄၁ သန်း နှင့် ယွမ် ၁၉ သန်းကျော် တန်ဖိုး ရှိသော အရောင်း အဝယ် စာချုပ်များအား ချုပ်ဆိုနိုင်ခဲ့ ပါသည်။

ပြပွဲ တတိယနေ့ ဖြစ်သော ဒီဇင်ဘာလ ၁၁ ရက်နေ့ ၀၉၀၀ ချိန်တွင် မူဆယ် - နမ့်ခမ်း ကုန်သည် အသင်း အစည်း အဝေး ခန်းမ၌ ဒုတိယ အကြိမ် မြန်မာ - တရုတ် နှစ် နိုင်ငံ ကုန်သွယ်မှု မြှင့်တင်ရေး ညှိနှိုင်း ဆွေးနွေး ပွဲအား စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာန၊ ဒုတိယ ဝန်ကြီး ဒေါက်တာ ပွင့်ဆန်း နှင့် တရုတ် နိုင်ငံ ရွှေလီ အထူး တံခါးဖွင့် စီးပွားရေး စမ်းသပ်ဇုန် ဥက္ကဌ (တယ်ဟုန် ပြည်နယ်ခွဲ ပါတီ ဗဟို ကော်မတီ ဒုတိယ ဥက္ကဌ) မစ္စတာ ဝမ်ကျင့်ချန်တို့ ဦးဆောင်၍ ကျင်းပ ပြုလုပ် ခဲ့ကြပြီး ရွှေလီမြို့ နှင့် မူဆယ်မြို့ တို့တွင် အထူး စီးပွားရေး ဇုန် တည်ထောင် အကောင် အထည် ဖော်မည့် ကိစ္စရပ် နှင့် နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်မှု ပိုမို လျင်မြန် တိုးတက် ဆောင်ရွက် နိုင်ရေး ဆိုင်ရာ ကိစ္စရပ် များကို ဆွေးနွေး ညှိနှိုင်းခဲ့ ကြပါသည်။

မြန်မာနိုင်ငံ နှင့် တရုတ် နိုင်ငံတို့သည် ၂၀၀၁ ခုနှစ် မှစ၍ နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေး ကုန်စည် ပြပွဲများကို အိမ်ရှင် နိုင်ငံ အဖြစ် တစ်လှည့်စီ အလှည့်ကျ ကျင်းပ လာခဲ့ရာ ယခု ကျင်းပသော မြန်မာ - တရုတ် နယ်စပ် ကုန်သွယ်ရေး ကုန်စည် ပြပွဲမှာ ၁၂ ကြိမ်ရှိပြီ ဖြစ်ကြောင်း သတင်း ရရှိပါသည်။ 

စုသက်နှင်း