မူပိုင်ခွင့်ဦးစီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအတွက် ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်လှစ်သင်ကြား

Wed, 04/03/2024 - 09:48 -- ipICTdep

နေပြည်တော် ဧပြီလ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနတွင် တာဝန်ထမ်းဆောင် နေသော အရာထမ်း၊ အမှုထမ်းများအတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁ရက်နေ့၊ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၅၂)တွင် ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

   အဆိုပါ သင်တန်းဖွင့်ပွဲတွင် ညွှန်ကြားရေးမှူးချုပ်က ယခုသင်တန်း၏ ရည်ရွယ်ချက်သည် ဝန်ထမ်းများလိုက်နာဆောင်ရွက်ရမည့် နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေပါပြဋ္ဌာန်းချက်များဥပဒေ(၄)ရပ်ကို နားလည်သဘောပေါက်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်မှတ်ပုံတင်ခြင်း လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်ခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန်လိုအပ်မည့်အပြင် ဦးစီးဌာနမှဝန်ထမ်းများအနေဖြင့်လည်း စွမ်းရည်ပြည့်ဝသော ဝန်ထမ်းကောင်းများဖြစ်စေရေး အထူးကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ဦးစီးဌာနမှချမှတ်ထားသည့် မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ရာတွင် အောင်မြင်သည့်အဖွဲ့အစည်းတစ်ခုဖြစ်စေရန် ဝန်ထမ်းအသီးသီး၏ ကြိုးပမ်းမှုဖြင့် ဆောင်ရွက်နိုင်ဓါတ်ကောင်းမွန်ပြီး ထူးချွန်ကြိုးစားသည့် ဝန်ထမ်းကောင်းများအဖြစ် တာဝန်ထမ်းဆောင်ကြစေလိုကြောင်းပြောကြားခဲ့သည်။

   မူပိုင်ခွင့်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူ(၅၂)ဦး တက်ရောက်ခဲ့ကြသည်။ သင်တန်းတွင် မူပိုင်ခွင့်ဦးစီးဌာန၏ ဖွဲ့စည်းပုံနှင့်ဆောင်ရွက်မှုများ၊ နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေအကြောင်း သိကောင်းစရာများ၊ ဘဏ္ဍာရေးဆိုင်ရာသိကောင်းစရာများ၊  မူပိုင်ခွင့်ဥပဒေများနှင့်စပ်လျဉ်းသည့် သိကောင်း စရာများ၊ မူပိုင်ခွင့်မှတ်ပုံတင်ရာတွင် အီလက်ထရောနစ်စနစ် အသုံးပြုမှုဆိုင်ရာ သိကောင်းစရာများနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သိကောင်းစရာများကို ပို့ချသွားမည် ဖြစ်ပြီး သင်တန်းကာလမှာ(၁-၄-၂၀၂၄)ရက်နေ့မှ (၄-၄-၂၀၂၄) ရက်နေ့အထိ (၄)ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ကြောင်းသတင်းရရှိသည်။