မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စုဝန်ကြီး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗိုလ်ချုပ်ကြီးမြထွန်းဦး မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ အစည်းအဝေး(၁/၂၀၂၄)သို့ တက်ရောက်အမှာစကားပြောကြားခြင်း

Thu, 04/25/2024 - 05:10 -- ipICTdep

နေပြည်တော်၊ ဧပြီလ ၂၄

  မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီအစည်းအဝေး(၁/၂၀၂၄)ကို ယနေ့မွန်းလွဲ ၁၃:၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံခန်းမ၌ကျင်းပရာ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗိုလ်ချုပ်ကြီးမြထွန်းဦးတက်ရောက် အမှာစကားပြောကြားသည်။

  အဆိုပါအစည်းအဝေးသို့ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံ၊ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီအဖွဲ့ဝင်များဖြစ်သည့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

 အစည်းအဝေးတွင် မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က မူပိုင်ခွင့်ဥပဒေ (၄)ရပ်အနက် မူပိုင်ခွင့်ဥပဒေ(၃)ရပ်အား အာဏာသက်ဝင်ခဲ့ပြီး မူပိုင်ခွင့်မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်နေပြီဖြစ်၍  နိုင်ငံတော်တွင် မူပိုင်ခွင့်အကာအကွယ်ပေးသည့်စနစ်တစ်ရပ် ပေါ်ပေါက်လာပြီဖြစ်ပါကြောင်း၊မူပိုင်ခွင့်အကာအကွယ်ပေးသည့်စနစ် ပေါ်ပေါက်လာခြင်းဖြင့် နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် အထောက်အကူဖြစ်စေခြင်း၊ လုပ်ငန်းရှင်များအတွက် မူပိုင်ခွင့်အကာအကွယ်ပေးသည့်စနစ်ခိုင်မာလာစေခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများပိုမိုတိုးမြှင့်လာနိုင်စေခြင်း၊ ဆန်းသစ်တီထွင်မှုနှင့်ဖန်တီးမှုများကို မူပိုင်ခွင့်ဖြင့် အကာအကွယ်ပေးခြင်းဖြင့် ဖန်တီးလိုစိတ်မြင့်မားလာစေခြင်းနှင့် အဆင့်မြင့်နည်းပညာများလွှဲပြောင်းရယူနိုင်စေခြင်း၊ ပြည်သူလူထုအတွက် အလုပ်အကိုင်အခွင့်အလမ်းသစ်များ ပေါ်ပေါက်လာနိုင်စေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်တွင် မူပိုင်ခွင့်အကာအကွယ်ပေးသည့်စနစ်ကျင့်သုံးဆောင်ရွက်နိုင်ခြင်းဖြင့် ဆန်းသစ်တီထွင်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားသည့် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍများဖြစ်ပေါ်လာစေရန် အထောက်အကူဖြစ်စေမည်ဖြစ်ပြီး နို်ငငံ၏စီးပွားရေးဖွံဖြိုးတိုးတက်လာစေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဥပဒေများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်တာဝန်ရှိသည့် ဝန်ကြီးဌာနများအပြင် မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီနှင့် မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီများမှာ တာဝန်ပေးအပ်မည့်အစိုးရဌာနများ၊ ပညာရှင်များနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ ကလည်း ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား အကောင်အထည်ဖော်ဆောင်ရွက်နေသော အာဆီယံဒေသတွင်း မူပိုင်ခွင့်ဆိုင်ရာလုပ်ငန်း စီမံချက်ပါလုပ်ငန်းစဉ်များကိုလည်း မြန်မာနိုင်ငံအနေဖြင့် လိုက်ပါအကောင်အထည်ဖော်ဆောင်ရွက်ပြီး ဒေသဆိုင်ရာမူပိုင်ခွင့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများမှာ ဦးဆောင်နိုင်ငံတစ်ခုအဖြစ် ရပ်တည်နိုင်စေရေးအတွက် အထူးကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

 ဆက်လက်၍ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံက မူပိုင်ခွင့်စနစ်ကိုဖွံ့ဖြိုးတိုးတက်စေရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်းကောင်း ၊ အတွင်းရေးမှူးဒုတိယဝန်ကြီး ဦးမင်းမင်းက မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ(၂/၂၀၂၃)အစည်းအဝေးဆုံးဖြတ်ချက်များအပေါ်အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက်တွဲဖက်အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီအစည်းအဝေး(၁/၂၀၂၄)ကြိမ်မြောက် အစည်းအဝေးသို့တင်ပြသည့်အမှာစာများကို ဖတ်ကြားတင်ပြရာမူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီဥက္ကဋ္ဌကအမှာစာများနှင့်စပ်လျဉ်း၍ လိုအပ်သည်များဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။ ထို့နောက်မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။