တက္ကသိုလ်များနှင့် ကောလိပ်များမှ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

Mon, 04/01/2024 - 09:34 -- ipICTdep

နေပြည်တော် မတ်လ ၂၉

   တက္ကသိုလ်များနှင့် ကောလိပ်များမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အတွက် တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့နံနက် ၁၀ နာရီအချိန်တွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၅၂)၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပခဲ့သည်။

   အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိ သူများ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်နှင့် ကောလိပ်များမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်၊ ကောလိပ်၊ သုတေသနဌာနများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၀၀)ဦးခန့်တက်ရောက်ကြသည်။

   ဆွေးနွေးပွဲတွင် မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာနွယ်ရီဝင်းက  မူပိုင်ခွင့် ဥပဒေ(၄)ရပ်ဖြစ်သည့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့် ဥပဒေ၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတို့ကို ၂၀၁၉ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတို့ကိုလည်း ၂၀၂၃ ခုနှစ်တွင် အာဏာသက်ဝင်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေကို လည်း မကြာမီအာဏာသက်ဝင်နိုင်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တီထွင်ဖန်တီးမှု အသစ်များသည် လူသားတို့၏ ဘဝရပ်တည်မှုများအား များစွာအထောက်အပံ့ပေးလျက်ရှိပါကြောင်း၊ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် နိုင်ငံတော်၏ မူဝါဒကို ပြောင်းလဲပြုပြင်ခဲ့ပြီးနောက် တက္ကသိုလ်များ တွင် Technology Licensing Office(TLO)များ ဖွဲ့စည်း၍ သုတေသနပြုလုပ်ခြင်း၊ ဈေးကွက် ရှာဖွေခြင်း၊ နည်းပညာလွှဲပြောင်းခြင်း (Tech transfer)များ ပြုလုပ်နိုင်ခဲ့ပါကြောင်း၊ ထို့အပြင် SME လုပ်ငန်းများအတွက် လိုအပ်သော နည်းပညာများ ပြုလုပ်ပေးနိုင်ခဲ့ခြင်းတို့ကြောင့် ဝင်ငွေများစွာရရှိ နိုင်မည်ဖြစ်ပါကြောင်း၊ တီထွင်မှုမူပိုင်ခွင့်စနစ်သည် စက်မှုလုပ်ငန်းသစ်များဖွံ့ဖြိုး တိုးတက်ရေးနှင့် အလုပ်အကိုင်ဖန်တီးရေးတို့ကိုလည်း မြှင့်တင်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ တီထွင်မှုမူပိုင်ခွင့်ပိုင်ရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များသည် စျေးကွက်ဝေစုရရှိနိုင်ရေး ၎င်းတို့၏ထုတ်ကုန်များကို စဉ်ဆက်မပြတ်ပေါ်ထွန်းလာနိုင်ရန် သုတေသနနှင့် တီထွင်ဆန်းသစ်မှုအဖွဲ့အစည်းများတွင်ရင်းနှီးမြှုပ်နှံခြင်းဖြင့် သုတေသနကဏ္ဍသည် မူပိုင်ခွင့်စနစ်အတွက်သာမက စီးပွားရေးတိုးတက်မှုအတွက်လည်း လွန်စွာအရေးပါလျက်ရှိပါကြောင်း ပြောကြားခဲ့သည်။

    ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာန၊ တီထွင်မှုမူပိုင်ခွင့်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာပွင့်ဖြိုးဝင်းက တီထွင်မှုမူပိုင်ခွင့်စနစ်နှင့်စပ်လျဉ်း၍ လည်းကောင်း၊ တီထွင်မှုမူပိုင်ခွင့်ကို အသုံးပြု၍ နည်းပညာအချက်အလက်များရှာဖွေခြင်းနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခြင်းများအပေါ် သက်ဆိုင်ရာဘာသာရပ်တာဝန်ခံက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။