စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အရာထမ်းများအတွက် စေ့စပ်ညှိနှိုင်းဖြေရှင်းခြင်းဆိုင်ရာ သိကောင်းစရာများ၊ လက်တွေ့လုပ်ဆောင်ခြင်းများနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲကျင်းပ

Tue, 03/05/2024 - 04:28 -- ipICTdep

နေပြည်တော်၊ မတ်လ

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အရာထမ်းများအတွက် စေ့စပ်ညှိနှိုင်း ဖြေရှင်းခြင်းဆိုင်ရာသိကောင်းစရာများ၊ လက်တွေ့လုပ်ဆောင်ခြင်းများနှင့်စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးပွဲကို မတ်လ ၄ ရက်နေ့နံနက် ၁၀ နာရီ အချိန်တွင် နေပြည်တော်ရှိ ရုံးအမှတ် (၅၂)၊ မူပိုင်ခွင့်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့်ကျင်းပရာ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ် တက်ရောက်အမှာစကားပြောကြားသည်။

  ဆက်လက်၍ အသိပညာပေးဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနများမှ အရာထမ်းများတက်ရောက်ကြသည်။

  အဆိုပါဆွေးနွေးပွဲတွင် မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် စေ့စပ်ညှိနှိုင်းဖြေရှင်းခြင်းနှင့်စပ်လျဉ်းပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရှိ ဝန်ထမ်းများ စားသုံးသူကာကွယ်ရေးဥပဒေအရ စေ့စပ်ညှိနှိုင်းဖြေရှင်းခြင်းလုပ်ငန်းများ လုပ်ဆောင်နေသည့် ဝန်ထမ်းများကို မြန်မာနိုင်ငံတွင် ကျင့်သုံးနေသည့် စေ့စပ်ညှိနှိုင်းဖြေရှင်း ခြင်းနည်းလမ်းများနှင့် နိုင်ငံတကာ၌ ကျင့်သုံးလျက်ရှိသည့် နည်းလမ်းများကို သိရှိနိုင်စေရန် ရည်ရွယ်ပြီး ကျင်းပရခြင်းဖြစ်ပါကြောင်း၊ စေ့စပ်ညှိနှိုင်းဖြေရှင်းခြင်းနည်းလမ်းကို  ဖြေရှင်းခြင်း အားဖြင့် အချိန်ကုန်သက်သာခြင်း၊ ကုန်ကျစရိတ်သက်သာခြင်းနှင့်  ကိုယ်တိုင်ပါဝင်ဆောင်ရွက်ရ သည့်အတွက် စိတ်ကျေနပ်မှုရရှိစေခြင်း၊ တရားစွဲဆိုခြင်းနည်းလမ်းအပြင် နှစ်ဦးနှစ်ဖက်ချစ်ကြည်စွာ ဖြေရှင်းခြင်းနှင့် အနုညာတစီရင်ဆုံးဖြတ်ခြင်းများဖြင့် ဆောင်ရွက်နိုင်ပါကြောင်း၊ မူပိုင်ခွင့်ဥပဒေများ အာဏာသက်ဝင်လာပြီဖြစ်သည့်အတွက် ဖြစ်ပေါ်လာမည့် မူပိုင်ခွင့်ဆိုင်ရာအငြင်းပွားမှုများကို ဖြေရှင်းဆောင်ရွက်ရာတွင် အဆိုပါနည်းလမ်းများအသုံးပြုနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း၊ ယခုဆွေးနွေးပွဲမှ မြန်မာနိုင်ငံတွင် ကျင့်သုံးလျက်ရှိသည့် တရားရုံးက ဦးဆောင်သည့် စေ့စပ်ညှိနှိုင်းဖြေရှင်းခြင်းနည်းလမ်းများ၊ နိုင်ငံတကာတွင် ကျင့်သုံးနေသည့် မူပိုင်ခွင့်ဆိုင်ရာ စေ့စပ်ညှိနှိုင်းဖြေရှင်းခြင်းအလေ့အထများ၊ စေ့စပ်ညှိနှိုင်းပေးသူအနေဖြင့် ရှိသင့်ရှိထိုက်သည့် ကျင့်ဝတ်များသိရှိနားလည်နိုင်မည်ဖြစ်ပါကြောင်း၊ ယခုဆွေးနွေးပွဲမှ ရရှိလာသည့် အသိပညာအတွေ့အကြုံများကို အခြေခံပြီး မိမိတို့ဆောင်ရွက်နေသည့် အငြင်းပွားမှုများကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြခြင်းအားဖြင့် အောင်မြင်သော စေ့စပ်ညှိနှိုင်းဖြေရှင်းခြင်းရလဒ်များ ဖြစ်ပေါ်လာမှာ ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

  ထို့နောက် စေ့စပ်ညှိနှိုင်းဖြေရှင်းခြင်းနည်းလမ်းအား နိုင်ငံတကာတွင် ကျင့်သုံးဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ မူပိုင်ခွင့်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနှင်းနွယ်အေးမှ လည်းကောင်း၊ တရားရုံးကဦးဆောင်သော စေ့စပ်ညှိနှိုင်းဖြေရှင်းရေးလုပ်ငန်းများအကြောင်း နှင့်စပ်လျဉ်း၍ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါက်တာသိမ့်သိမ့်ထွေး မှလည်းကောင်း၊ မြန်မာနိုင်ငံတွင် ကျင့်သုံးလျက်ရှိသည့် စေ့စပ်ညှိနှိုင်းဖြေရှင်းခြင်းအကြောင်း သိကောင်းစရာများနှင့်စပ်လျဉ်း၍ ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်ခင်မြတ်မွန်မှလည်းကောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါ အသိပညာပေးဆွေးနွေးပွဲ သို့ တက်ရောက်လာသည့် အရာထမ်းများမှ သိလိုသမျှမေးမြန်းခဲ့မှုအပေါ် တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး ဆွေးနွေးပွဲကို နေ့လယ် (၁၅:၅၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။