စက်မှုဒီဇိုင်းမှတ်ပုံတင်ကိုယ်စားလှယ်များအတွက် စက်မှုဒီဇိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ မွမ်းမံသင်တန်းကျင်းပ

Fri, 03/08/2024 - 07:41 -- ipICTdep

နေပြည်တော်၊ မတ်လ

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် စက်မှုဒီဇိုင်းမှတ်ပုံတင်ကိုယ်စားလှယ်များအတွက် စက်မှုဒီဇိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ မွမ်းမံသင်တန်းကို မတ်လ ၈ ရက်နေ့နံနက် ၁၀ နာရီ အချိန်တွင် နေပြည်တော်ရှိ ရုံးအမှတ် (၅၂)၊ မူပိုင်ခွင့်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပရာ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား) ညွှန်ကြားရေးမှူး ဒေါက်တာခင်စန္ဒာဝင်းက တက်ရောက်အမှာစကားပြောကြားသည်။ဆက်လက်၍ စက်မှုဒီဇိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ မွမ်းမံသင်တန်းသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ စက်မှုဒီဇိုင်းမှတ်ပုံတင်ကိုယ်စားလှယ်များ၊ စုစုပေါင်း(၁၀၀)ဦး တက်ရောက်ကြသည်။

   အဆိုပါ မွမ်းမံသင်တန်းတွင် မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးက အဖွင့်အမှာစကားပြောကြားရာတွင် စက်မှုဒီဇိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်း (၁/၂၀၂၃)ကို တက်ရောက်အောင်မြင်ခဲ့သည့် ကိုယ်စားလှယ်များအတွက် စက်မှုဒီဇိုင်းမှတ်ပုံတင်ခြင်း၊ အွန်လိုင်းမှလျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ ကြုံတွေ့ရသည့်အခက်အခဲများ၊ ဥပဒေ၊ နည်းဥပဒေပါ ဖော်ပြချက်များ၊ သတ်မှတ်ချက်များ၊ လျှောက်ထားနိုင်သည့်နည်းလမ်းများနှင့် သတိပြုရမည့်အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးနိုင်ရန်ကျင်းပရခြင်းဖြစ်ပါကြောင်း၊ မှတ်ပုံတင်ကိုယ်စားလှယ်များအနေဖြင့်စက်မှုဒီဇိုင်းမှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ သိရှိနားလည်သဘောပေါက်ထားမှသာလျှင် လျှောက်ထားခြင်းများကို အမှားနည်းစွာနှင့်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ဦးစီးဌာနအနေဖြင့်လည်း မှတ်ပုံတင်လျှောက်လွှာများကို အချိန်နှင့်တစ်ပြေးညီ စစ်ဆေးဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ မူပိုင်ခွင့်စနစ်တစ်ရပ်တည်ထောင်နိုင်ရန် ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍသည်လည်းအရေးကြီးသည့်အခန်းကဏ္ဍမှပါဝင်ကြောင်းနှင့် မိမိတို့ဦးစီးဌာန နှင့်  မူပိုင်ခွင့်မှတ်ပုံတင်ကိုယ်စားလှယ်များ ရေရှည်လက်တွဲပူးပေါင်းလုပ်ဆောင်သွားခြင်းဖြင့် မူပိုင်ခွင့်စနစ်ကိုအောင်မြင်စွာလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

   ထို့နောက် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်စန္ဒာဝင်းက စက်မှုဒီဇိုင်းမူပိုင်ခွင့်မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း၊ အိုင်တီဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရည်မွန်လှိုင်က အွန်လိုင်းလျှောက်ထားခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းသင်ကြားခဲ့ပြီး၊ အဆိုပါ မွမ်းမံသင်တန်းသို့တက်ရောက်လာသည့် ကိုယ်စားလှယ်များမှ သိရှိလိုသည်များ မေးမြန်းခဲ့မှုအပေါ် တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး အဆိုပါ မွမ်းမံသင်တန်းကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။