စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း စားသုံးဆီသိုလှောင်ကန် များမှ ဆီဖြန့်ဖြူးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး စားသုံးဆီတင်သွင်းသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

Mon, 07/11/2022 - 03:27 -- mocadmin

    ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည်  ရန်ကုန်မြို့ ကမ်းနားလမ်းရှိ Six Winners Brothers ကုမ္ပဏီလီမိတက်၏ ဆီသိုလှောင်ကန်များ၌ စားအုန်းဆီသိုလှောင်ထားရှိမှုအခြေအနေများ၊ ဖြန့်ဖြူးမှုအခြေအနေ၊ 18 Liter ပုံးများဖြင့် ဘူးသွင်းထုတ်လုပ်မှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး နံနက် (၁၀:၃၀) နာရီအချိန်တွင် ရန်ကုန်မြို့၊ ကမ်းနားလမ်းရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးခွဲ၊ ပဉ္ဓမထပ်အစည်းအဝေးခန်းမတွင် စားအုန်းဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူများ၊ စားသုံးဆီတင်သွင်းသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

    အဆိုပါတွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ ပြည်ပမှ တင်သွင်းသည့်စားအုန်းဆီများကို စနစ်တကျတင်သွင်း၊ ဖြန့်ဖြူးရောင်းချနိုင်ရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လာမည့်ဘဏ္ဍာနှစ်မှစ၍ ဈေးကွက်သို့ ဆီပေပါများဖြင့် ဖြန့်ဖြူးနေခြင်းအစား Consumer Pack ဖြင့် ထုပ်ပိုးဖြန့်ဖြူးရောင်းချသွားနိုင်ရေးကို လုပ်ငန်းရှင်များအား အသိပေးနှိုးဆော်ထားပြီးဖြစ်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားကြရန် အသိပေးပြောကြားလိုပါကြောင်း၊ Consumer Pack ဖြင့် ထုပ်ပိုးဖြန့်ဖြူးရောင်းချရာတွင် သက်ဆိုင်ရာဌာနများက ညွှန်ကြားထားသည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြခြင်း အားဖြင့် သက်ဆိုင်ရာကုမ္ပဏီများအနေဖြင့် တာဝန်ခံမှု၊ တာဝန်ယူမှုရှိလာစေမည်ဖြစ်ပြီး စားသုံးသူများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ကြိုတင်ကာကွယ်ရာရောက်မည်ဖြစ်ပါကြောင်း၊

      ပြည်ပမှ စားအုန်းဆီတင်သွင်းမှု လျှော့ချနိုင်ရေးအတွက် ပြည်တွင်းထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ စားသုံးသူလက်ခံနိုင်သည့် အရည်အသွေးပြည့်မီသော စားအုန်းဆီများ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးအတွက်လည်း အရေးကြီးပါကြောင်း၊  ယခုအချိန်တွင် ပြည်တွင်း၌ နေကြာ စိုက်ပျိုးထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည့်အတွက် အရည်အသွေးပြည့်မီသည့် နေကြာဆီထုတ်လုပ်သည့်စက်ရုံများ ပေါ်ပေါက်လာစေရေးအတွက် ချေးငွေများပေးအပ်နိုင်ရန် နိုင်ငံတော်အနေဖြင့် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ အလားတူလက်ရှိစားအုန်းဆီကြမ်း ထုတ်လုပ်လျက်ရှိရာမှ အဆင့်မြင့်စားအုန်းဆီ ထုတ်လုပ်နိုင်ရေးအတွက်ကိုလည်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ပြည်ပမှ စားအုန်းဆီတင်သွင်းသူများအနေဖြင့် ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် စည်းမျည်း စည်းကမ်းများနှင့်အညီ တင်သွင်းဖြန့်ဖြူးရောင်းချသွားရန် အသိပေးပြောကြားလိုပါ ကြောင်းပြောကြားခဲ့သည်။

      ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ ဆီတင်သွင်းဖြန့်ဖြူးသည့် လုပ်ငန်းရှင်များက စားအုန်းဆီတင်သွင်းမှု၊ ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှုအခြေအနေများနှင့် ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။

        ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မွန်းလွဲပိုင်း (၁၄:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ပန်းပဲတန်းမြို့နယ်၊ ကမ်းနားလမ်းရှိ ရန်ကုန်တိုင်းဒေသကြီးတိုင်းဦးစီးမှူးရုံး၊ ပို့ကုန်သွင်းကုန်ရုံးခွဲ (ရန်ကုန်) ရှိ ပို့ကုန်/သွင်းကုန်ဌာနသို့  သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပထမထပ်အစည်းအဝေးခန်းမ၌ ကော့်စေ့လုပ်ငန်းရှင်များအားတွေ့ဆုံ၍ လုပ်ငန်းရှင်များမှ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့်အခက်အခဲများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ရာ တင်ပြချက် များအပေါ် ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာ လုပ်ငန်းဌာနများနှင့်  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်း (၁၄:၄၅) နာရီအချိန်တွင် ပဉ္ဓမထပ် မင်္ဂလာခန်းမ၌ ဆီထွက်သီးနှံ၊ ပဲ၊ နှမ်း၊ ပြောင်း ကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံပဲမျိုးစုံ နှင့်နှမ်းကုန်သည်များအသင်းနှင့် မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းများမှ တာဝန်ရှိသူများ၊ ကုန်သည်များအား တွေ့ဆုံ၍ ကုန်သည်လုပ်ငန်းရှင်းများအနေဖြင့် လက်ရှိတွေ့ကြုံနေရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများကို ပွင့်ပွင့်လင်းလင်းဆွေးနွေးပြောကြားစေလိုကြောင်းစသည့်ဖြင့် အကျယ်တဝင့်ပြောကြားခဲ့ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းမှ ပဲ၊ ပြောင်း၊ နှမ်း၊ သီးနှံများအား ပြည်ပသို့ တင်ပို့နေမှုအခြေအနေများအား ရှင်းလင်းဆွေးနွေးတင်ပြီး မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းဥက္ကဋ္ဌ ဦးထွန်းလွင်နှင့် တက်ရောက်လာကြသည့် ကုန်သည်လုပ်ငန်းရှင်များက လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့်အခက်အခဲများအား ဆွေးနွေးတင်ပြခဲ့ရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။