ပြည်သူလူထုအတွက် လိုအပ်လျက်ရှိသော ဆေးဝါးများ ဈေးကွက်အတွင်း မပြတ်လပ်စေရေးနှင့် ဆေးဝါးများ တင်သွင်းရာတွင် လွယ်ကူချောမွေ့စေရေး ညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တက်ရောက်အမှာစကား ပြောကြား

Sat, 07/24/2021 - 11:43 -- pskhing

 

နေပြည်တော်၊ ဇူလိုင်လ ၂၄ ။ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်၊ (၁၃:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်သူလူထုအတွက် လိုအပ်လျက်ရှိသော ဆေးဝါးများ ဈေးကွက်အတွင်း မပြတ်လပ်စေရေးနှင့် ဆေးဝါးများ တင်သွင်းရာတွင် လွယ်ကူချောမွေ့စေရေး ညှိနှိုင်းအစည်းအဝေးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် COVID-19 ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက် များနှင့်အညီ Online Meeting စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းသည် တက်ရောက် အမှာစကား ပြောကြားသည်။

 အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မြန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးချုပ် ရန်နောင်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ နှင့် ဆေးဝါးနှင့် အထာက်အကူပြု ပစ္စည်းတင်သွင်းသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက် ဆွေးနွေး ခဲ့ကြသည်။

 ပြည်ထောင်စုဝန်ကြီး က အမှာစကားပြောကြားရာတွင် ယနေ့ရင်ဆိုင်နေရတဲ့ ကိုဗစ်-၁၉ ရောဂါကို အားလုံးရင်ဆိုင်နေရတဲ့အချိန်မှာ အမျိုးသားရေးစိတ်ဓာတ်နှင့် အားလုံး ပူးပေါင်းပြီး သက်ဆိုင်ရာဌာနများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ပါဝင်ပတ်သက်သူများအားလုံး စိတ်ရော ကိုယ်ပါ နစ်မြှုပ်ပြီး ပူးပေါင်းဆောင်ရွက်ပေးနေကြတဲ့အပေါ်မှာ အထူးကျေးဇူးတင် ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး ယခင်နှစ်ကလည်း တစ်နှစ်လုံး ရင်ဆိုင်ခဲ့ရပြီး ဒီနှစ် ထဲမှာလည်း တတိယလှိုင်းအနေနဲ့ ပိုမိုပြင်းထန်တဲ့ ရင်ဆိုင်မှုနှင့် ကြုံတွေ့နေရပြီး အထူးပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ပြည်သူလူထုအတွက် လိုအပ်လျက်ရှိသော ဆေးဝါးများ ဈေးကွက်အတွင်း မပြတ်လပ်စေရေးနှင့် ဆေးဝါးများ တင်သွင်းရာတွင် လွယ်ကူချောမွေ့စေရေး စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခုရင်ဆိုင်နေရတဲ့ ကိုဗစ်-၁၉ ကာလအတွင်း လိုအပ်တဲ့ ဆေးဝါးများအပြင် ပြည်သူလူထုအတွက် ပုံမှန်အားဖြင့် သုံးစွဲရန်လိုအပ်နေတဲ့ ဗီတာမင်ဆေးများ၊ ရေရှည်သုံးစွဲ ရသည့် နှလုံး၊ ကျောက်ကပ်၊ သွေးတိုး၊ ဆီးချို စသည့် ရောဂါများအတွက် ဆေးဝါးများ ပြတ်လပ်မှုမရှိစေရေး စဉ်ဆက်မပြတ်တင်သွင်းနိုင်ရေးအတွက်နှင့် ဈေးနှုန်းကြီးမြင့်မှု မရှိစေရေး အတွက်လည်း ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပင်လယ်ရေကြောင်း ဆိပ်ကမ်းများနှင့် လေဆိပ်များသို့ ရောက်ရှိပြီးဖြစ်သည့် အရေးကြီးလိုအပ်လျက်ရှိသည့် ဆေးဝါးများ ကုမ္ပဏီများမှ အမြန်ဆုံးထုတ်ယူနိုင်ရေးနှင့် ထုတ်ယူပြီးဖြစ်သည့် ဆေးဝါးများကို ဈေးကွက် အတွင်းသို့ အမြန်ဆုံးရောက်ရှိစေရေး၊ တိုင်းဒေသကြီး/ ပြည်နယ် အသီးအသီးသို့ ဖြန့်ခွဲရောင်းချပေးနိုင်ရေး အတွက်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများ၊ UMFCCI နှင့် ညီနောင်အသင်းအဖွဲ့ များနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

 ဆက်လက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင်နှင့် ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မြန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးချုပ် ရန်နောင်စိုး တို့က သက်ဆိုင်ရာနိုင်ငံများတွင် သတ်မှတ် ချက်နှင့်ကိုက်ညီပြီး ထုတ်လုပ် ဖြန့်ဖြူးရောင်းချခွင့်ရရှိ ထားသည့် ဆေးဝါးနှင့်အထောက် အကူပြုပစ္စည်းများ၊ ဗီတာမင် C ၊ ဗီတာမင် D ၊ Zinc နှင့်ပတ်သက်သည့် ဆေးဝါးများ၊ ရာသီအလိုက် ဖြစ်ပေါ်တတ်သော အအေးမိ၊ တုပ်ကွေး၊ ဖျားနာ၊ ချောင်းဆိုး၊ ဝမ်းပျက်ဝမ်းလျှော ရောဂါများ အတွက် လိုအပ်သည့် ဆေးဝါးများ တင်သွင်းရာတွင် One Time Permit ဖြင့် တင်သွင်းခွင့်ပြုနိုင်ရေး၊ အရေးကြီးလိုအပ်နေသည့် ဆေးဝါးများအား တရုတ်ပြည်သူ့သမ္မတ နိုင်ငံနှင့် အိန္ဒိယနိုင်ငံ တို့မှ စင်းလုံးငှားလေယာဉ်များဖြင့် သယ်ယူတင်သွင်းနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

 ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များအသင်းချုပ် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ နှင့် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဆေးဝါးနှင့် အထောက်အကူပြုပစ္စည်း တင်သွင်း ရောင်းချလျက်ရှိသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးကို (၁၆:၀၀) နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ပါကြောင်းနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးဝါးနှင့် အထောက်အကူပြုပစ္စည်းများ တင်သွင်းရန်အတွက် Online ဖြင့် လိုင်စင်လျှောက်ထား မှုများကို အများပြည်သူရုံးပိတ်ရက် များတွင်လည်း သွင်းကုန်လိုင်စင်ခွင့်ပြု ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။