ပြည်တွင်းစက်သုံးဆီဖူလုံစေရေး၊ ဈေးနှုန်းတည်ငြိမ်စေရေးတို့အတွက် စီမံဆောင်ရွက်လျက်ရှိ

Fri, 09/23/2022 - 09:10 -- mocadmin

    ၂၀၂၂ ခုနှစ်၊ ဧပြီလအတွင်း စက်သုံးဆီအရောင်းဆိုင်များမှ အရောင်းရပ်ဆိုင်းခြင်း၊ အချိန်အပိုင်းအခြားဖြင့် ရောင်းချခြင်း၊ ပမာဏအကန့်အသတ်ဖြင့် ရောင်းချခြင်းများဖြစ်ပွားခဲ့သဖြင့် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းကဏ္ဍကို ပိုမိုထိရောက်စွာ ထိန်းကျောင်း ကိုင်တွယ်ဆောင်ရွက်နိုင်ရေးနှင့် ပြည်တွင်းဖူလုံမှုရှိစေရေး၊ တင်သွင်းလာသည့် စက်သုံးဆီများ အရည်အသွေးပြည့်မီရေး နှင့် ဈေးနှုန်းတည်ငြိမ်ရေးတို့အတွက် ရည်ရွယ်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက “စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ” ကိုဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။

    လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ “စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (Standard Operating Procedures – SOPs)” ကို ရေးဆွဲပြုစု၍ စက်သုံးဆီတင်သွင်းမှုများကို နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီအစည်းအဝေးသို့ စိစစ်ပြုစုတင်ပြဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလအတွင်း ဓာတ်ဆီ ၈၀,၄၉၉ တန်နှင့် ဒီဇယ်ဆီ ၁၅၃,၀၉၅.၆၀ တန် စုစုပေါင်း စက်သုံးဆီတန်ချိန် ၂၃၃,၅၉၄.၆၀ တန် တင်သွင်းခွင့်ပြုပေးခဲ့ပြီးဖြစ်ပါသည်။

    ထို့ကြောင့်ပြည်တွင်း၌ စက်သုံးဆီဖူလုံမှုရှိသည့်အပြင် ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းရှိ Terminal များတွင် MT Yu Dong သင်္ဘောသည် ဒီဇယ်ဆီ (၅၁.၁၇) ဂါလံသန်းနှင့် ပရီမီယံ ဒီဇယ်ဆီ (၆၀.၃၉) ဂါလံသန်း၊ MT Yu Hai သင်္ဘောသည် 92 Ron (၄၂.၃၃) ဂါလံသန်းနှင့် ဒီဇယ်ဆီ (၉၂.၂၅) ဂါလံသန်းကို ဆီချလုပ်ငန်းဆောင်ရွက်လျက်ရှိပါသည်။

    လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် နေ့စဉ်စက်သုံးဆီရည်ညွှန်းဈေးနှုန်းများကို ထုတ်ပြန်ပေးလျက်ရှိရာ မြန်မာနိုင်ငံတော်ဗဟို ဘဏ်ငွေလဲနှုန်းကို ပုံသေထား၍ စင်္ကာပူနိုင်ငံမှ နေ့စဉ်ထုတ်ပြန်သော MOPS ဈေးနှုန်း၊ Premium ၊ အလျော့တွက်၊ အမြတ်ရာခိုင်နှုန်း၊ သယ်ယူစရိတ် (Transport Charges) တို့ကို အခြေခံကာတွက်ချက်ထုတ်ပြန်ပေးခြင်းဖြစ်ပါသည်။ တစ်ပတ်အတွင်း စက်သုံးဆီ ဈေးနှုန်းများ ကျဆင်းခဲ့သော်လည်း MOPS ဈေးနှုန်းမြင့်တက်မှုကြောင့် ယနေ့တွင် စက်သုံးဆီဈေးနှုန်း အနည်းငယ်ပြန်လည်မြင့်တက် ခဲ့ကြောင်း တွေ့ရှိရပါသည်။

    အချို့သောနယ်မြို့များတွင် စက်သုံးဆီများကို ရည်ညွှန်းဈေးနှုန်းထက် ပိုမိုရောင်းချလျက်ရှိသဖြင့် အဆိုပါရည်ညွှန်းဈေးနှုန်းထက် ပိုမိုရောင်းချသည့် စက်သုံးဆီအရောင်းဆိုင်များအား စစ်ဆေးဖော်ထုတ်၍ ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရ အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။

    လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းနှင့်ပူးပေါင်း၍ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များ၏ မြို့နယ်များအလိုက် စက်သုံးဆီလိုအပ်ချက်များအတွက် စက်သုံးဆီလက်ကျန်အပေါ်မူတည်၍ ခွဲဝေ ဖြန့်ဖြူးပေးလျက်ရှိပါသည်။ သို့ရာတွင် အချို့သောမြို့နယ်များသို့ စက်သုံးဆီ ဖြန့်ဖြူးဆောင်ရွက်ရာ၌ စက်သုံးဆီတင်ဘောက်ဆာ (Bowser) များနှင့် ဆီတွဲရေယာဉ် (Barge) များကို လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များမှ တိုက်ခိုက်လုယက်မှုများ ပြုလုပ်လျက်ရှိသဖြင့် သက်ဆိုင်ရာ စက်သုံးဆီအရောင်း ဆိုင်များသို့ စက်သုံးဆီများ အချိန်မီမရောက်ရှိဘဲ နှောင့်နှေးလျက်ရှိကြောင်း တွေ့ရှိရပါသည်။

   အချို့တိုင်းဒေသကြီး/ ပြည်နယ်များ၏ စက်သုံးဆီလိုအပ်ချက်များ ပြည့်မီနိုင်ရန်အတွက် သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့၏ ထောက်ခံချက်များဖြင့် နယ်စပ်ဒေသများမှ စက်သုံးဆီတင်သွင်းမှုများကိုလည်း ကြီးကြပ်စိစစ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

နောက်ဆုံးရသတင်းများ

Pages