တရုတ်နိုင်ငံ(ယူနန်ပြည်နယ်)နှင့် မြန်မာနိုင်ငံအကြား နယ်စပ်ဂိတ်ကုန်စည်စီးဆင်းမှုဆိုင်ရာ အွန်လိုင်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

Fri, 04/29/2022 - 04:12 -- mocadmin

မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဒေသတွင် ကိုဗစ်-၁၉ ကပ်ရောဂါအား ပူးတွဲကြိုတင်ကာကွယ် ထိန်းချုပ်ရေးကို ထိရောက်စွာတွန်းအားပေးနိုင်ရေး၊ နှစ်နိုင်ငံ ပြည်ဝင်/ ထွက်ဂိတ် နယ်စပ်ကုန်သွယ်ရေးချောမွေ့စေရေး၊ နှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်း ဆောင်ရွက်မှုကို တည်ငြိမ်စွာတွန်းအားပေးနိုင်ရေးတို့အတွက် ရည်ရွယ်၍ တရုတ်နိုင်ငံ (ယူနန်ပြည် နယ်)နှင့် မြန်မာနိုင်ငံအကြား နယ်စပ်ဂိတ်ကုန်စည်စီးဆင်းမှုဆိုင်ရာ အွန်လိုင်းညှိနှိုင်းဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့၊ (၁၃:၃၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

          အဆိုပါဆွေးနွေးပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်း ဝန် ဦးမင်းမင်း၊ ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရနိုင်ငံခြားရေးရုံး၊ ညွှန်ကြားရေးမှူးချုပ် Ms.Yang Mu ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E Mr. Chen Hai ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး(မန္တလေး)နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး (ကူမင်း မြို့)တို့မှ ကောင်စစ်ဝန်ချုပ်များမှ အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံဘက်မှ ရာသီပေါ်သရက်သီးအပါအဝင် ပုပ်သိုးကုန်သစ်သီး ဝလံများအား တရုတ်နိုင်ငံ ဘက်သို့ လျင်မြန်စွာတင်ပို့နိုင်ရေးကိစ္စ၊ နယ်စပ်တွင် တရုတ်ခေါက်တိုယာဉ်များ ဈေးနှုန်းကြီးမြင့်မှု လျော့ချရေးကိစ္စ၊ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ကုန်သွယ်မှုပြုရာတွင် ကုန် တင်ယာဉ်များ အဆင်ပြေချောမွေ့စွာဝင်ရောက်နိုင်ရေးကိစ္စ၊  BP – 125 နယ်စပ်ဂိတ် ယာယီဂိတ် ဖွင့်လှစ်နိုင်ရေး၊ အဆိုပါဂိတ်မှ မြန်မာ့ပို့ကုန်ကြံများအား တင်ပို့နိုင်ရေးကိစ္စ၊ နှစ်နိုင်ငံကုန်သွယ်မှု မူဝါဒအပြောင်းအလဲများအား Contact Person မှတစ်ဆင့် အချိန်နှင့်တစ်ပြေးညီ သတင်းဖလှယ် ရေးကိစ္စ၊ အကောက်ခွန်ရှင်းလင်းရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စ၊ အပင်ပိုးမွှားကင်းစင်ရေး ဆိုင်ရာ SPS လုပ်ငန်းစဉ်များတွင် GACC နှင့် ပူးပေါင်းဆောင်ရွက်သွားရန် ကိစ္စရပ်များအား နှစ်ဘက်တက်ရောက်လာကြသူများမှ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

          အဆိုပါဆွေးနွေးပွဲသို့ ယူနန်ပြည်နယ်ရှိ သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့များနှင့် မြန်မာ နိုင်ငံဘက်မှ ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များ၊ ကုန် သွယ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

          ယနေ့ကျင်းပသည့် တရုတ်နိုင်ငံ(ယူနန်ပြည်နယ်)နှင့် မြန်မာနိုင်ငံအကြား နယ်စပ်ဂိတ် ကုန် စည်စီးဆင်းမှုဆိုင်ရာ အွန်လိုင်းဆွေးနွေးပွဲသည် နှစ်နိုင်ငံအကြား ကိုဗစ်-၁၉ ရောဂါနှင့် အတူယှဉ် တွဲနေထိုင်ရေးအတွက် ရှေးရှုပြီး ကဏ္ဍအလိုက်ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက် ခြင်းဖြင့် မျှတသော ကုန်သွယ်မှုကိုဖြစ်ပေါ်စေကာ နှစ်နိုင်ငံအကြား ရေရှည်ချစ်ကြည်ရင်းနှီးစွာ ကူးလူးဆက်ဆံရေးကို ဖော်ဆောင်ပေးနိုင်ရေးဆွေးနွေးနိုင်ခဲ့သော အစည်းအဝေးတစ်ရပ်ဖြစ်ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages