ဆိပ်ဖြူမြို့နယ်တွင် ကြက်သွန်နီမျိုးစေ့အနှံယူ စိုက်ပျိုးလျက်ရှိ

Wed, 04/10/2024 - 06:03 -- comsumer

        မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ဆိပ်ဖြူမြို့အလယ်ပိုင်း၊ အနောက်ပိုင်း၊ ရွာသစ်ရပ်ကွက်နှင့် ကိုးထောင့်၊ ချင်တောင်၊ အောက်ဆိပ်၊ မြင်ကဝ၊ ကူရှည်၊ ရွာမ၊ ရွာသာအေးကျေးရွာ အုပ်စုများသည် ကြက်သွန်နီသီးနှံကို ဥစိုက်၊ ပင်စိုက်အပြင် မျိုးစေ့အနှံယူ စိုက်ခင်းများကိုလည်း နှစ်စဉ် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြရာမှ ဈေးကွက်ခိုင်မာမှုရှိပြီး အကျိုးအမြတ်ရရှိသောကြောင့် ယခုနှစ်တွင် ပိုမိုတိုးချဲ့၍ စီးပွားဖြစ်စိုက်ပျိုးလာကြကြောင်း သိရသည်။

          စိုက်ပျိုးမှုအနေဖြင့် ကြက်သွန်နီသီးနှံကို သဲနုန်းမြေနှင့်မြေမာများတွင် စိုက်ပျိုးကြပြီး မျိုးအနေဖြင့် ရွှေဖလားထိပ်မောက်(အခွံထူ)မျိုးကို စိုက်ပျိုးကြကြောင်း၊ မျိုးစေ့ အရည်အသွေးနှင့် အထွက်နှုန်း ကောင်းမွန်စေရေးအတွက် မျိုးကောင်းမျိုးသန့် ကြက်သွန်နီ(ဥကြီး)များကို ရွေးချယ်စိုက်ပျိုးကြောင်း၊ ကြက်သွန်နီသီးနှံသည် အပူအအေး မျှတသော ရာသီဥတုကို ကြိုက်နှစ်သက်သည့်အတွက် ဒီဇင်ဘာလ ဆန်းပိုင်းတွင် စတင်စိုက်ပျိုးပြီး မတ်လကုန်တွင် ပွင့်နှံများကို ဆွတ်ခူးရိတ်သိမ်းရပြီး ရရှိသော မျိုးစေ့ များကို ပီနံအိတ် အထပ်ထပ်ဖြင့် ထုတ်ပိုးခြင်း၊ သံပုံး၊ ပလပ်စတစ်ပုံးများဖြင့် လေလုံအောင်ထားရှိ၍ သိမ်းဆည်းရကြောင်း၊ လေဝင်ပါက မျိုးစေ့များတွင် အစိုဓါတ်ရရှိပြီး နောင်နှစ်စိုက်ပျိုးရာသီချိန်တွင် ကျဲပက်ပါက အပင်ပေါက် မစုံလင်ခြင်းများဖြစ်ပေါ်နိုင်သည့်အတွက်  မျိုးစေ့များကို စနစ်တကျ သိမ်းဆည်း ထားရှိရကြောင်း သိရသည်။

        ကြက်သွန်နီမျိုးစေ့အနှံယူ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် ကြက်သွန်နီမျိုးဥ အရွယ်အစားလိုက်၍ ပိဿာချိန် (၃၅၀-၄၀၀)ထိ စိုက်ပျိုးရပြီး တစ်ပိဿာလျှင် ကျပ်(၂၀၀၀)ဖြင့် ဝယ်ယူ စိုက်ပျိုးရကြောင်း၊ တောင်သူတစ်ဦးချင်းအနေဖြင့် မြေသားကွာခြားမှု၊ စိုက်ပျိုးချိန်ရာသီ မတူညီမှု၊ သွင်းအားစုသုံးစွဲပုံ တူညီခြင်းတို့ကြောင့် အထွက်တင်း (၅-၇)တင်းထိ ထွက်ရှိကြောင်း၊ ကုန်ကျစရိတ် စုစုပေါင်း ကျပ်သိန်း(၃၀)ခန့် ကုန်ကျကြောင်း သိရသည်။

          ဈေးနှုန်းဈေးကွက်အနေဖြင့် ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ်(၂၀၀၀-၂၅၀၀)ဖြင့် အရောင်း အဝယ်ဖြစ်ပြီး ကြက်သွန်နီမျိုးစေ့ ဈေးကွက်မှာလည်း မြင့်တက်လာခြင်းဖြစ်၍ မျိုးစေ့ တစ်ပြည် လျှင် ကျပ်(၁၀၀၀၀၀-၁၅၀၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ကျပ်(၁၂၀၀၀၀)ဖြင့် ပျမ်းမျှ ရောင်းချ ပါက တစ်ဧကဝင်ငွေ ကျပ်(၉၆၀၀၀၀၀)ခန့်ရရှိပြီး အကျိုးအမြတ်အနေဖြင့် ကျပ်(၆၆၀၀၀၀၀)ခန့် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် တောင်တွင်းကြီးမြို့၊ ပွင့်ဖြူမြို့၊ ချောက်မြို့နှင့် ဆိပ်ဖြူမြို့နယ် အတွင်းရှိ ကျေးရွာများမှ လာရောက်ဝယ်ယူကြကြောင်း၊ ယခုနှစ်တွင်လည်း တောင်သူများမှ ထွက်ရှိသော ကြက်သွန်နီမျိုးစေ့များ ရောင်းချချိန်တွင် ကြက်သွန်နီဈေးကွက် ခိုင်မာမှုရှိပါက မျိုးစေ့ဈေးကွက် ကောင်းပြီး ယခင်နှစ်ကဲ့သို့ အကျိုးအမြတ်များစွာရရှိမည်ဖြစ်ကြောင်း ဒေသခံတောင်သူများ၏ ပြောကြားချက်အရ သိရသည်။

DOCA(မကွေး)

Local Trade News

Pages