ပညာပေး/လှုပ်ရှားမှုများ

Consignment စနစ်ဖြင့် သွင်းကုန်လိုင်စင်ယူ၍ တင်သွင်းခဲ့သောမော်တော်ယာဉ်များ ပြန်လည်တင်ပို့ရန် အတွက် ပို့ကုန်ပါမစ်လျှောက်ထားလာမည်ဆိုပါက အောက်ပါအတိုင်းအဆင့်ဆင့်စိစစ်ဆောင်ရွက်စေပြီးမှသာ ပို့ကုန် ပါမစ်လျှောက်ထားရမည် -alt (က) မော်တော်ယာဉ်အရောင်းစင်တာ မြေပြင်စစ်စစ်ဆေးရေးအဖွဲ့သို့ တင်ပို့လိုကြောင်းအောက်ဖော်ပြပါ စာရွက်စာတမ်းများဖြင့် တင်ပြလျှောက်ထားရပါမည် - (၁) ကုမ္ပဏီ Letter Head ဖြင့်လျှောက်လွှာတွင် ပြန်လည်တင်ပို့လိုသောမော်တော်ယာဉ်တစ်စီးချင်း စီအလိုက် အမျိုးအမည်၊ အမျိုးအစား၊ မော်ဒယ်၊ အင်ဂျင်နံပါတ်၊ ဖရိန်နံပါတ် အသေးစိတ်ဖော်ပြ လျှောက်ထားရမည်။ (၂) သွင်းကုန်လိုင်စင်မူရင်း/မိတ္တူ။ (၃) သွင်းကုန်ကြေငြာလွှာ (ID) မူရင်း/မိတ္တူ။ (၄) သင်္ဘောတင်အထောက်အထား (BL) မူရင်း/မိတ္တူ။ (၅) လျှောက်ထားသည့်ကုမ္ပဏီ၏ သွင်းကုန်လိုင်စင်ရရှိပြီးအစီးရေ၊ ရောက်ရှိပြီးအစီးရေ၊ ရောင်းချပြီး အစီးရေစာရင်း။ (၆) Consignment စနစ်ဖြင့် ရောင်းချရန်အပ်နှံထားသော ကုန်အပ်နှံသူထံသို့ ပြန်လည်တင်ပို့ခြင်းဖြစ် ကြောင်း ကတိဝန်ခံချက်။ (ခ) မော်တော်ယာဉ်အရောင်းစင်တာ မြေပြင်စစ်ဆေးရေးအဖွဲ့အနေဖြင့် ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိစဉ် စစ်ဆေးထားသည့် အချက်အလက်များနှင့်ပို့ကုန်ပါမစ်လျှောက်ထားလာသော မော်တော်ယာဉ်များ၏ အချက်အလက်များအား မြေပြင်ကွင်းဆင်၍ အသေးစိတ်စိစစ်ပြီးပါက မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင် ရာကြီးကြပ်ရေးကော်မတီ ရုံးလုပ်ငန်းအထောက်အကူပြုအဖွဲ့သို့ ထောက်ခံတင်ပြခြင်း။ (ဂ) မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာကြီးကြပ်ရေးကော်မတီ ရုံးလုပ်ငန်းအထောက်အကူပြုအဖွဲ့အနေဖြင့် ထပ်မံစိစစ်ပြီးပါက ပို့ကုန်လုပ်ငန်းဌာနခွဲသို့ အမှုတွဲမူရင်းလွှဲပြောင်းပေးပြီး ပို့ကုန်ပါမစ်ထုတ်ပေးနိုင်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ပေးခြင်း၊ (ဃ) ပို့ကုန်ပါမစ်လျှောက်ထားချိန်တွင် အထက်စာပိုဒ်ခွဲ (က) ပါအတိုင်း တင်ပြလျှောက်ထားရမည်။ (င) Consignment စနစ်ဖြင့်တင်သွင်းလာသည့် မော်တော်ယာဉ်များကို ပြန်လည်တင်ပို့ခွင့်ပြုရာတွင် ပို့ကုန်ပါမစ်ဖြင့်ခွင့်ပြုသွားမည်ဖြစ်ပြီး၊ ခွင့်ပြုရာတွင်ပို့ကုန်ပါမစ်၌ Consignment စနစ်ဖြင့်တင်သွင်းလာ သောမော်တော်ယာဉ်များကိုပြန်လည်တင်ပို့ခွင့်ပြုခြင်းဖြစ်သည်ဆိုသည့် မှတ်ချက်ဖော်ပြပေးမည်။ Exp Mg

             လယ်ယာစိုက်ပျိုးရေးကို အခြေခံထားသော ကျွန်မတို့နိုင်ငံတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍကို အဆင့်မြင့်တိုးတက်လာစေရေးအတွက် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းဆောင်ရွက်ခြင်း၊ လယ်ယာမြေများကို ခေတ်မီစက်ကရိယာများဖြင့် အစားထိုးထွန်ယက် စိုက်ပျိုးခြင်း၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးခြင်း၊ကျေးလက်တောင်သူများအား နည်းပညာပေး ဆောင်ရွက်ခြင်း၊နိုင်ငံတကာမှအထွက် ကောင်းမျိုးများကို အစားထိုးစမ်းသပ်စိုက်ပျိုးခြင်း၊ နိုင်ငံတကာမှအဆင့်မြင့်နည်းပညာအကူအညီများရယူ၍ ပူးပေါင်းဆောင်ရွက်ခြင်းတို့ကိုကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်။ ကြက်ဟင်းခါးမျိုးစေ့၊ ဖရဲမျိုးစေ့၊ ခရမ်းချဉ်သီး မျိုးစေ့ ၊ သခွားမျိုးစေ့စသော ဟင်းသီးဟင်းရွက်မျိုးစေ့များကို စိုက်ပျိုးထုတ်လုပ်၍ ပြည်ပသို့ တင်ပို့ရောင်းချ လျှက်ရှိပါသည်။

            ယခုအခါ ဖို/မ ပြောင်းမျိုးစေ့များကို ထိုင်းနိုင်ငံမှ တင်သွင်းပြီး ပြည်တွင်းမှာမျိုးစပ်၍ပြန်လည်စိုက်ပျိုး ထုတ်ယူသည့် လုပ်ငန်းများကို ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ ကုမ္ပဏီပိုင်စိုက်ကွင်းများတွင် စိုက်ပျိုးထုတ် လုပ်လျက်ရှိပြီး မိုးတွင်းကာလနှင့် ဆောင်းတွင်းကာလများတွင် စိုက်ပျိုးထွက်ရှိကြောင်းလည်း သိရှိရပါ သည်။ ၎င်းစိုက်ခင်းများမှ ဖို မ ပြောင်းမျိုးစေ့များကို ဝတ်မှုန်ကူးခြင်းစနစ်ဖြင့်    စိုက်ပျိုးပြီး ဈေးကွက်ဝင်မျိုးစေ့ ( commercial seeds )များဖြစ်သည့် (Hybird Corn Seeds) စပ်မျိုးပြောင်းမျိုးစေ့များ အောင်မြင်စွာ ထွက်ရှိ ခဲ့သဖြင့် ၎င်းစပ်မျိုးပြောင်းမျိုးစေ့များကို ပြည်တွင်း စိုက်ပျိုးရန်အတွက် မျိုးစေ့အဖြစ် ရောင်းချရသည်သာမက ပြည်ပ ဈေးကွက်သို့လည်း စတင်ထိုးဖောက်ဝင်ရောက် တင်ပို့ရောင်းချတော့မည် ဖြစ်ပါသည်။

           ယခုစိုက်ပျိုးထွက်ရှိသော စပ်မျိုးပြောင်းမျိုးစေ့(CP 888) များကို ဗီယက်နမ်နိုင်ငံသို့တင်ပို့ရောင်းချရန် ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန တွင် ပို့ကုန်လိုင်စင် လျှောက်ထားခဲ့ရာ ခွင့်ပြုထားပြီးဖြစ်ကြောင်း သိရှိရ ပါသည်။ မိမိနိုင်ငံအတွက် စပ်မျိုး မျိုးကောင်းမျိုးသန့် မျိုးစေ့များ စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ခြင်းဖြင့် ပြည်တွင်း စိုက်ပျိုးရေးလုပ်ငန်းများတွင် နှစ်စဉ်မျိုးကောင်းမျိုးကောင်း သုံးစွဲစိုက်ပျိုးအောင်မြင်နိုင်သကဲ့သို့ ပြည်ပသို့ပါ တင်ပို့ ရောင်းချနိုင်ခြင်းဖြင့် နိုင်ငံခြားငွေ ရရှိနိုင်သည်ဖြစ်ရာ မျိုးကောင်းမျိုးသန့် မျိုးစေ့များ ထုတ်လုပ်ရောင်းချ သည့် လုပ်ငန်းများ တိုးတက်ပွားများ ဆောင်ရွက်နိုင်ပါရန် သတင်းကောင်းပါးရေးသားတင်ပြအပ်ပါသည်။

                                                                                                                                                               ခင်စန်းဝင်း(ပို့ကုန်)

            ၂၀၁၀-၂၀၁၁ဘဏ္ဍာနှစ်တွင် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ရေထွက်ကုန်ပစ္စည်း တင်ပို့နိုင်မှုမှာ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၈၇)သန်းကျော်၊ ၂၀၁၁-၂၀၁၂ဘဏ္ဍာနှစ်တွင် တန်ဖိုးအမေရိကန်ဒေါ်လာ (၄၅၁)သန်းကျော် တင်ပို့နိုင်ခဲ့သဖြင့် ကာလတူထက်တန်ဖိုး(၁၄၆)သန်းကျော် ပိုမိုတိုးမြှင့် တင်ပို့ခဲ့သည်ကို တွေ့ရှိရပါသည်။ ငါးတင်ပို့မှုမှ နေ၍ (၁၃၈)သန်းကျော် ၊ ပုစွန်တင်ပို့မှုမှ (၉)သန်းကျော်၊ အခြားရေထွက်ပစ္စည်းတင်ပို့မှုမှာ (၁၆)သန်းကျော် အသီးသီး တိုးမြှင့်တင်ပို့နိုင်ခဲ့သည်ကိုတွေ့ရှိရပါသည်။ ငါးတင်ပို့မှုဈေးကွက်အနေဖြင့် ၂၀၁၁-၂၀၁၂ဘဏ္ဍာနှစ်တွင် တရုတ်နိုင်ငံသို့ (၅၃.၁၉%) ဖြင့် ပထမအများဆုံး၊ ကူဝိတ်နိုင်ငံသို့ (၁၄.၁၄%)ဖြင့် ဒုတိယအများဆုံး ၊ ဆောဒီအာရေးဗီးယားနိုင်ငံသို့ (၇.၇၀%)ဖြင့် တတိယအများဆုံး၊ စင်္ကာပူနိုင်ငံသို့ (၆.၁၈%)ဖြင့် စတုတ္ထအများဆုံး၊ ယူအေအီးနိုင်ငံသို့ (၅.၆၇%)ဖြင့် ပဉ္စမအများဆုံး၊ မလေးရှားနိုင်ငံသို့ (၅.၀၁%)ဖြင့် ဆဌမအများဆုံး အသီးသီးတင်ပို့နိုင်ခဲ့သည်ကို တွေ့ရှိရပါသည်။ ရေချို ငါးတင်ပို့မှုအနေဖြင့် ယခင်နှစ်ကာလတူထက် ပိုမိုတိုးမြှင့်တင်ပို့နိုင်ခဲ့ပြီး ရေချိုငါးအမျိုးအစားများတွင် အဓိကအများဆုံး တင်ပို့နေသော ငါးမြစ်ချင်းအား အရှေ့အလယ်ပိုင်း ဈေးကွက်ဖြစ်သည့် ကူဝိတ်နှင့် ဆော်ဒီအာရေးဗီးယားနိုင်ငံများသို့ အများဆုံးတင်ပို့လျှက်ရှိပါသည်။ ယခုအချိန်တွင် အရှေ့အလယ်ပိုင်းနိုင်ငံများ၌ နိုင်ငံရေးမငြိမ်မသက်ဖြစ်နေပြီး ဝယ်လိုအား ကျဆင်းလျှက်ရှိနေခြင်း၊ ပြည်တွင်းငါးမွေးမြူရေးကန်များမှ ထွက်ရှိသည့် ငါးများ ဈေးကွက်အတွင်း ဝင်ရောက်လာမှု များပြားနေသောကြောင့် ရောင်းလိုအားများပြီး ဝယ်လိုအားနည်းနေသဖြင့် ဈေးကွက်ငြိမ်သက်ပြီး ရေချိုငါးတင်ပို့မှု အနည်းငယ်လျော့ကျလာနိုင်ပါသည်။ ရေချိုငါးမွေးမြူရေးအနေဖြင့် အရှေ့အလယ်ပိုင်းဈေးကွက်တစ်ခုတည်းကိုသာ တင်ပို့ နိုင်ပြီး ကာလရှည်မွေးမြူရသည့် ငါးမြစ်ချင်းတစ်မျိုးတည်းကိုသာ အဓိကထား မွေးမြူခဲ့ကြသဖြင့် အရှေ့အလယ်ပိုင်း ဈေးကွက်မှ ဝယ်လိုအား လျော့နည်းလာချိန်တွင် ငါးမွေးမြူသူများအခက်အခဲဖြစ်ပေါ်ခဲ့သဖြင့် ယခုအချိန်တွင် ရေချိုငါး ထုတ်လုပ်တင်ပို့ရောင်းချသူ ကုမ္ပဏီလုပ်ငန်းရှင်းများနှင့် သက်ဆိုင်ရာအသင်းအဖွဲ့များ ပူးပေါင်း၍ ဈေးကွက်အမျိုးမျိုးမှ ကြိုက်နှစ်သက်ပြီး ကာလတိုမွေးမြူနိုင်၍ ဈေးကောင်းရရှိသော ကကတစ်၊ တီလားဗီးယားနှင့် ငါးရံ့တို့အား ပြောင်းလဲ မွေးမြူ၍ ခိုင်မာသည့်ဈေးကွက်တစ်ခု တည်ဆောက်နိုင်ရေး ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်းသိရှိရပါသည်။ ရေငန်ငါး တင်ပို့မှုအနေဖြင့် အိမ်နီးချင်း တရုတ်နိုင်ငံနှင့် စင်္ကာပူနိုင်ငံ များသို့ အဓိကထားတင်ပို့လျှက်ရှိပါသည်။ ရေလုပ်ငန်းကဏ္ဍ အတွက် တိုးတက်ဆောင်ရွက်နိုင်မည့် အလားအလာများရှိနေပြီး ငါးတင်ပို့မှုဈေးကွက်ကြီးဖြစ်သည့် ဥရောပဈေးကွက် အား ထိုးဖောက်ယှဉ်ပြိုင်နိုင်ရန်အတွက် အားသာချက်နှင့် အလားအလာကောင်းများ ရှိနေပြီးဖြစ်သဖြင့် ရှေ့ဆက်၍ မြန်မာ့ရေထွက်ပစ္စည်း တင်ပို့နိုင်မှုကဏ္ဍမှနေ၍ နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေများ ပိုမိုတိုးမြှင့်ရှာဖွေပေးနိုင်မည်ဖြစ် ပါသည်။

 

                                                                                                                                                    မောင်မောင်လွင် (ပို့ကုန်)

       အခြားလယ်ယာထွက်ကုန်ပစ္စည်းတစ်မျိုးဖြစ်သော မကျည်းသီးအား ပြည်ပသို့ တင်ပို့လျှက်ရှိရာ 2011-2012 ဘဏ္ဍာနှစ်တွင် ပင်လယ်ရေကြောင်းမှ အမေရိကန်ဒေါ်လာ ၉ သန်းကျော်ဘိုး တင်ပို့နိုင်ခဲ့သဖြင့် (၁၀)နှစ်တာကာလ အတွင်း အမြင့်ဆုံး တင်ပို့နိုင်ခဲ့ခြင်း ဖြစ်ကြောင်း စာရင်းဇယားများအရ သိရှိရပါသည်။ မကျည်းသီးအား ပြည်တွင်း၌ဟင်းချက်ရာတွင် ဟင်းအနှစ်ရစေရန်နှင့် အချဉ်ဓါတ်ရစေရန် ထည့်သွင်း ချက်ပြုတ်ခြင်း၊ တိုင်းရင်းဆေးဝါးများ ဖော်စပ်ရာတွင် ကုန်ကြမ်းအဖြစ်ထည့်သွင်းအသုံးပြုခြင်း၊ မကျည်းပလိပ်၊ မကျည်းယို ၊မကျည်းဖျော်ရည်စသည်ဖြင့် အစားအသောက်များ ပြုလုပ်သုံးစွဲကြသော်လည်း မြန်မာနိုင်ငံအနှံအပြား တွင် ပေါက်ရောက်ဖြစ်ထွန်းခြင်း ပြည်တွင်းစားသုံး ပိုလျှံမှု ရှိခြင်းတို့ကြောင့် ပြည်ပသို့တင်ပို့ရောင်းချခဲ့ရာ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ မလေးရှားနှင့် စင်္ကာပူနိုင်ငံများသို့ အများဆုံး တင်ပို့လျှက်ရှိကြောင်း သိရှိရပါသည်။ စိုက်ပျိုးရှင်သန်ပြီးသည်နှင့် မည်သည့်သွင်းအားစုမျှ ထည့်သွင်းရန် မလိုသော နှစ်ရှည်စားပင် မှ နိုင်ငံခြားဝင် ငွေများ တစ်နှစ်ထက်တစ်နှစ် တိုးတက်ရှာဖွေပေးလျှက်ရှိသဖြင့် အရင်းအနှီးမများသော စိုက်ပျိုးရ လွယ်ကူသော မကျည်းပင်များအား တိုးချဲ့စိုက်ပျိုးခြင်းဖြင့် ပြည်ပဝင်ငွေများ တိုးတက်ရရှိနိုင်ပါကြောင်း သတင်းကောင်းပါး ရေးသားတင်ပြအပ်ပါသည်။

                                                                                                                                            ဟေမာန်ဝင်း (ပို့ကုန်)

        မြန်မာနိုင်ငံတွင် ပြည်ပမှ ကုန်ကြမ်းပေး ကုန်ချောယူစနစ်ဖြင့် လက်ခစားလုပ်ငန်းဆောင်ရွက်သော (CMP) လုပ်ငန်းများကို ဆောင်ရွက် ခွင့်ပြုပေးလျှက်ရှိရာ အထည်ချုပ်လုပ်ငန်း၊ ဖိနပ်ချုပ်လုပ်ငန်း၊ မှန်ဘီလူး လုပ်ငန်း၊ ထရန်စဖော်မာ အပိုပစ္စည်းများ၊ ဆေးဘက်ဆိုင်ရာ ပစ္စည်းကရိယာများ၊ အသက်ကယ်လှေနှင့် ဆက်စပ်ပစ္စည်းများ၊ ဆံပင်တု ၊ ပီနံအိတ်၊ ဖဲပြားစသည်ဖြင့် လုပ်ငန်းပေါင်းစုံစက်ရုံများ ထူထောင်ဆောင်ရွက် လျှက်ရှိပါသည်။ လက်ခစား (CMP)လုပ်ငန်းများ တိုးတက်လာမှုကြောင့် မြန်မာပြည်သူပြည်သားများ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက် ရရှိလာမှုမှာ အထင်အရှားဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် လုပ်သား အင်အားပေါများဈေးချိုခြင်း၊ စက်ရုံ အလုပ်ရုံ တည်ဆောက်ထူထောင်ရန် မြေနေရာများ ပေါများခြင်းတို့ကြောင့် ပြည်ပလုပ်ငန်းရှင်များ မျက်စေ့ကျနေသော်လည်း အင်အားကြီးနိုင်ငံကြီးအချို့၏ စီးပွားရေးပိတ်ဆို့မှု များကြောင့် တိုးတက်မှုအနေဖြင့် အနည်းငယ်နောက်ကျနေခဲ့ရပါသည်။ လက်ခစားလုပ်ငန်းများအနက် အထည်ချုပ်လုပ်ငန်းမှာ 2011-2012 ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၄၉၈ သန်းကျော်ဖြင့် အများဆုံးတိုးတက်တင်ပို့နိုင်ခဲ့ပြီး အအောင်မြင်ဆုံးဖြစ်ကြောင်း တစ်နှစ်ထက် တစ်နှစ် တိုးတက် လာကြောင်း သိရှိရပါသည်။ စီးပွားရေးပိတ်ဆို့မှုများ ကြောင့် ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံ တို့သို့ အများဆုံး တင်ပို့နေ ခဲ့ရခြင်းဖြစ်ပါသည်။ နိုင်ငံကြီးအချို့၏ စီးပွားရေးပိတ်ဆို့မှုများ ဖြေလျှော့ လာပြီဖြစ်၍ လက်ခစား(CMP) လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်မှုများ တိုးတက်လာတော့မည်ဖြစ်ရာ အရည်အသွေး စစ်ဆေးမှုအပိုင်းတွင် စနစ်ကျန တင်းကြပ် လွန်းသော ဂျပန်နိုင်ငံ သို့ပင် အောင်မြင်စွာ ချုပ်လုပ်တင်ပို့ နိုင်စွမ်းရှိပြီးဖြစ်သော မြန်မာနိုင်ငံအနေဖြင့် အသစ်ဝင် ရောက်ဖြစ်ထွန်းလာမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ အခွင့်အလမ်းကောင်းများ ရရှိလာတော့မည်ဖြစ်ကြောင်း သတင်း ကောင်းပါးရေး သားတင်ပြအပ်ပါသည်။

                                                                                                             ထားထားရီ (ပို့ကုန်)

Pages

Subscribe to ပညာပေး/လှုပ်ရှားမှုများ