ပိုမိုတိုးတက် မြန်မာ့ရေထွက်

Thu, 05/31/2012 - 04:55 -- Anonymous (not verified)

            ၂၀၁၀-၂၀၁၁ဘဏ္ဍာနှစ်တွင် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ရေထွက်ကုန်ပစ္စည်း တင်ပို့နိုင်မှုမှာ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၈၇)သန်းကျော်၊ ၂၀၁၁-၂၀၁၂ဘဏ္ဍာနှစ်တွင် တန်ဖိုးအမေရိကန်ဒေါ်လာ (၄၅၁)သန်းကျော် တင်ပို့နိုင်ခဲ့သဖြင့် ကာလတူထက်တန်ဖိုး(၁၄၆)သန်းကျော် ပိုမိုတိုးမြှင့် တင်ပို့ခဲ့သည်ကို တွေ့ရှိရပါသည်။ ငါးတင်ပို့မှုမှ နေ၍ (၁၃၈)သန်းကျော် ၊ ပုစွန်တင်ပို့မှုမှ (၉)သန်းကျော်၊ အခြားရေထွက်ပစ္စည်းတင်ပို့မှုမှာ (၁၆)သန်းကျော် အသီးသီး တိုးမြှင့်တင်ပို့နိုင်ခဲ့သည်ကိုတွေ့ရှိရပါသည်။ ငါးတင်ပို့မှုဈေးကွက်အနေဖြင့် ၂၀၁၁-၂၀၁၂ဘဏ္ဍာနှစ်တွင် တရုတ်နိုင်ငံသို့ (၅၃.၁၉%) ဖြင့် ပထမအများဆုံး၊ ကူဝိတ်နိုင်ငံသို့ (၁၄.၁၄%)ဖြင့် ဒုတိယအများဆုံး ၊ ဆောဒီအာရေးဗီးယားနိုင်ငံသို့ (၇.၇၀%)ဖြင့် တတိယအများဆုံး၊ စင်္ကာပူနိုင်ငံသို့ (၆.၁၈%)ဖြင့် စတုတ္ထအများဆုံး၊ ယူအေအီးနိုင်ငံသို့ (၅.၆၇%)ဖြင့် ပဉ္စမအများဆုံး၊ မလေးရှားနိုင်ငံသို့ (၅.၀၁%)ဖြင့် ဆဌမအများဆုံး အသီးသီးတင်ပို့နိုင်ခဲ့သည်ကို တွေ့ရှိရပါသည်။ ရေချို ငါးတင်ပို့မှုအနေဖြင့် ယခင်နှစ်ကာလတူထက် ပိုမိုတိုးမြှင့်တင်ပို့နိုင်ခဲ့ပြီး ရေချိုငါးအမျိုးအစားများတွင် အဓိကအများဆုံး တင်ပို့နေသော ငါးမြစ်ချင်းအား အရှေ့အလယ်ပိုင်း ဈေးကွက်ဖြစ်သည့် ကူဝိတ်နှင့် ဆော်ဒီအာရေးဗီးယားနိုင်ငံများသို့ အများဆုံးတင်ပို့လျှက်ရှိပါသည်။ ယခုအချိန်တွင် အရှေ့အလယ်ပိုင်းနိုင်ငံများ၌ နိုင်ငံရေးမငြိမ်မသက်ဖြစ်နေပြီး ဝယ်လိုအား ကျဆင်းလျှက်ရှိနေခြင်း၊ ပြည်တွင်းငါးမွေးမြူရေးကန်များမှ ထွက်ရှိသည့် ငါးများ ဈေးကွက်အတွင်း ဝင်ရောက်လာမှု များပြားနေသောကြောင့် ရောင်းလိုအားများပြီး ဝယ်လိုအားနည်းနေသဖြင့် ဈေးကွက်ငြိမ်သက်ပြီး ရေချိုငါးတင်ပို့မှု အနည်းငယ်လျော့ကျလာနိုင်ပါသည်။ ရေချိုငါးမွေးမြူရေးအနေဖြင့် အရှေ့အလယ်ပိုင်းဈေးကွက်တစ်ခုတည်းကိုသာ တင်ပို့ နိုင်ပြီး ကာလရှည်မွေးမြူရသည့် ငါးမြစ်ချင်းတစ်မျိုးတည်းကိုသာ အဓိကထား မွေးမြူခဲ့ကြသဖြင့် အရှေ့အလယ်ပိုင်း ဈေးကွက်မှ ဝယ်လိုအား လျော့နည်းလာချိန်တွင် ငါးမွေးမြူသူများအခက်အခဲဖြစ်ပေါ်ခဲ့သဖြင့် ယခုအချိန်တွင် ရေချိုငါး ထုတ်လုပ်တင်ပို့ရောင်းချသူ ကုမ္ပဏီလုပ်ငန်းရှင်းများနှင့် သက်ဆိုင်ရာအသင်းအဖွဲ့များ ပူးပေါင်း၍ ဈေးကွက်အမျိုးမျိုးမှ ကြိုက်နှစ်သက်ပြီး ကာလတိုမွေးမြူနိုင်၍ ဈေးကောင်းရရှိသော ကကတစ်၊ တီလားဗီးယားနှင့် ငါးရံ့တို့အား ပြောင်းလဲ မွေးမြူ၍ ခိုင်မာသည့်ဈေးကွက်တစ်ခု တည်ဆောက်နိုင်ရေး ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်းသိရှိရပါသည်။ ရေငန်ငါး တင်ပို့မှုအနေဖြင့် အိမ်နီးချင်း တရုတ်နိုင်ငံနှင့် စင်္ကာပူနိုင်ငံ များသို့ အဓိကထားတင်ပို့လျှက်ရှိပါသည်။ ရေလုပ်ငန်းကဏ္ဍ အတွက် တိုးတက်ဆောင်ရွက်နိုင်မည့် အလားအလာများရှိနေပြီး ငါးတင်ပို့မှုဈေးကွက်ကြီးဖြစ်သည့် ဥရောပဈေးကွက် အား ထိုးဖောက်ယှဉ်ပြိုင်နိုင်ရန်အတွက် အားသာချက်နှင့် အလားအလာကောင်းများ ရှိနေပြီးဖြစ်သဖြင့် ရှေ့ဆက်၍ မြန်မာ့ရေထွက်ပစ္စည်း တင်ပို့နိုင်မှုကဏ္ဍမှနေ၍ နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေများ ပိုမိုတိုးမြှင့်ရှာဖွေပေးနိုင်မည်ဖြစ် ပါသည်။

 

                                                                                                                                                    မောင်မောင်လွင် (ပို့ကုန်)