ပြည်ပသွားမည့် စိုက်ပျိုးရေးသုံးပြောင်းမျိုးစေ့များ

Wed, 06/06/2012 - 05:13 -- Anonymous (not verified)

             လယ်ယာစိုက်ပျိုးရေးကို အခြေခံထားသော ကျွန်မတို့နိုင်ငံတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍကို အဆင့်မြင့်တိုးတက်လာစေရေးအတွက် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းဆောင်ရွက်ခြင်း၊ လယ်ယာမြေများကို ခေတ်မီစက်ကရိယာများဖြင့် အစားထိုးထွန်ယက် စိုက်ပျိုးခြင်း၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးခြင်း၊ကျေးလက်တောင်သူများအား နည်းပညာပေး ဆောင်ရွက်ခြင်း၊နိုင်ငံတကာမှအထွက် ကောင်းမျိုးများကို အစားထိုးစမ်းသပ်စိုက်ပျိုးခြင်း၊ နိုင်ငံတကာမှအဆင့်မြင့်နည်းပညာအကူအညီများရယူ၍ ပူးပေါင်းဆောင်ရွက်ခြင်းတို့ကိုကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်။ ကြက်ဟင်းခါးမျိုးစေ့၊ ဖရဲမျိုးစေ့၊ ခရမ်းချဉ်သီး မျိုးစေ့ ၊ သခွားမျိုးစေ့စသော ဟင်းသီးဟင်းရွက်မျိုးစေ့များကို စိုက်ပျိုးထုတ်လုပ်၍ ပြည်ပသို့ တင်ပို့ရောင်းချ လျှက်ရှိပါသည်။

            ယခုအခါ ဖို/မ ပြောင်းမျိုးစေ့များကို ထိုင်းနိုင်ငံမှ တင်သွင်းပြီး ပြည်တွင်းမှာမျိုးစပ်၍ပြန်လည်စိုက်ပျိုး ထုတ်ယူသည့် လုပ်ငန်းများကို ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ ကုမ္ပဏီပိုင်စိုက်ကွင်းများတွင် စိုက်ပျိုးထုတ် လုပ်လျက်ရှိပြီး မိုးတွင်းကာလနှင့် ဆောင်းတွင်းကာလများတွင် စိုက်ပျိုးထွက်ရှိကြောင်းလည်း သိရှိရပါ သည်။ ၎င်းစိုက်ခင်းများမှ ဖို မ ပြောင်းမျိုးစေ့များကို ဝတ်မှုန်ကူးခြင်းစနစ်ဖြင့်    စိုက်ပျိုးပြီး ဈေးကွက်ဝင်မျိုးစေ့ ( commercial seeds )များဖြစ်သည့် (Hybird Corn Seeds) စပ်မျိုးပြောင်းမျိုးစေ့များ အောင်မြင်စွာ ထွက်ရှိ ခဲ့သဖြင့် ၎င်းစပ်မျိုးပြောင်းမျိုးစေ့များကို ပြည်တွင်း စိုက်ပျိုးရန်အတွက် မျိုးစေ့အဖြစ် ရောင်းချရသည်သာမက ပြည်ပ ဈေးကွက်သို့လည်း စတင်ထိုးဖောက်ဝင်ရောက် တင်ပို့ရောင်းချတော့မည် ဖြစ်ပါသည်။

           ယခုစိုက်ပျိုးထွက်ရှိသော စပ်မျိုးပြောင်းမျိုးစေ့(CP 888) များကို ဗီယက်နမ်နိုင်ငံသို့တင်ပို့ရောင်းချရန် ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန တွင် ပို့ကုန်လိုင်စင် လျှောက်ထားခဲ့ရာ ခွင့်ပြုထားပြီးဖြစ်ကြောင်း သိရှိရ ပါသည်။ မိမိနိုင်ငံအတွက် စပ်မျိုး မျိုးကောင်းမျိုးသန့် မျိုးစေ့များ စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ခြင်းဖြင့် ပြည်တွင်း စိုက်ပျိုးရေးလုပ်ငန်းများတွင် နှစ်စဉ်မျိုးကောင်းမျိုးကောင်း သုံးစွဲစိုက်ပျိုးအောင်မြင်နိုင်သကဲ့သို့ ပြည်ပသို့ပါ တင်ပို့ ရောင်းချနိုင်ခြင်းဖြင့် နိုင်ငံခြားငွေ ရရှိနိုင်သည်ဖြစ်ရာ မျိုးကောင်းမျိုးသန့် မျိုးစေ့များ ထုတ်လုပ်ရောင်းချ သည့် လုပ်ငန်းများ တိုးတက်ပွားများ ဆောင်ရွက်နိုင်ပါရန် သတင်းကောင်းပါးရေးသားတင်ပြအပ်ပါသည်။

                                                                                                                                                               ခင်စန်းဝင်း(ပို့ကုန်)