ကမ္ဘာ့မူပိုင်ခွင့်နေ့(၂၀၂၄) အထိမ်းအမှတ်အခမ်းအနားကျင်းပခြင်း

Fri, 04/26/2024 - 09:40 -- ipICTdep

   ကမ္ဘာ့မူပိုင်ခွင့်နေ့(၂၀၂၄) အထိမ်းအမှတ်အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၆ ရက်၊ သောကြာနေ့၊ နံနက် ၉:၀၀ နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ် (၃)၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပရာ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဦးထွန်းအုံ တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

   ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့မှ ပေးပို့လာသော သဝဏ်လွှာကို ဖတ်ကြားခြင်း၊  မူပိုင်ခွင့်ဦးစီးဌာန၏ လှုပ်ရှားမှုမှတ်တမ်း Documentary ကို ပြသခြင်း၊ မူပိုင်ခွင့်ဦးစီးဌာနနှင့် မြန်မာ့ရုပ်ရှင်အစည်းအရုံးတို့မှ ပူးပေါင်းတင်ဆက်သည့် မူပိုင်ခွင့်အသိပညာပေး ဇာတ်လမ်းတိုပြသခြင်း၊  ကမ္ဘာ့မူပိုင်ခွင့်နေ့အထိမ်းအမှတ် ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုလက်ဆောင်များပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခြင်းနှင့် မြန်မာနိုင်ငံဂီတအစည်းအရုံးမှ တင်ဆက်သည့် ကမ္ဘာ့မူပိုင်ခွင့်နေ့ (၂၀၂၄) အထိမ်းအမှတ် အခမ်းအနား သီချင်းဖြင့် ဖျော်ဖြေခဲ့ပါသည်။

   ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က “စီးပွားဂေဟစနစ် ဖွံ့ဖြိုးတိုးတက်စေဖို့ မူပိုင်ခွင့်ဖြင့်ကာကွယ်စို့” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က “ဆန်းသစ်တီထွင်ဖန်တီးမှုနှင့်မူပိုင်ခွင့်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊  ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ်က “တားဆီးကာကွယ် မူပိုင်ခွင့်ချိုးဖောက်မှု အန္တရာယ်” ခေါင်းစဉ်ဖြင့် လည်းကောင်း တင်ပြဆွေးနွေးခဲ့ကြပါသည်။

   အခမ်းအနားသို့ မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊  မူပိုင်ခွင့်ဆိုင်ရာအကျိုးဆောင်ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြသည်။

   ထို့နောက် ကမ္ဘာ့မူပိုင်ခွင့်နေ့ အထိမ်းအမှတ်အဖြစ် မူပိုင်ခွင့်ဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ပြခန်းသို့ လှည့်လည်ကြည့်ရှုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။