စားသုံးသူ အကာအကွယ်ပေးရေး၊ ကုန်သွယ်မှုမြှင့်တင်ရေးနဲ့ တရားမဝင်ကုန်သွယ်မှု လျော့နည်း ပပျောက်ရေးအတွက် ပိတ်ဆို့ ရှာဖွေတားဆီးဆောင်ရွက်နေမှုများ၊ လက်ရှိဆောင်ရွက်နေမှု အခြေအနေများ အသိပေးရှင်းလင်း ပြောကြားပွဲကျင်းပ

Thu, 05/16/2013 - 04:32 -- admin

အင်္ဂါနေ့  ။ ၀၈  ဇန်နဝါရီလ ၂၀၁၃ 19:00 PM

စားသုံးသူ အကာအကွယ် ပေးရေး၊ ကုန်သွယ်မှု မြှင့်တင်ရေးနဲ့ တရားမဝင် ကုန်သွယ်မှုများ လျော့နည်း ပပျောက်ရေး အတွက် Mobile Team လှုပ်ရှား အဖွဲ့များဖြင့် ဆောင်ရွက် နေခြင်းနဲ့ နယ်စပ် ကုန်သွယ်ရေး စခန်းများ အနီး တစ်ဝိုက်မှာ ထုတ်နုတ် အင်းအားနဲ့ ပိတ်ဆို့ ရှာဖွေ တားဆီး ဆောင်ရွက်နေမှု အခြေအနေများ အသိပေး ရှင်းလင်းပွဲကို ဇန်နဝါရီလ ၅ ရက်နေ့ ၁ဝးဝဝ ချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပဉ္စမထပ် ခန်းမမှာ ကျင်းပ ခဲ့တယ်လို့ သတင်း ရရှိပါတယ်။

နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေးမှ လက်ရှိ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း ပြောကြားရာတွင် ပကတိ အခြေအနေများကို အမှန်အတိုင်း သိရှိနိုင်ရေး ပညာပေး ကာလ စတင် မဆောင်ရွက်မီ ကတည်း ကလည်း ပညာပေး ကာလ ၁ လ (သို့မဟုတ်) ၂ လ အကြာမှာ ချပြ ရှင်းလင်း ပေးမယ်လို့ ကတိပြုခဲ့တဲ့ အတိုင်း ယခု ရှင်းလင်းပွဲ ကျင်းပရခြင်း ဖြစ်ကြောင်း၊ မူဆယ်- မန္တလေး ကုန်သွယ်မှု လမ်းကြောင်းတွင် နိုဝင်ဘာလ ၁ ရက်နေ့နဲ့ မြဝတီ- ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်းတွင် ဒီဇင်ဘာလ ၂ဝ ရက်နေ့မှ စတင်ပြီး ပညာပေး ကာလအဖြစ် ဆောင်ရွက်ခဲ့ပုံ၊ Mobile Team ဖြစ်ပေါ် လာရမှုနဲ့ စပ်လျဉ်းပြီး အစိုးရ အဖွဲ့ အသစ် တက်လာပြီး နောက်ပိုင်း ကုန်သွယ်မှု တိုးတက်စေဖို့နဲ့ ကုန်သွယ်မှု လုပ်ငန်းများ လျင်မြန် ချောမွေ့စေရေး အတွက် နိုင်ငံတော် အစိုးရ အနေနဲ့ မူဝါဒ ဆိုင်ရာ၊ အခွန်အခ ဆိုင်ရာ ကိစ္စရပ်တွေ အပေါ် ဖြေလျော့မှု များစွာ ပြုလုပ် ပေးခဲ့ပြီး ဖြစ်ကြောင်း၊ ၂ဝ၁၂ ခုနှစ် နှစ်ဆန်းပိုင်းမှာ မူဆယ်- မန္တလေး ကုန်သွယ်မှု လမ်းကြောင်း ပေါ်ရှိ ရေပူနဲ့ မြဝတီ- ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်း ပေါ်မှာရှိတဲ့ မရမ်းချောင်း စတဲ့ တရားမဝင် ကန့်သတ် ကုန်ပစ္စည်း စစ်ဆေးရေး ဂိတ်များကို ဖယ်ရှား ပေးခဲ့ ပြီးဖြစ်ကြောင်း၊ ကုန်သွယ်မှု လမ်းကြောင်း ပေါ်မှာ အတားအဆီး သဖွယ် ဖြစ်နေခြင်း အားဖြင့် ကုန်သွယ်မှု ချောမွေ့ လျင်မြန် လာစေရန် ရည်ရွယ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့ နောက်ပိုင်း ဖမ်းဆီးမှုများ ပြုလုပ်ခြင်း မရှိတော့တဲ့ အတွက် ဈေးကွက် အတွင်း တရားမျှတသော ယှဉ်ပြိုင် နိုင်မှု မရှိတာကို တွေ့ရှိရ လာကြောင်း ကန့်သတ် ကုန်ပစ္စည်း စစ်ဆေးရေး ဂိတ်ဖြုတ် သိမ်းခြင်း မပြုမီ ဖမ်းဆီး ရမိမှု အခြေအနေ များမှာ မူဆယ်၊ ရေပူ၊ မြဝတီ၊ မရမ်းချောင်း စခန်းများမှာ အများဆုံး ဖြစ်ပြီး ကျောက်စိမ်း၊ ကျောက်မျက်၊ အင်ကြင်း ကျောက်၊ မူးယစ် ဆေးဝါး၊ တရားမဝင် ယာဉ်နဲ့ မော်တော် ဆိုင်ကယ်၊ သစ်ခွဲသား၊ သစ်ပရိဘောဂ အချောထည်များ ပါရှိခဲ့ကြောင်း အသေးစိတ် ရှင်းလင်း ပြောကြား ပါတယ်။ ဧပြီလ ၃ဝ ရက်နေ့ မှာတော့ တရားမဝင် ကုန်သွယ်မှု လျော့နည်း ပပျောက်ရေးနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ဝန်ကြီး ဌာနများ၊ တိုင်း ဒေသကြီးများ၊ ပြည်နယ် အစိုးရများ တွေ့ဆုံ ဆွေးနွေး အဖြေရှာ ဆောင်ရွက်ရန် အကြီးအကဲများရဲ့ လမ်းညွှန်ချက် အရ မူဆယ်နဲ့ မြဝတီ ကုန်သွယ်မှု လမ်းကြောင်း များကို ကွင်းဆင်း လေ့လာမှု ပြုခဲ့ကြောင်း၊ ကုန်သွယ်မှု ကျဆင်းရတဲ့ အကြောင်း အရင်းများနဲ့ ကုန်သွယ်မှု လမ်း တစ်လျှောက် တရားမဝင် ကုန်သွယ်မှုများ ရှောင်ကွင်း လမ်းများနဲ့ အဆင့်ဆင့်သော တရားမဝင် ဂိတ်များနဲ့ သယ်ဆောင် နေမှုများကို တွေ့ရှိ ခဲ့ရပုံ၊ တရားမဝင် ကုန်စည်များ ဝင်ရောက်နေမှု များအား ပြည်ထောင်စု အဆင့် ကော်မတီ တစ်ရပ် ဖွဲ့စည်း၍ ထိထိ ရောက်ရောက် ဆောင်ရွက် စေရန် လှိုင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဝင်းမြင့်မှ ပထမ အကြိမ် ပြည်သူ့ လွှတ်တော် ပုံမှန် အစည်း အဝေးမှာ အရေးကြီး အဆို တင်သွင်းမှုနဲ့ စပ်လျဉ်းပြီး စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်မှ ကုန်ပစ္စည်းများ နိုင်ငံ အတွင်းသို့ ရေလမ်းမှ ၈ဝ ရာခိုင်နှုန်း ဝင်ရောက် လျက်ရှိ သဖြင့် ရန်ကုန် ဆိပ်ကမ်းရှိ နေရာ အားလုံးမှာ ထိထိ ရောက်ရောက် ဆောင်ရွက် နိုင်ရေး ထောက်ခံ ဆွေးနွေးခဲ့ပုံ၊ ကုန်သွယ်မှု ပြုလုပ်တဲ့ ပင်လယ် ရေကြောင်း၊ နယ်စပ် ကုန်သွယ်မှု စခန်း နေရာ ဒေသ အသီးသီး၌ တရားမဝင် ကုန်သွယ်မှု လုပ်ငန်းများ ဆောင်ရွက် နေခြင်းကို စစ်ဆေး ဖော်ထုတ်၍ ထိရောက်စွာ အရေးယူ ဆောင်ရွက်နိုင်ရန် အတွက် ''တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး ဗဟို ကော်မတီ''ကို နိုင်ငံတော် သမ္မတရုံးမှ ဖွဲ့စည်း တာဝန်ပေး အပ်ထားမှု အခြေ အနေများကို အသေးစိတ် ရှင်းလင်း ပြောကြား ခဲ့ပါတယ်။

တရားမဝင် ကုန်သွယ်မှုများဟာ ၂ဝ၁၅ ခုနှစ်မှာ ASEAN Free Trade Area (AFTA)ကို အပြည့်အဝ အကောင် အထည်ဖော်ရာမှာ နှောင့်နှေးစေတဲ့ အချက်လည်း ဖြစ်ကြောင်း၊ စွန့်ဦး တည်ထွင် လုပ်ကိုင်သူများကို အနှောက်အယှက် ဖြစ်စေကြောင်း၊ စားသုံးသူများကို အန္တရာယ် ဖြစ်စေတဲ့ စံမမီတဲ့ စားသောက်ကုန်များ၊ စက် ပစ္စည်းများကြောင့် တရားမဝင် ကုန်သွယ်မှုများကို ထိန်းကျောင်းနိုင်ရန် Mobile Team များနဲ့ လုပ်ဆောင်ခဲ့ရပုံ၊ အဖွဲ့မှာ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာန၊ ပြည်တွင်း အခွန်များ ဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ သက်ဆိုင်ရာ ကုန်သည်အသင်းနဲ့ ဒေသ အုပ်ချုပ်ရေး ကိုယ်စားလှယ်များ၊ Mobile Team အဖွဲ့အနေနဲ့ မမှန်မကန် မလုပ်နိုင်အောင် နိုင်ငံတော်မှ အားကိုးအားထား ပြုရတဲ့ စတုတ္ထမဏ္ဍိုင် Media မှ ကိုယ်စားလှယ် ကိုပါ အဖွဲ့တွင် ထည့်သွင်း ဖွဲ့စည်း ထားပုံ၊ ဌာန တစ်ခုတည်းမှာ တာဝန်ယူ ထမ်းဆောင်ခြင်း မရှိဘဲ စုပေါင်း ဆွေးနွေး၊ စုပေါင်း ဆုံးဖြတ်၊ စုပေါင်း အကောင် အထည် ဖော်ဆောင်ရန် Mobile Team ကို ဖွဲ့စည်းခဲ့ပုံများကို အကျယ်တဝင့် ရှင်းလင်း ပြောကြား ခဲ့ပါတယ်။

ဆက်လက်၍ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုဥက္ကဌ၊ စက်မှု ကုန်ထုတ် လုပ်သူများ အသင်းနဲ့ စားသောက်ကုန်ထုတ် တင်ပို့သူများ အသင်းများရဲ့ ဥက္ကဌ ဦးဇော်မင်းဝင်းမှ Business Ethics စီးပွားရေး ကျင့်ဝတ်ကို သေချာ လေးစား လိုက်နာမယ်ဆိုရင် ယခု ကဲ့သို့သော အခက်အခဲများကို ကြုံတွေ့ရမှာ မဟုတ်ကြောင်း၊ Mobile Team ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ကျေးဇူးတင်ကြောင်း၊ ယခုလိုမှ မလုပ်လျှင် အခက်အခဲ များစွာကြုံတွေ့ရမှာ ဖြစ်ကြောင်း၊ တင်သွင်း လာတဲ့ စားသောက်ကုန် ပစ္စည်းတိုင်းကို FDA မှ ရာနှုန်းပြည့် စစ်ဆေး ပေးနိုင်ခြင်း မရှိကြောင်း၊ တစ်ဖက် တစ်လမ်းက စစ်ဆေးမှုတော့ လုပ်ပေးနေ ပါကြောင်း၊ ကုန်သည်များနဲ့ ဌာန ပေါင်းစပ် လုပ်ရန် လိုကြောင်း၊ Rules of Law ကို လူတိုင်း လိုက်နာရန် လိုအပ်ကြောင်း၊ Consumer Protection Law လွှတ်တော်ကို တင်ပြထားပြီး ဖြစ်ကြောင်းနဲ့ မကြာမီ ပြဌာန်းတော့မှာ ဖြစ်ကြောင်း၊ စားသုံးသူများ အတွက် ဘေးအန္တရာယ် ကင်းရှင်းတဲ့ စားသောက်ကုန်များ တင်သွင်းရန် ထုတ်လုပ်ရန် လိုအပ်ကြောင်း၊ အခွန်အခများလည်း မမြင့်မားသလို နိုင်ငံတော်မှလည်း အခွန်များ မြင့်မားတဲ့ အတွက် မှောင်ခို ဝင်နေရပါတယ် ဆိုလို့ အတော်များများ ဖြေလျော့ပြီး ဖြစ်ကြောင်း၊ မှန်မှန် ကန်ကန် အခွန်ပေးသွင်းခြင်း အားဖြင့် အားလုံး စိတ်ချမ်းချမ်း သာသာ ဘေးအန္တာရယ် ကင်းကင်း ရှင်းရှင်းနဲ့ နေကြရာမှာ ဖြစ်ကြောင်း၊ Mobile Team အဖွဲ့ကြောင့် စံချိန်မီ အစားအသောက်၊ ဆေးဝါး စသည်တွေကို မှန်ကန်စွာ စားသုံးနိုင်ပြီး ပြည်တွင်း ထုတ်လုပ်သူများ အတွက်လည်း မျှတစေမဲ့ အားသာချက်များ ရှိပြီး အားနည်းချက်တွေ ကတော့ ကြန့်ကြာမှုနဲ့ အဆင့်ဆင့် ပေးကမ်းရတာတွေ ရှိနေကြောင်း၊ လုပ်ငန်းရှင်ရော ဝန်ထမ်းပါ လာဘ်ပေးလာဘ်ယူ ရှောင်ရှားကြဖို့ လိုအပ်ကြောင်း၊ ဈေးကွက် လိုအပ်ချက်များကို ကြည့်ပြီး တင်သွင်းသူနဲ့ ထုတ်လုပ်သူများ ပူးပေါင်း လုပ်ဆောင်ကြဖို့ လိုအပ်ကြောင်း၊ မတရားတဲ့နည်းနဲ့ပ ဲတင်သွင်း လုပ်ကိုင်နေမယ်ဆိုလျှင် FDI တွေ ဝင်မလာဘဲ ဖြစ်နိုင်ကြောင်း၊ FDI ဟာ Regional ပိုင်းမှာရော Global မှာပါ အရေးကြီးကြောင်း၊ မျှတသော အတွေးအခေါ်များ ရှိဖို့ ကုန်သည်များမှာရော အသင်း အဖွဲ့များမှာပါ တာဝန် ရှိကြောင်း၊ နယ်စပ် ကုန်သည် အသင်းများ အနေနဲ့ အခက်အခဲရှိလျှင် အသင်းချုပ်ကို တင်ပြပေးရန်နဲ့ အသင်းချုပ် အနေနဲ့ ကုန်သည်နဲ့ ပြည်သူများ ဖက်က ရပ်တည်ပေးသွားမယ်လို့ ပြောကြား ခဲ့ပါတယ်။

ဆက်လက်ပြီး Mobile Team အဖွဲ့(၁) နဲ့ (၂)တို့မှ တာဝန်ရှိ သူများက မြေပြင်တွင် လက်တွေ့ ဆောင်ရွက်နေမှု၊ ကြုံတွေ့ရသော အခက်အခဲ၊ အားသာချက် အားနည်းချက်များကို တင်ပြခဲ့ကြ ပါတယ်။ မူဆယ်- မန္တလေး ကုန်သွယ်မှု လမ်းကြောင်း ပေါ်မှာ ပညာပေး ကာလ အတွင်း ယာယီ သိမ်းဆည်းထားတဲ့ ကုန်ပစ္စည်းများ အတွင်းမှ တရားဝင် တင်ပို့ တင်သွင်း ခွင့်ပြုထားတဲ့ ကုန်ပစ္စည်းများအား လိုင်စင် ပြန်လည် ဆောင်ရွက် ပေးခဲ့ရာမှာ ပို့ကုန် သွင်းကုန် လိုင်စင် စောင်ရေ ၇၄ စောင် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုည ဒသမ ၂၈၇ သန်းကျော်၊ ယွမ် သုည ဒသမ ၅၇၈ ကျော်နဲ့ ကျပ် ၂၆ သန်းကျော်ဖိုး အသီးသီး ရှိကြောင်း၊ နိုင်ငံဘဏ္ဍာ အဖြစ် သိမ်းဆည်း ခဲ့ရသော ပစ္စည်းများမှာ ကျောက်စိမ်းနဲ့ သတ္တုမှုန့်များ သယ်ဆောင် လာသော ယာဉ်၊ ဘီယာ၊ ဂံျုမှုန့်၊ ကြက်သွန်ဖြူ၊ သစ်ခွ၊ သစ်၊ ဂျီသားရေ၊ အမဲသားခြောက်၊ အေးခဲ အမဲသား၊ အမဲ ဝမ်းတွင်းသား၊ ကြာညို့နဲ့ ပဲတီချဉ်တို့ ဖြစ်တယ်လို့ တင်ပြသွားခဲ့ ပါတယ်။ ပညာပေး ကာလအတွင်း စားသုံးသူ အကာအကွယ် ပေးရေး အတွက် အသားစို ကြက်သား၊ ဘဲသား၊ ကြက် အဆီဗူး၊ အသားတု၊ ကြက်အူချောင်းများ တန်ဖိုးအားဖြင့် ကျပ် ၄ ဒသမ ၇၃၅ သန်း ဖိုးအား သုံးကြိမ် မီးရှို့ ဖျက်ဆီးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ ကျပ် ၄ သိန်းကျော်ဖိုး တန်ဖိုးရှိ မုန့်များနဲ့ ကျင်းထုံ ခြင်ဆေးခွေ များကိုတော့ ဖျက်ဆီးရန် ကျန်ရှိနေ သေးတယ် လို့လည်း Mobile Team အဖွဲ့(၁) ဒုတိယတာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး ဦးကြည်စိန်မှ တင်ပြသွားခဲ့ ပါတယ်။

မြဝတီ- ရန်ကုန် Mobile Team အဖွဲ့(၂) ခေါင်းဆောင် ညွှန်ကြားရေးမှူး ဦးသိန်းဝင်းမှ ၎င်းတို့ စတင် ဆောင်ရွက်တဲ့ နိုဝင်ဘာလ ၂ဝ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်ထိ တားဆီးထားတဲ့ ပစ္စည်းများထဲမှ ကန်ဒေါ်လာ သုည ဒသမ ဝ၇၂ ကျော်၊ ကျပ် ၁၃၉ သန်းကျော် တန်ဖိုးရှိ ပစ္စည်းများကို အခွန် အရပ်ရပ် ပေးဆောင်ထားပြီး ဖြစ်တဲ့ အထောက် အထားများ လာရောက် ပြသတဲ့ အတွက် ဆက်လက် သယ်ဆောင် ခွင့်ပြု ပေးပြီးကြောင်းနဲ့ ကျပ်တန်ဖိုး ၁၇ သန်းကျော် တန်ဖိုးရှိ ကန့်သတ် ကုန်များဖြစ်တဲ့ အရက်၊ ဝိုင်၊ ဘီယာ၊ ချောကလက်၊ ဝေဖာ၊ ကွမ်းစားဆေး များကို ဖမ်းဆီးခဲ့ပြီး သက်ဆိုင်ရာ အကောက်ခွန် ဦးစီးဌာနသို့ အပ်နံှ ထားပြီးဖြစ်ကြောင်း ရှင်းလင်း တင်ပြခဲ့ ပါတယ်။

မြဝတီ- ရန်ကုန် လမ်းကြောင်းပေါ်မှာ စားသုံးသူ အကာ အကွယ်ပေးရေး အတွက် ပုစွန်ဖြူ၊ ကြက်အသည်း အမြစ် သေတ္တာများကို ခန့်မှန်း တန်ဖိုး ကျပ်သန်း၂ဝ ကျော်ဖိုးကို Mobile Team အဖွဲ့ အနေနဲ့ မီးရှို့ ဖျက်ဆီးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ မြဝတီ လမ်းကြောင်းမှာ ငါးပုံးခွံ အလွတ်များ အောက်ရှိ ငါးပုံးများ အတွင်း ကြက်အသည်း အမြစ်နဲ့ ပုစွန်ဖြူများ သယ်ဆောင်လာ ခြင်းဖြစ်တယ်၊ ကတ္တရာဖြစ်စ၊ သံဖြတ်စ၊ ပလပ်စတစ် ပစ္စည်း အဟောင်းများ၊ သနပ်ခါး ပြုလုပ်မဲ့ မြေကြီး၊ ဖရဲသီး၊ ထုံးမှုန့်၊ ကွမ်းခြင်းများ သယ်ဆောင်တဲ့ ယာဉ်များ၊ ဘီယာများ၊ စပျစ်ဝိုင်များ၊ ကားပစ္စည်း အဟောင်းများ ရောနှော ဝှက်သယ်ဆောင် လာတယ်လို့ ဦးသိန်းဝင်းရဲ့ တင်ပြချက် အရ သိရှိရပါတယ်။

ဆက်လက်၍ တက်ရောက် လာကြသူများ၊ သတင်း မီဒီယာများမှ မေးမြန်းချက်များ အပေါ် ဌာန ဆိုင်ရာများမှ တာဝန် ရှိသူများက ဖြေကြား ပေးခဲ့ကြ ပါတယ်။ တွေ့ဆုံ ရှင်းလင်းပွဲသို့ တက်ရောက် လာကြတဲ့ Media သမားများကို ဇန်နဝါရီလ ၆ ရက်နေ့တွင် Mobile Team အဖွဲ့ (၂)မှ တာဝန် ယူထားတဲ့ မြဝတီ- ရန်ကုန်လ မ်းပိုင်း ပေါ်ရှိ ''ဝေါ'' သို့ လက်တွေ့ ကွင်းဆင်း လေ့လာနိုင်ရန် ခရီးစဉ် တစ်ရပ်လည်း စီစဉ်ပေးခဲ့ တယ်လို့ သတင်းရရှိ ပါတယ်။ တွေ့ဆုံ ရှင်းလင်းပွဲတွင် ညွှန်ကြားရေးမှူးချုပ်မှ Mobile Team ကို အမြဲထားမည် မဟုတ်ကြောင်း၊ နိုင်ငံတကာနဲ့ ယှဉ်နိုင်တဲ့ အဆင့်ကို ရောက်ရှိလာပြီ ဆိုရင် ဖြုတ်ပေးမည် ဖြစ်ကြောင်း လိုအပ်ချက် အရ တာဝန်ေ ပးထားရခြင်း ဖြစ်ကြောင်း၊ တာဝန် ပေးခံရသူများ အနေနဲ့ တာဝန် အရ ပေးဆပ်ခြင်း အနေနဲ့ လုပ်ဆောင် သွားကြရမှာ ဖြစ်ကြောင်း၊ နိုင်ငံတော်မှ ဆင်းရဲနွမ်းပါးမှု ပပျောက်ရန်နဲ့ FDI ကို လက်ရှိ အခြေအနေမှ နှစ်ဆ သုံးဆထိ မြင့်အောင် လုပ်ဆောင် ပေးနေကြောင်း၊ ရေမြင့်လျှင် ကြာတင့်မည် ဖြစ်ကြောင်းနဲ့ အကောင်းဆုံး ဖြစ်အောင် ညှိနှိုင်း ဆောင်ရွက်လျက် ရှိပါကြောင်း နိဂုံးချုပ် စကားပြောကြားပြီး တွေ့ဆုံ ရှင်းလင်းပွဲကို ၁၃း၄ဝ ချိန်မှာ အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့တယ်လို့ သတင်း ရရှိပါတယ်။

DOBT (MIRT)