နှံစားသီးနှံတင်ပို့မှုအတွက် အိန္ဒိယမှ အခွင့်အရေးရ

Sat, 10/08/2011 - 09:47 -- Anonymous (not verified)

ကမ္ဘာ့ဈေးကွက်မှာ နှံစားသီးနှံ ဝယ်လိုအားတက်လာပြီး ဈေးနှုန်းပါမြင့်လာတာကြောင့် အိန္ဒိယရဲ့ နှံစားသီးနှံ တင်ပို့မှုအခြေအနေကောင်းနေကြောင်း သိရပါတယ်။ ဂျုံဈေးနှုန်း ၁၅ ရာခိုင်နှုန်းမြင့်တက်ပြီး ယခင်နှစ်က တစ်ဘူရှယ်ကို ၆ ဒသမ ၅၁ ဒေါ်လာရှိရာကနေ ယခုပြက္ခဒိန်နှစ် ဒုတိယသုံးလပတ်မှာ တစ်ဘူရှယ်ကို ၇ ဒသမ ၄၈ ဒေါ်လာရှိကြာင်း သိရပါတယ်။ အလားတူ ပြောင်းဈေးနှုန်းကလည်း မြင့်တက်သွားပြီး တစ်ဘူရှယ်ကို ၄ ဒသမ ၂၁ ဒေါ်လာရှိပါတယ်။ သကြားတစ်ပေါင်ကိုတော့ ၀ ဒသမ ၂၄ ဒေါ်လာဖြစ်သွားကြောင်း သိရပါတယ်။ အိန္ဒိယက စိုက်ပျိုးရေးကဏ္ဍမှာ သီးနှံ အမြောက်အမြားထွက်ရှိပြီး တန်ချိန် ၆၄ သန်း သိုလှောင်ထားနိုင်ခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့် သိုလှောင်မှု နည်းလမ်းမကောင်းတာကြောင့် တန်ချိန် ၆၁ ဒသမ ၂၈ သန်းကို ကျဆင်းခဲ့ကြောင်း သိရပါတယ်။ ၂၀၀၈ မှာ အိန္ဒိယ ပြည်တွင်းလိုအပ်ချက်နဲ့ ကုန်ဈေးနှုန်းကို ထိန်းချုပ်ဖို့အတွက် ဆန်၊ ဂျုံ၊ သကြား တင်ပို့မှုကို တားမြစ်ခဲ့ပါတယ်။ ယခု အချိန်မှာတော့ ကမ္ဘာ့ဈေးကွက်ရဲ့ ဝယ်လိုအားလည်းတက်နေပြီး၊ ပြည်တွင်းထုတ်လုပ်မှုလည်း ပိုလျှံနေပြီ ဖြစ်ပါတယ်။ အိန္ဒိယအစိုးရက တင်ပို့မှုကို ကန့်သတ်ထားဆဲဖြစ်ပြီး၊ သတ်မှတ်ပမာဏကိုသာ တင်ပို့ခွင့်ပြုကြောင်း သိရပါတယ်။ ဒီလို တင်ပို့ခွင့်ပြုထားတဲ့ နှံစားသီးနှံတွေရဲ့ အရေအတွက်က ပြည်တွင်းဈေးနဲ့ သိုလှောင်မှုကို သိသာထင်ရှားစွာ အကျိုး သက်ရောက်မှုမရှိနိုင်ကြောင်း သိရပါတယ်။ အစိုးရက ပို့ကုန် ပိုမိုခွင့်ပြုပေးပါက စီးပွားရေးတိုးတက်လာနိုင်ပြီး အိန္ဒိယ အစားအစာ ကော်ပိုရေးရှင်းကလည်း စိုက်ပျိုးရေးသီးနှံ သိုလှောင်မှု လျော့ချဖွယ်ရှိကြောင်း သိရပါတယ်။ ဈေးနှုန်းမြင့်ပြီး ကမ္ဘာ့စိုက်ပျိုးသီးနှံ ဝယ်လိုအားတက်လာခြင်းက ရတောင့်ရခဲအခွင့်အရေးဖြစ်ပြီး အိန္ဒိယအနေနဲ့ လက်မလွတ်တမ်း အသုံးချသင့်ကြောင်း စီးပွားရေးပညာရှင်များက ပြောကြားတယ်လို့ သတင်းရရှိပါတယ်။

Source : Commodity online   (KZW)