ဒီဇင်ဘာလဆန်းပိုင်းမှာ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရွှေလီမှာ ကျင်းပမည်

Wed, 11/09/2011 - 04:18 -- Anonymous (not verified)

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးကုန်စည်ပြပွဲကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၈ ရက်မှ ၁၁ ရက်ထိ ၄ ရက်ကြာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရွှေလီမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမယ်လို့ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနက သတင်းရရှိပါတယ်။ ဒီကုန်စည်ပြပွဲဟာ (၁၁) ကြိမ်မြောက် ကျင်းပတဲ့ပွဲဖြစ် ပါတယ်။တရုတ်-မြန်မာ နယ်စပ်ကုန်စည်ပြပွဲမှာ ပါဝင်ပြသလိုသူများအနေနဲ့ ညွှန်ကြားရေးမှူး ကုန်သွယ်မှု မြှင့်တင်ရေးဌာနခွဲ ၊ ဖုံးအမှတ်-၀၆၇-၄၀၈၁၆၉ ၊ ၀၆၇-၄၀၈၃၂၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်တယ်လို့ သိရပါတယ်။ကုန်စည်ပြပွဲမှာ ပါဝင်ပြသကြမယ့် ပြပွဲပစ္စည်းများရဲ့  Packing List   နဲ့ Invoice   များကို ပြပွဲပစ္စည်းများ သယ်ယူပို့ဆောင်ရေးလုပ်ငန်း ကော်မတီဥက္ကဌ ပို့ကုန်ဌာန ညွှန်ကြားရေးမှူး ၀၆၇-၄၀၈၁၆၉ သို့ ဆက်သွယ်ပေးပို့ ရမှာဖြစ်ပါတယ်။ ပါဝင်ပြသမဲ့ ပစ္စည်းစာရင်းများကိုတော့ နိုဝင်ဘာလ (၁၀) ရက်နေ့ နောက်ဆုံးထားပေးပို့ရမှာ ဖြစ်ပြီး Invoice  နဲ့  Packing List များ ပြုစုရာမှာ ဒေါ်လာနဲ့ တန်ဖိုးသင့် ဖော်ပြပေးရန်နဲ့ တရုတ်ဘာသာနဲ့ ပြုစုပါ ကလည်း လုပ်ငန်းပိုမိုအဆင်ပြေလွယ်ကူစေမယ်လို့ သိရပါတယ်။ ပြပွဲမှာပြသမဲ့ ပစ္စည်းများ တစ်ဖက်နိုင်ငံသို့တင်ပို့ စဉ်မှာ အခွန်အကောက်တစ်စုံတစ်ရာ ကောက်ခံခြင်းပြုမှာမဟုတ်ကြောင်းနဲ့ အမှန်တကယ် ရောင်းချမှုအပေါ်မှာ    ကောက်ခံသွားမည်ဖြစ်ကြောင်း၊ ကန့်သတ် တားမြစ်ထားတဲ့ ပစ္စည်းများမပါဝင်စေရေးနဲ့ Open General Licence(OGL)   ကို ၂ ပတ်ကြိုတင်ဆောင်ရွက်ရမှာဖြစ်လို့ လုပ်ငန်းအဆင်ပြေချောမွေ့စေရေး စာရွက်စာတမ်းများ ပြည့်ပြည့်စုံစုံ အချိန်မီပေးပို့ကြရန် လိုအပ်ကြောင်း စုံစမ်းမေးမြန်းလိုပါက ဖုန်းအမှတ်-၀၆၇-၄၀၈၂၈၁ သို့ ဆက်သွယ် နိုင်တယ်လို့ သိရပါ တယ်။ ရန်ကုန်မှ တင်ဆောင်သွားမယ့် ပြပွဲပစ္စည်းများကို နိုဝင်ဘာလ ၂၅ မှ ၂၈ ရက်ထိကာလအတွင်း နာဂလှိုင်ဂူ သိုလှောင်ရုံမှာလည်းကောင်း၊ ရေထွက် ကုန်များကို အဆိုပါကာလအတွင်းမှာဘဲ အလုံအအေးခန်းမှာလည်းကောင်း စစ်ဆေးပေးသွားမယ်လို့ သိရပါတယ်။မန္တလေးက တင်ဆောင်မယ့် အဖွဲ့တွေ ကိုတော့ ၂၈-၁၁-၂၀၁၁ မှ ၃၀-၁၁-၂၀၁၁ ထိကာလအတွင်းမှာ စစ်ဆေးပေးမယ်လို့ သိရပါတယ်။ ပြပွဲမှာသွားရောက်ပြသကြမယ့် လုပ်ငန်းရှင် ကုမ္ပဏီများ အနေနဲ့ သက်ဆိုင်ရာ ဌာနများ (သစ်တော/ကျောက်မျက်) ရဲ့ထောက်ခံချက်များ ရယူရမယ့်ကိစ္စကိုလည်း ကုန်စစ်ဆေး ခံယူခြင်း မပြုမီ ပြီးပြတ်အောင် ဆောင်ရွက်ပေးရန် အသိပေးလိုက်ရပါတယ်။ယခုနှစ်ကုန်စည်ပြပွဲဟာ ထူးခြားမှုရှိနေတယ်လို့ သတင်းတွေကြားတဲ့အတွက် သက်ဆိုင်ရာတာဝန်ရှိသူများ ကိုမေးမြန်းစုံစမ်းကြည့်ရာမှာတော့ မိမိနိုင်ငံထုတ်ကုန်ပစ္စည်းများ အရည်အသွေးမြင့်မားစေရေး၊ ဈေးနှုန်းမြင့်မားစွာ ရရှိစေရေး၊ ကုန်သွယ်မှုမြှင့်တင် ရေးရည် ရွယ်ပြီး ကုန်စည်ဒိုင်များစာတန်းဖတ်ပွဲကို ဒီဇင်ဘာလ ၃ ရက်မှ ၅ ရက်အထိ မူဆယ်တွင် မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်း ဝယ်ရေးမှကြီးမှူး၍ လည်း ကောင်း (Economic Cooperate Forum ကိုရွှေလီတွင် ဒီဇင်ဘာလ ၆ ရက်မှ ၈ ရက်အထိ  UMFCCI မှကြီးမှူး၍လည်းကောင်း၊ ကျင်းပသွားမယ့် အစီ အစဉ်များပါရှိတယ်လို့သိရှိရပါတယ်။ ကုန်စည်ပြပွဲနဲ့အတူ သတ္တမအကြိမ်မြောက် မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုပူးပေါင်းညှိနှိုင်း ရေးကော်မတီ (Joint  Border Trade Cooperation  & Coordination  Committee-JBTCCC)  အစည်းအဝေး၊ အရောင်းအဝယ်စာချုပ် ချုပ်ဆိုပွဲများလည်း ဆောင် ရွက်သွားမယ်လို့ သိရပါတယ်။
ချမ်းမြေ့မောင်  (MIRT)