ကွမ်းစိုက်တောင်သူများအကျိုးအမြတ်ရရှိ

Tue, 12/05/2023 - 03:39 -- mocadmin

   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ကွမ်းများကို စီးပွားဖြစ်စိုက်ပျိုးလာကြ ကြောင်း၊ ကွမ်းစိုက်ပျိုးမှုအနေဖြင့် ကျောက်ဆည်မြို့နယ်တွင် (၄၀၀) ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၁၄၇) ဧက၊ မြစ်သားမြို့နယ်တွင် (၃၅) ဧက၊ စုစုပေါင်းစိုက်ဧက (၅၈၂) ဧက စိုက်ပျိုးခဲ့ပြီး (၄၉၂) ဧကမှ ကွမ်းရွက်များ ခူးဆွတ်နိုင်ကြောင်း ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

   ကွမ်းကို တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သော်လည်း မိုးတွင်းကာလတွင် အပင်အမြစ် စွဲလွယ်ပြီး ကြီးထွားနှုန်းမြန်သည့် ဇွန်လနှင့်ဇူလိုင်လများ၌ စိုက်ပျိုးမှုများပြားကြောင်း၊ ကွမ်းမျိုးအနေဖြင့် ကွမ်းနုဝါမျိုးနှင့် အထွက်တိုးမျိုး (ဥဓမ) မျိုးဟူ၍ စိုက်ပျိုးကြသည့်အနက် ကွမ်းနုဝါမျိုးကိုသာ အဓိကစိုက်ပျိုးကြကြောင်း၊ ကွမ်းနုဝါမျိုးသည် ဈေးကွက်ကောင်းမွန်၍ ကွမ်းစားသူများ ကြိုက်နှစ်သက်ပြီး ပွဲရုံများတွင် အရောင်းအဝယ်ကောင်းသောကြောင့် ကွမ်းနုဝါမျိုးကို အဓိကထား စိုက်ပျိုးရခြင်းဖြစ်ကြောင်း သိရသည်။

   ကွမ်းရွက်အထွက်နှုန်းအနေဖြင့် ကွမ်းပင် (၁၀၀၀) စိုက်လျှင် နွေရာသီနှင့်မိုးရာသီကာလများ တွင် ပိဿာချိန် (၇၀-၈၀) ထွက်ရှိပြီး ဆောင်းရာသီတွင် (၂၅-၃၀) ပိဿာထွက်ရှိကြောင်း၊ ကွမ်း ဈေးနှုန်းအနေဖြင့် နွေရာသီနှင့်မိုးရာသီကာလများတွင် တစ်ပိဿာလျှင် (၃၀၀၀-၃၅၀၀)ကျပ် ဈေးနှုန်းရှိပြီး ဆောင်းရာသီတွင် တစ်ပိဿာလျှင် (၁၂၀၀၀-၁၃၀၀၀) ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ နွေရာသီနှင့် မိုးရာသီကာလများတွင် ကွမ်းဈေးနှုန်းနိမ့်သော်လည်းအထွက်နှုန်းကောင်းမွန် ပြီး ဆောင်းရာသီတွင် အထွက်နှုန်းလျော့နည်း၍ ဈေးကောင်းရသောကြောင့် တူညီစွာအကျိုးအမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ထွက်ရှိလာသောကွမ်းများအား မန္တလေး၊ မိထ္ထီလာ၊ ပျော်ဘွယ်နှင့် ရမည်းသင်းမြို့နယ်များသို့ အဓိကတင်ပို့ရောင်းချလျက်ရှိကြောင်း၊ တစ်နှစ်ပတ်လုံး ခြုံကြည့်လျှင် ကွမ်းပင် (၁၀၀၀) စိုက်ပျိုးထားသော ကွမ်းစိုက်တောင်သူများအနေဖြင့် တစ်လလျှင် (၃၀၀၀၀၀-၃၅၀၀၀၀) ကျပ် ပျမ်းမျှဝင်ငွေရှိပြီး တစ်နှစ်လျှင်(၃၆၀၀၀၀၀-၄၂၀၀၀၀၀) ကျပ်ခန့် ဝင်ငွေရရှိကြောင်း၊ ကွမ်းခြံတစ်ခြံ၏ သက်တမ်းမှာ ပျိုးထောင်ပြုစုမှု ကောင်းမွန်ပါက (၁၀-၁၂) နှစ်အထိ သက်တမ်းရှိသောကြောင့် ကွမ်းစိုက်တောင်သူများအနေဖြင့် အပိုဝင်ငွေရရှိကာ အကျိုးအမြတ်များစွာရရှိ‌ကြောင်း သိရသည်။

DOCA (မန္တလေး)

Local Trade News

Pages