စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် Myanmar Trade Portal Workshop
အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားခြင်း

နေပြည်တော်၊ ဇန်နဝါရီ ၂၆ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကြီးမှူး ကျင်းပသော Myanmar Trade Portal အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉:၃၀ နာရီ အချိန်က နေပြည်တော်ဟိုတယ်ဇုံရှိ၊ Hotel Royal ACE ၌ ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့် တက်ရောက်အမှာစကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် Myanmar Trade Portal အား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် USAID တို့သည် ၂၀၁၄ ခုနှစ်ကတည်းက ပူးပေါင်းညှိနှိုင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီး၏ သတင်းအချက်အလက်များရရှိရေးအတွက် ကြိုးပမ်းစုဆောင်း ခဲ့ပါကြောင်း၊ ယနေ့အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ဝန်ကြီးဌာနများ မှ ပြဌာန်းထားသည့် စည်းမျဉ်းဥပဒေဆိုင်ရာ အချက်အလက်များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ စုစည်းပြီး ကုန်သွယ်မှုသတင်းအချက်အလက် ဘဏ္ဍာတိုက်တစ်ခုအဖြစ် တည်ဆောက်ထားရှိမှုကို သိရှိစေရန်နှင့် ကုန်သွယ်မှုလျင်မြန် ချောမွေ့စေရေးကို အထောက်အကူဖြစ်စေသော သိသာပွင့်လင်းမြင်သာမှု သိရှိစေရန် နှင့် ကုန်သွယ်မှုလျင်မြန်ချောမွေ့ရေးကို အထောက်အကူဖြစ်စေသော သိသာပွင့်လင်း မြင်သာမှု ရှိစေရန်အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအနေဖြင့် ပူးပေါင်းပါဝင်ရ မည့် အခန်းကဏ္ဍကို အကောင်အထည်ဖော်ထားခြင်းအား သိရှိစေလို၍ဖြစ်ကြောင်း၊ ကုန်သွယ်မှု သတင်းအချက်အလက် ဘဏ္ဍာတိုက်ဆိုသည်မှာ ကုန်သွယ်မှုနှင့်ဆက်စပ်သည့် လုပ်ထုံးလုပ်နည်း၊ အမိန့်ကြော်ငြာချက်များ၊ စည်းမျဉ်းစည်းကမ်းများ၊ အကောက်ခွန်နှုန်းများ အစရှိသည့် သတင်းအချက်အလက်များအားလုံး စုဝေးရာ Website တစ်ခုဖြစ်ပြီး မည်သူမဆို လွတ်လပ်စွာ ဝင်ရောက် ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း၊ ကုန်သွယ်မှု သတင်းအချက်အလက်ဘဏ္ဍာတိုက် ပေါ်ထွန်းလာခြင်းအားဖြင့် အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍတို့အကြား ပိုမို နားလည်မှုရှိလာမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ကုန်သွယ် မှုလျင်မြန်ချောမွေ့စေရေးကိုများစွာ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်သွယ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းအဆင့် အဆင့်အား လွယ်ကူစွာသိမြင်နိုင်သည့်အတွက် အချိန်ကုန်သက်သာမည်ဖြစ်သဖြင့် ဝန်ကြီးဌာနများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် ပြောကြားသည်။

ယင်းနောက် USAID Private Sector Development Activity မှ ဒေါ်အိအိထွန်း နှင့်ကျွမ်းကျင်ပညာရှင် Mr. Steve Creskoff တို့မှ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုတို့အား ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ တက်ရောက်လာကြ သော ကိုယ်စားလှယ်များမှ Mr.Trade Portal အောင်မြင်စွာ ဖြစ်ပေါ်လာရေးအတွက် ဆွေးနွေးခဲ့ကြသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးဒေါက်တာပွင့်ဆန်း၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကုန်သွယ်မှုနှင့်ဆက်စပ်သည့် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍများမှ ဘာသာရပ်တာဝန်ခံများ၊ USAID မှ ကျွမ်းကျင်ပညာရှင်များ စုစုပေါင်း (၇၀) ဦး တက်ရောက်ခဲ့ကြသည်။