စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ
ဦးစီး၍အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး
အကူအညီဖြစ်သည့် EIF လုပ်ငန်းစဉ်အတွက် အမျိုးသားအဆင့်လမ်းညွှန်ကြီးကြပ်မှုကော်မတီ(National Steering Committee-NSC) ဖွဲ့စည်းခြင်းနှင့်ပတ်သက်သောဆွေးနွေးပွဲ(Seminar)ကျင်းပခြင်း

 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအကူအညီဖြစ်သော EIF လုပ်ငန်းစဉ်အတွက် အမျိုးသားအဆင့် လမ်းညွှန်ကြီးကြပ်မှု ကော်မတီ (National Steering Committee-NSC) ဖွဲ့စည်းခြင်းနှင့် EIF လုပ်ငန်းစဉ်တွင် ရှေ့ဆက် ဆောင်ရွက်ရန် အချက်များနှင့်ပတ်သက်သောဆွေးနွေးပွဲ(Seminar) ဖွင့်ပွဲအခမ်းအနားကို ၂၀၁၄ ခုနှစ်၊ မေလ ၂၀ ရက်နေ့နံနက် (၉) နာရီတွင် နေပြည်တော်ရှိ ဟိုတယ်ရွှေပြည်တော်တွင် ကျင်းပရာ အခမ်း အနားသို့ အမျိုးသားအဆင့်လမ်းညွှန်ကြီးကြပ်မှုကော်မတီ (National Steering Committee-NSC) ဥက္ကဌ ဖြစ်သူ ပြည်ထောင်စုဝန်ကြီး ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ကိုယ်စားအတွင်းရေးမှူးဖြစ်သူ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာပွင့်ဆန်းမှတက်ရောက် အဖွင့် အမှာ စကားပြောကြားခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနား၌ ဒုတိယဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော် အစိုးရသစ် လက်ထက် နိုင်ငံရေး၊ စီးပွားရေးနှင့်လူမှုရေးဆိုင်ရာပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များအပေါ် အားပေး ထောက်ခံသည့်အနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများမှလဲ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများကို သိသိ သာသာတိုးမြှင့်ပေးလာသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ အဆိုပါ အကူအညီများအနက် ကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့ WTO ၏ ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရေးအကူအညီ တစ်ရပ်ဖြစ်သော Enhanced Integrated Framework (EIF) အစီအစဉ်သည်လည်း အရေး ပါသောအခန်းကဏ္ဍမှပါဝင်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် EIF အစီအစဉ်အရ အကျိုးခံစား ခွင့်ရှိသော နိုင်ငံတစ်ခုအနေဖြင့် ၂၀၁၃ ခုနှစ် ဧပြီလမှ စတင်၍ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ WTO မှ အသိအမှတ်ပြုခဲ့ပြီး EIF အစီအစဉ်အရမည့် လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက် နိုင်ရေးပြင်ဆင်ခဲ့ရာ ပထမအဆင့်ဖြစ်သော ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘက်စုံဆက်စပ်လေ့လာမှုအကြိုအဆင့်(Pre Diagnostic Trade Integrated Study – Pre DTIS Phase) အဆင့်ကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ယင်းအဆင့်တွင် ဆောင်ရွက်သွားရမည့် EIF လုပ်ငန်းစဉ်အတွက် အမျိုးသားအဆင့် လမ်းညွှန်ကြီးကြပ်မှုကော်မတီ (National Steering Committee-NSC) ဖွဲ့စည်းခြင်းကို နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခွင့်ပြုချက်ရယူကာ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယခုအခမ်း အနားတွင်ဖွဲ့စည်းမှုအား တစ်ပါတည်းအသိပေးတင်ပြခြင်းဖြစ်ပါကြောင်း၊ EIF လုပ်ငန်းစဉ်သည် ရေရှည် လုပ်ငန်းစဉ်ဖြစ်သဖြင့် အစိုးရဌာများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်အဖွဲ့ အစည်းများ၏ ညှိနှိုင်းပေါင်းစပ်အင်အားဖြင့်သာ အောင်မြင်အောင် ဆောင်ရွက်သွားနိုင်မည်ဖြစ် ကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုဦးစားပေးကဏ္ဍများအနက် အရေးပါသည့် ကုန်သွယ်မှုကဏ္ဍတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ရန် ကတိကဝတ်များနှင့်အတူ အရေးကြီးသော အထောက်အပံ့အကူအညီဆိုင်ရာ ကတိကဝက် များကိုလည်း တိုးတက်ရရှိ အောင်ဆောင်ရွက်သွားရန် လိုအပ် ကြောင်းနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်များ၊ အစိုးရနှင့် ပြည်တွင်းပြည်ပမှ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၏ လက်ရှိပူးပေါင်းမှုများကို အရှိန်အဟုန်မြှင့်တင်ပြီး မိမိတို့ကုန်သွယ်မှုကဏ္ဍအတွက် အကျိုးရလဒ်ကို ဖြစ်ထွန်းစေမည့် ထိရောက်သည့်အကူအညီများ ဖြစ်ပေါ် လာစေရေးကို ဦးတည်ချက်ထားရှိကာ ဆောင်ရွက်သွားမည်ဆိုပါက မိမိတို့၏ရည်မှန်းချက်များကို အောင်မြင်အောင်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်းဖြင့် အမှာစကား ပြောကြားခဲ့ပါသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားသို့ အမျိုးသားအဆင့် လမ်းညွှန်ကြီးကြပ်မှုကော်မတီ (National Steering Committee-NSC) တွင် အဖွဲ့ဝင်အဖြစ်ပါဝင်သောကုန်သွယ်မှုနှင့် ဆက်စပ်နေသော ဝန်ကြီးဌာန များမှ ဒုတိယဝန်ကြီးများလည်းတက်ရောက်ကြပါသည်။ ထို့အပြင်ပြည်ထောင်စုမြန်မာ နိုင်ငံကုန်သည်များ နှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံဆန်စပါး အသင်း ချုပ်၊ မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်တို့မှ ဗဟိုအလုပ် မှုဆောင်အဆင့်ကိုယ်စားလှယ်များ၊ အစိုးရဌာနအဖွဲ့အစည်း (၄၁) ခုမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ တက်ရောက်ကြပါသည်။

အခမ်းအနားသို့ဖွံ့ဖြိုးမှုမိတ်ဘက်များဖြစ်သော မြန်မာနိုင်ငံ၏ EIF လုပ်ငန်းစဉ်တွင် Donor Facilitator အဖြစ် တာဝန်ယူလျက်ရှိသည် ဥရောပသမဂ္ဂအဖွဲ့ (EU)၊ မြန်မာနိုင်ငံ၏ EIF လုပ်ငန်းစဉ် အောက်ရှိ DTIS အဆင့်အား အဓိကအကောင်အထည်ဖော်ဆောင်ရွက်သွားမည့် ကမ္ဘာ့ဘဏ် (World Bank) တို့နှင့်အတူ UN Aids၊ JICA၊ Japan၊ US Aids၊ KOICA၊ ADB၊ IMF၊ GIZ၊ IFC၊ WFP၊ ILO နှင့် Switzerland နိုင်ငံတို့မှ ကိုယ်စားလှယ်များလည်းတက်ရောက် ခဲ့ကြပါသည်။

ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး အကူအညီတစ်ရပ်ဖြစ်သော Enhanced Integrated Framework (EIF) လုပ်ငန်းစဉ်ကို ဖွံ့ဖြိုးမှုနောက်ကျသည့်နိုင်ငံများဖြစ်သည့် LDCs နိုင်ငံ အားလုံးအား ပေးအပ်ခြင်း ဖြစ်ပြီး ဖွံ့ဖြိုးမှုနောက်ကျသည့်နိုင်ငံများဖြစ်သည့် LDCs နိုင်ငံများအနေဖြင့် LDCs နိုင်ငံအဖြစ်မှ Graduration မဖြစ်မခြင်းရရှိခံစားနိုင်သည့် ရေရှည်လုပ်ငန်းစဉ် တစ်ရပ်ဖြစ်ကြောင်း သိရှိရပါသည်။

ဖွံ့ဖြိုးမှု နောက်ကျသည့်နိုင်ငံများဖြစ်သည့် LDCs နိုင်ငံများအနေဖြင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက် ရေးအကူအညီ တစ်ရပ်ဖြစ်သော Enhanced Integrated Framework (EIF) လုပ်ငန်းစဉ်ပါ ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရေး အကူအညီများကိုရယူကာ မိမိတို့နိုင်ငံ၏ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို အကျိုးရှိရှိရယူဆောင်ရွက်လျက်ရှိ ပါသည်။ Enhanced Integrated Framework (EIF) လုပ်ငန်းစဉ်သည် နိုင်ငံ၏ကုန်သွယ်မှုအား စဉ်ဆက်မပြတ်တိုးတက် ဖြစ်ထွန်းစေကာ ယင်းမှတစ်ဆင့်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ (Development Strategies) နှင့် နည်းဗျူဟာများနှင့်အတူ လိုက်လျောညီထွေမှုရှိရှိ ပေါင်းစပ် ဆောင်ရွက်စေခြင်းဖြင့် နိုင်ငံ၏ဆင်းရဲနွမ်းပါမှု (Poverty Reduction) ကိုလျော့ကျရန်နှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်မှု (Sustainable Development) ဆီသို့  လျှောက်လှမ်းနိုင်ရန်အတွက် မျှော်မှန်းချက် ထားရှိ ဆောင်ရွက်ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO) မှ ယင်းတို့၏ လုပ်ငန်းစဉ်တွင် ဖော်ပြထားကြောင်း တွေ့ရှိရပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) သည် မြန်မာနိုင်ငံအား EIF အစီအစဉ်အရအကျိုးခံစား ခွင့်ရှိ သော နိုင်ငံတစ်နိုင်ငံအနေဖြင့် ၂၀၁၃ ခုနှစ် ဧပြီလမှ စတင်ကာတရားဝင် အသိအမှတ်ပြု ပေးခဲ့ပါသည်။ EIF လုပ်ငန်းစဉ်အောက်တွင် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘက်စုံ ဆက်စပ်လေ့လာမှု အကြို အဆင့် (Pre Diagnostic Trade Integrated Study -Pre-DTIS Phase)၊ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာဘက်စုံဆက်စပ်လေ့လာမှုအဆင့် (DTIS Phase)၊ လုပ်ငန်းစီမံကိန်းများအကောင် အထည် ဖော်ခြင်းအဆင့်-၁ (Tier 1 Phase) နှင့် လုပ်ငန်းစီမံကိန်း များ အကောင်အထည်ဖော်ခြင်း အဆင့်-၂ (Tier 2 Phase) စသော အဆင့် (၄) ဆင့် ပါဝင် ကြောင်းသိရှိရပါသည်။

အဆိုပါအဆင့် (၄) ဆင့်အနက်မှ ပထမဆုံးအဆင့်ဖြစ်သော Pre-DTIS အဆင့်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ စတင်ဆောင်ရွက်လျက်ရှိပြီး ယင်းအဆင့်တွင် ပါရှိသည့် အဓိက လုပ်ငန်းစီမံချက်တစ်ခုဖြစ်သော အမျိုးသားအဆင့်လမ်းညွှန်ကြီးကြပ်မှုကော်မတီ (National Steering Committee- NSC) ဖွဲ့စည်းခြင်းနှင့် EIF လုပ်ငန်းစဉ်တွင် ရှေ့ဆက်ဆောင်ရွက်ရန်အချက်များ နှင့် ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးညှိနှိုင်းနိုင်ရန်အတွက် ယခုကဲ့သို့ အစိုးရဌာနများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်အသင်းများမှ ကိုယ်စားလှယ်များအား ဖိတ်ခေါ်ကာဆွေးနွေးပွဲ (Seminar) ကျင်းပခြင်း နှင့် ဆက်စပ်အစည်းအဝေးများ ပြုလုပ်ခြင်းကို တစ်ပြိုင်နက်ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

EIF လုပ်ငန်းစဉ်အတွက် အမျိုးသားအဆင့် လမ်းညွှန်ကြီးကြပ်မှုကော်မတီ (National Steering Committee- NSC) ဖွဲ့စည်းခြင်းနှင့် EIF လုပ်ငန်းစဉ်တွင် ရှေ့ဆက်ဆောင်ရွက်ရန် အချက်များနှင့် ပတ်သက်သောဆွေးနွေးပွဲ (Seminar) ကို မေလ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပခဲ့ပြီး မေလ ၂၁ ရက်နေ့တွင် ကုန်သွယ်မှုကဏ္ဍဆိုင်ရာလုပ်ငန်းအဖွ့ဲ (Trade Sector Working Group – TSWG) နှင့် ပတ်သက်သော ပထမအကြိမ်အစည်းအဝေးကိုလည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ ဦးဆောင်ကာ သက်ဆိုင်ရာအစိုးရဌာနများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွ့ဲအစည်းများမှ ကိုယ်စား လှယ် များနှင့်အတူ ဆက်စပ်ကျင်းပခဲ့ကြောင်း သိရှိ ရပါသည်။

နေပြည်တော်တွင် မေလ ၂၀ ရက်နေ့၌ ကျင်းပသည့်ဆွေးနွေးပွဲ (Seminar) ဖွင့်ပွဲ အခမ်းအနားသို့ စုစုပေါင်းအင်အား (၁၅၀) ခန့်တက်ရောက်ခဲ့ကြပါသည်။