တောင်တွင်းကြီးမြို့နယ်တွင် မတ်ပဲသီးနှံများ စတင်ထွက်ပေါ်ချိန် ဈေးကောင်းရ၍ တောင်သူများ အဆင်ပြေနေ

        မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ဆောင်းသီးနှံအဖြစ် မတ်ပဲ များ စတင်ရိတ်သိမ်းလျက်ရှိပြီး ဈေးကောင်းရရှိနေကြောင်း သိရသည်။ တောင်တွင်းကြီးမြို့နယ်ရှိ ကျေးလက်နေတောင်သူများမှာ ဆောင်းသီးနှံအဖြစ် မတ်ပဲကို မိုးစပါးသီးနှံ ရိတ်သိမ်းပြီးအချိန် အောက်တိုဘာလနှင့် နိုဝင်ဘာလများမှ စတင်ကြဲပက် စိုက်ပျိုးကြပြီး ယခုနှစ် ဆောင်းမတ်ပဲစိုက်ဧက (၅၂၄၅) စိုက်ပျိုးခဲ့ကြောင်း သိရသည်။ ယခုအချိန်တွင် မတ်ပဲများကို ရိတ်သိမ်းကာ အခြောက်လှန်း၍ စတင်ခြွေလှေ့လျက်ရှိကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် (၁)ဧကလျှင် မတ်ပဲမျိုး၊ သွင်းအားစုများနှင့် ရိတ်သိမ်းခ အပါအဝင် စုစုပေါင်းကုန်ကျစရိတ် ကျပ်(၃)သိန်းခန့် ကုန်ကျကြောင်း၊  အထွက်နှုန်း အနေဖြင့် တစ်ဧကလျှင် (၉)တင်းမှ (၁၂) တင်းအထိ ထွက်ရှိကြောင်း၊ ‌ဈေးနှုန်းအနေဖြင့် မတ်ပဲတစ်တင်းလျှင် ကျပ်(၆၄၀၀၀)ရောင်းချရကြောင်း၊ အကျိုးအမြတ်အနေဖြင့် (၁)ဧကလျှင် (၃) သိန်းခန့် ရရှိသည့်အတွက် မတ်ပဲစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

DOCA(မကွေး)