၂၀၁၂ ခုနှစ်တွင် အိန္ဒိယသည် ကမ္ဘာ့ဆန်တင်ပို့မှုအများဆုံး နိုင်ငံဖြစ်လာနိုင်

Date : 27 July 2012

ထိုင်းအစိုးရ၏ ဆန်ဈေးကွက်ဝင်ရောက်စွက်ဖက်မှု အစီအစဉ်ကြောင့် ကမ္ဘာ့ဆန်ဈေးကွက်တွင် ထိုင်း ဆန်ဈေးနှုန်းများစွာ မြင့်မားသွားခဲ့သည်။ ထို့ကြောင့် ထိုင်းဆန်ကို ဝယ်ယူတင်သွင်းနေကျ ပြည်ပနိုင်ငံများမှ ဝယ်လိုအားလျော့ကျသွားပြီး ဈေးသက်သာသော အိန္ဒိယနှင့် ဗီယက်နမ်ဆန်များကိုသာ ပြောင်းလဲဝယ်ယူနေကြ သည်။ ဇူလိုင်လ (၁၀) ရက်နေ့အထိ စာရင်းများအရ ၂၀၁၂ ခုနှစ် ၊ ဇန်နဝါရီလမှ ဇွန်လကုန်အထိ ကာလ အတွင်း ထိုင်းနိုင်ငံသည် ပြည်ပသို့ ဆန်တန်ချိန် စုစုပေါင်း ၃.၆၀ သန်းသာ တင်ပို့နိုင်ခဲ့သော်လည်း အိန္ဒိယအနေ ဖြင့် ၃.၆၁ သန်း တင်ပို့နိုင်ခဲ့သဖြင့် အိန္ဒိယ၏ဆန်တင်ပို့မှုက ပိုမိုသွားခဲ့သည်ကို သုံးသပ်တွေ့ရှိရကြောင်း ထိုင်း ဆန်တင်ပို့သူများအသင်းက ပြောကြားလိုက်သည်။ ၂၀၁၁ ခုနှစ်အတွင်း ထိုင်းနိုင်ငံမှ ပြည်ပသို့ ဆန်တန်ချိန်စုစုပေါင်း ၁၀.၇ သန်း တင်ပို့နိုင်ခဲ့ပြီး အိန္ဒိယ အနေဖြင့် တန်ချိန် ၄.၁ သန်းနှင့် ဗီယက်နမ်မှ တန်ချိန် ၇.၁ သန်းကိုသာ တင်ပို့နိုင်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင်မူ ထိုင်း၏ဆန်တင်ပို့မှုကို တန်ချိန်ပေါင်း ၆.၅ သန်းအထိသာ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထား သော်လည်း အိန္ဒိယအနေဖြင့် တန်ချိန် ၈ သန်းအထိ တင်ပို့နိုင်ဖွယ်ရှိကြောင်း ၊ ဗီယက်နမ်မှလည်း ဆန်တန်ချိန် ၇ သန်းဝန်းကျင် တင်ပို့နိုင်ဖွယ်ရှိကြောင်း အမေရိကန်လယ်ယာစိုက်ပျိုးရေးဌာန (USDA) က ခန့်မှန်းထားသည်။

Source : brecorder.com

pa pa