“အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ်၏ စတုတ္ထအကြိမ် ယှဉ်ပြိုင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့် အစည်းအဝေးအတွက်တက်ရောက်ခြင်း

              ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၀)ကြိမ်မြောက် အာဆီယံ-ကနေဒါ စီးပွားရေးဝန်ကြီးများ အစည်းအဝေးတွင် အနာဂတ် အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်အတွက် ကိုးကားစာတမ်း (Reference Paper) ကို အတည်ပြုခဲ့ပြီး အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်အတွက် စေ့စပ်ညှိနှိုင်းမှုများ စတင်ကြောင်း ကြေညာခဲ့ပါသည်။

           ထို့နောက် အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် စေ့စပ်ညှိနှိုင်းမှုများ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းအဖွဲ့၊ လုပ်ငန်းအဖွဲ့ခွဲများ ဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းအဖွဲ့များက ညှိနှိုင်းဆွေးနွေးမှုများ စတင်ဆောင်ရွက်ခဲ့ပါသည်။

           အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ် (ASEAN-Canada Free Trade Agreement-ACAFTA) ၏ စတုတ္ထအကြိမ် ယှဉ်ပြိုင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့်အစည်းအဝေး (4th ACAFTA WGC) ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

           အစည်းအဝေးတွင် ACAFTA WGC အာဆီယံပူးတွဲဥက္ကဋ္ဌဖြစ်သူ စင်ကာပူယှဉ်ပြိုင်မှုနှင့်စားသုံးသူ ကော်မရှင် (CCCS) နိုင်ငံတကာရေးရာ၊ ဆက်သွယ်ရေးနှင့် စီမံကိန်းဌာန၊ ညွှန်ကြားရေးမှူး Ms. Yvette Yoongနှင့် ကနေဒါနိုင်ငံ ယှဉ်ပြိုင်မှုဗျူရိုမှ ယှဉ်ပြိုင်မှုဥပဒေအရာရှိ Mr. Li Yu တို့က တွဲဖက် သဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြပါသည်။

          အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ယှဉ်ပြိုင်မှုကဏ္ဍမှ ကိုယ်စားလှယ်များ၊ ကနေဒါနိုင်ငံနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များစုစုပေါင်း(၂၆)ဦး တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

          အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ် (ASEAN-Canada Free Trade Agreement-ACAFTA) တွင် ထည့်သွင်းရန် နှစ်ဖက်သဘောတူထားသည့် နယ်ပယ်များအနက် ယှဉ်ပြိုင်မှုမူဝါဒနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးရန် ယှဉ်ပြိုင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့် အစည်းအဝေး ကို ကျင်းပပြုလုပ်ရခြင်းဖြစ်ပါသည်။ အစည်းအဝေးတွင် အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ်၏ "ယှဉ်ပြိုင်မှုအခန်း"တွင် ထည့်သွင်းမည့် စာသား (Text) များအပေါ် အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။