စက်မှုဒီဇိုင်းမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ စက်တင်ဘာလ ၂၁

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် စက်မှုဒီဇိုင်း မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်တွင် ရုံးအမှတ်(၅၂)၊ အစည်း အဝေးခန်းမ၌ Virtual စနစ်ဖြင့်ကျင်းပရာ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား) ဒုတိယညွှန်ကြားရေးမှူးချုပ်က တက်ရောက်အမှာစကားပြောကြားခဲ့သည်။

   အဆိုပါအသိပညာပေးဆွေးနွေးပွဲသို့ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၊ စုစုပေါင်း ( ၉၀ ) ဦးခန့် တက်ရောက်ခဲ့ကြသည်။

   ဆွေးနွေးပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌  စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေကို နိုဝင်ဘာလတွင် အာဏာသက်ဝင်နိုင်ရေးအတွက်  လျာထားဆောင်ရွက်လျက်ရှိရာ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဆိုင်ရာသိကောင်းစရာများကို စီးပွားရေးလုပ်ငန်းရှင်များ သိရှိနိုင်ရန် ဇူလိုင်လတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌လည်းကောင်း၊ ဩဂုတ်လတွင် မန္တလေးတိုင်းဒေသကြီးအတွင်း၌လည်းကောင်း အသိပညာပေးဆွေးနွေးပွဲများပြုလုပ်ခဲ့ပါကြောင်း၊ ယခု စက်တင်ဘာလတွင် ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များကို အသိပညာပေးခြင်းဖြစ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေပါ ပြဋ္ဌာန်းချက်များကို သိရှိနားလည်ခြင်းအားဖြင့် ကိုယ်တိုင်ဖန်တီးပြုလုပ်ထားသည့်အရာများ သို့မဟုတ် ဈေးကွက်တွင် ကိုယ်တိုင်ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် ထုတ်ကုန်ပစ္စည်းများ၏ ဒီဇိုင်းများကို အခြားသူတစ်ဦးဦးက ပုံတူကူးချခြင်း၊ အတုပြုလုပ်ရောင်းချခြင်း၊  ထင်ယောင်ထင်မှားဖြစ်အောင် ပြုလုပ်ခြင်းများကို ဥပဒေနှင့်အညီတားဆီးနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

   ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာန၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဌာနခွဲမှ ဘာသာရပ်တာဝန်ခံ ညွှန်ကြားရေးမှူး ဒေါက်တာခင်စန္ဒာဝင်းက စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဆိုင်ရာ သိကောင်းစရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းခြင်းကို ရှင်းလင်းဖြေကြားကာ ဆွေးနွေးပွဲကို နေ့လယ် (၁၂:၃၀) အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။