စင်ကာပူသမ္မတနိုင်ငံ၌ ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ အာရှ-ပစိဖိတ် ဥပဒေအကြီးအကဲများညီလာခံသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌ တက်ရောက်ခြင်း

“၂၀၂၃ ခုနှစ်၊ အာရှ-ပစိဖိတ် ဥပဒေအကြီးအကဲများညီလာခံ” ကို စင်ကာပူသမ္မတနိုင်ငံတွင် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်မှ ၃၀ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ညီလာခံတွင် ပြည်တွင်း/ ပြည်ပ ဥပဒေအကြံပေးပုဂ္ဂိုလ်များ၊ စီးပွားရေးပညာရှင်များ၊ ဒေသတွင်းနှင့် ကမ္ဘာတစ်ဝှမ်းမှ ဥပဒေအရာရှိများစွာတို့ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။ ညီလာခံသို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသန်းမောင်က တက်ရောက်ဆွေးနွေးခဲ့ပါသည်။

အဆိုပါညီလာခံ၌ အာဆီယံနိုင်ငံများရှိ ယှဉ်ပြိုင်မှုဥပဒေ အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်မှု အခြေအနေများ၊ ယှဉ်ပြိုင်မှုဥပဒေ ခိုင်မာအားကောင်းစေရေးအတွက် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်လာစေရေး၊ အဓိကစီးပွားရေးနယ်ပယ် များတွင် မတူကွဲပြားသော ဆောင်ရွက်မှုအခြေအနေများ၊ တရားစီရင်ပိုင်ခွင့်နယ်ပယ်အသီးသီးရှိ အဓိက မူဝါဒချမှတ်သူများ၊ ယှဉ်ပြိုင်မှုဥပဒေများ၏ အာဏာသက်ဝင်မှုအခြေအနေများနှင့် ဈေးကွက်စောင့်ကြည့်မှုနှင့် လတ်တလောအမှုကိစ္စများကို ဆွေးနွေးခဲ့ကြပါသည်။