အင်္ဂါနေ့၊ ၀၁ ဇန်နဝါရီလ ၂၀၁၃ 19:25PM

ကဏန်း၊ ငါးရှဉ့်တင်ပို့မှု အပေါ် နိုင်ငံတော်မှ အခွန်ကောက်ခံမှုမရှိဟု သိရှိထားပါကြောင်း၊ ကုန်သွယ်မှု ပမာဏ မြင့်မားရေး အတွက် ဖြေလျှော့မှုများ ပေးထား သော်လည်း တရားမဝင် ဆောင်ရွက်နေမှုများ ရှိနေတာကို တွေ့နေ ရကြောင်း၊ မိမိတို့ အေးခဲအမဲသား တင်ပို့မှု အပေါ် တရုတ်နိုင်ငံရဲ့ တောင်းဆိုချက် အရ မိမိတို့နိုင်ငံမှ တရားဝင် တင်ပို့ခွင့်ပိတ်ပင်ပေးခဲ့ရ ပါကြောင်း၊ တရုတ်နိုင်ငံမှ ဆိုင်ကယ်များ မိမိနိုင်ငံ အတွင်း တရားမဝင် တစ်နေ့ အစီး ထောင်ကျော် သွင်းနေတာကို ပိတ်ပင်ပေးဖို့ တောင်းဆိုဖူးခြင်း ရှိ/မရှိနဲ့ တောင်းဆို၍ ရ/မရကို သိလိုပါတယ်။ အေးခဲအမဲသား တင်ပို့ခွင့်မရတဲ့ အတွက် မိမိကုန်သည်များ အကျိုးစီးပွား ထိခိုက်မှု ရှိပါကြောင်း၊ တရားမျှတမှုကို ရရှိလိုကြောင်း Junction River Co,Ltd. ကုမ္ပဏီ ဒါရိုက်တာ ဦးဝင်းနိုင်က ဒီဇင်ဘာလ ၂၁ ရက်နေ့က မူဆယ် ၁ဝ၅ မိုင်မှာ ပြုလုပ်တဲ့ ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးမှာ ဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဦးဝင်းနိုင်ရဲ့ တင်ပြ ဆွေးနွေးချက်နဲ့ စပ်လျဉ်းပြီး စခန်း တာဝန်ခံ ညွှန်ကြားရေးမှူး ဦးဦးဟန်မှ WTO စည်းမျဉ်း စည်းကမ်းနဲ့ အညီ အေးခဲအမဲသား တင်ပို့မှု အပေါ် တရုတ်နိုင်ငံမှ ကန့်ကွက်ခဲ့ခြင်း အပေါ် မိမိတို့ ဌာနဆိုင်ရာမှလည်း တားမြစ်ပိတ်ပင်ခဲ့ရခြင်း ဖြစ်ကြောင်းနဲ့ တရုတ်နိုင်ငံမှ ဆိုင်ကယ်များ တရားမဝင် တင်သွင်းနေမှုအား တစ်နိုင်ငံတည်း အစီအစဉ်နဲ့ တားဆီးနေရခြင်း ဖြစ်တဲ့ အတွက် ရာခိုင်နှုန်းပြည့် မတားဆီးနိုင်ခြင်း ဖြစ်ကြောင်း ပြန်လည် ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

Source: နကသ (မူဆယ်) အေးချမ်းမေ

Thursday, 27 December 2012 22:18

မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်းကြောင်းပေါ်ရှိ Mobile Team အဖွဲ့ ၂ ရဲ့ နိုဝင်ဘာလ ၂၀ ရက်မှ ၂၄ ရက်ထိ ၅ ရက်တာကာလ အတွင်း ဒိုက်ဦး-မြစ်ကျိုး၊ လမ်းသစ်-လမ်းဟောင်းလမ်းဆုံနဲ့ ဒိုက်ဦး-မြစ်ကျိုး စစ်တောင်း တံတားသစ်-တံတားဟောင်း လမ်းဆုံတို့မှာ Spot Check စနစ်နဲ့ စစ်ဆေးရာမှာ သွင်းကုန် ကြေငြာလွှာ (ID) ပါ အရေအတွက်ထက် ပိုမို သယ်ဆောင်ခြင်းနဲ့ တရားမဝင် လိုင်စင်မဲ့ ကုန်ပစ္စည်းများ၊ ကန့်သတ် ကုန်ပစ္စည်းများအား ရှာဖွေတွေ့ရှိလျက်ရှိ ပါတယ်။ သစ်ခွပန်းခြောက် အိတ်များ၊ ဆေးထိုးအပ်၊ လူးဆေး၊ စားသောက်ကုန် (ပဲနို့၊ ဝေဖာ၊ ကြာဇံ၊ စားအုန်းဆီ၊ မုန့်မျိုးစုံ၊ ငါးသေတ္တာ၊ ဒူးရင်းသီး၊ သရက်သီး၊ ပန်းသီး၊ မုန်လာဥနီ၊ ရွက်ဖြန်း အားဆေး၊ အပင်အားဆေး၊ အလှကုန် (Lotion-gold Milk၊ ပေါင်ဒါဗူး၊ ခေါင်းလျှော်ရည်၊ အာချီဗူး၊ Tabu) ပိတ်လိပ်များ၊ ဖိနပ်၊ ဂြိုလ်တုဖမ်းစက်၊ ပန်းကန်ရေစစ်၊ ကော်ရေပုံး၊ အမွှေးရည်၊ ၉၂ အာမွှေး၊ ကားဘောနက်၊ ဘန်ပါ၊ ဆလွန်းကားမီးလုံး စတဲ့ပစ္စည်းများကို လိုင်စင်မဲ့ စစ်ဆေး တွေ့ရှိတဲ့ အတွက် ခေတ ္တထိန်းသိမ်းထားလျက်ရှိ ပါတယ်။ အဆိုပါ လိုင်စင်မဲ့ ကုန်များကို မြဝတီ နယ်စပ်ကုန်သွယ်ရေးဇုန်မှာ သွင်းကုန် လိုင်စင် လျှောက်ထားစေပြီး အကောက်ခွန်၊ ပြည်တွင်း အခွန်များ ဦးစီးဌာနတို့မှာ သတ်မှတ် အခွန်အခများ ပေးသွင်းစေလျက်ရှိ ပါတယ်။ သက်ဆိုင်ရာ စာရွက်စာတန်း အထောက်အထားများကို Mobile Team အဖွဲ့ထံ လာရောက် ပြသနိုင်ခဲ့တဲ့ အခါမှာ ပစ္စည်းများကို ပြန်လည်အပ်နှံ ပေးပြီး သယ်ဆောင်စေလျက်ရှိ ပါတယ်။ ယခုအခါ သစ်ခွခြောက်၊ ဖိနပ်များကိုမူ လိုင်စင်/ ဂျူတီဆောင်ပြီး ဖြစ်တဲ့ အတွက် ပြန်လည်ပေးအပ်ပြီး ဆက်လက် ထွက်ခွာခွင့် ပြုထားလိုက်ပြီလို့ သိရှိရပါတယ်။

Mobile Team အဖွဲ့များအနေနဲ့ ပညာပေး ကာလကို နိုဝင်ဘာလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်ထိ သတ်မှတ်ထားခြင်းဖြစ်ရာ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ တရားမဝင် ကုန်သွယ်မှု များကို ဥပဒေ လုပ်ထုံး လုပ်နည်းများနဲ့ အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွား တော့မယ်လို့လည်း သတင်းရရှိပါတယ်။

 

 

Source: လရ-၂ ( ဂန္ဓမာ )

Tuesday, 25 December 2012 19:15

မြန်မာနိုင်ငံသို့ အိန္ဒိယနိုင်ငံဘက်မှ သစ်ခွပင်ခြောက်များ တင်သွင်းခွင့် လျှောက်ထားချက် အရ ၂၃-၁၂-၂၀၁၂ ရက်နေ့တွင် ကီလို ၃၅၀ဝ စတင် တင်သွင်းပြီးဖြစ် ပါတယ်။ စုစုပေါင်း တင်သွင်းခွင့် လျှောက်ထားတဲ့ ပမာဏကတော့ ၁၇၄၀ဝ ကီလို ဖြစ်ရာ ကျန်ရှိနေသေးတဲ့ အရေအတွက်များကိုလည်း ဆက်လက် တင်သွင်းသွားမှာဖြစ် ပါတယ်။ သစ်ခွပင်ခြောက်များကို အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အာဆန်ပြည်နယ်နဲ့ Megeley ပြည်နယ်များမှ ထွက်ရှိပြီး မဏိပူရ်ပြည်နယ် Chanden မြို့မှအများဆုံးထွက်ရှိတယ်လို့သိရှိရပါတယ်။သစ်ခွပင်များဟာ သစ်ပင်ကြီးနဲ့ ကျောက်တုံးကြီးများပေါ်တွင် ပေါက်ရောက်ပြီး သစ်ပင်ကြီးများပေါ်တွင် အများဆုံး ပေါက်ရောက်တာဖြစ် ပါတယ်။ သစ်ခွပင်ခြောက်များကို မြန်မာတိုင်းရင်းဆေးများဖြစ်တဲ့ သွေးသန့်ဆေး၊ အဆုတ်သန့်ဆေးများ ဖော်စပ်ရာတွင် အသုံးပြုကြောင်းနဲ့ တရုတ်နိုင်ငံဘက်ကလည်း ဝယ်ယူမှုရှိတယ်လို့ သိရှိရ ပါတယ်။ သစ်ခွပင်ခြောက်များဟာ တမူး နယ်စပ်ကုန်သွယ်ရေး စခန်းအတွက် အမယ်သစ် သွင်းကုန် တစ်မျိုး ဖြစ်ပါတယ်။

စမ်းစမ်းအေး (တမူး)

Tuesday, 25 December 2012 17:58

မြဝတီမှ ဆင်းလာတဲ့ ကုန်တင်ယာဉ်များ၊ မှန်လုံယာဉ်များမှာ တစ်ပိုင်တစ်နိုင် ကုန်ပစ္စည်း သယ်ဆောင်သူများ များပြားပြီး ၎င်းကုန်သည်ငယ်များမှာ ရန်ကုန်နဲ့ ပဲခူးတိုင်း ဒေသကြီးတို့မှာ နေထိုင်သူများဖြစ်ကြ ပါတယ်။ ကုမ္ပဏီရှိပြီး သူများထံမှ သွင်းကုန် လိုင်စင်/ ဂျူတီ ဝယ်ယူ အသုံးပြုနေရတဲ့ အတွက် စရိတ်စကများ ကြီးမားပြီး နိုင်ငံတော်သို့ ပေးဆောင်ရတဲ့ အခွန်ထက် ပိုမို ကုန်ကျလျက် ရှိနေကြတဲ့ အတွက် အကျိုးအမြတ် ရရှိနိုင်ရေး ရနိုင်သမျှ ပိုမို သယ်ဆောင် လျက်ရှိကြပါတယ်။ Mobile Team အဖွဲ့ရဲ့ စစ်ဆေး တွေ့ရှိချိန်မှသာ ကုန်ပစ္စည်းများ အတွက် လိုင်စင်/ ဂျူတီ ပြန်လုပ်ကြလျက ်ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် မြဝတီ- ရန်ကုန် ကုန်သွယ်မှု ပြုလုပ်နေကြတဲ့ ကုန်သည်ငယ်များအား Individual Trading Card (ITC)စနစ် ကျင့်သုံးပြီး ကုန်သွယ်မှု လမ်းကြောင်း ပေါ်သို့ရောက် ရှိလာနိုင်စေရေး အတွက် ITC အား အမြန် အကောင်အထည်ဖော် ဆောင်ပေးရန်နဲ့ ၎င်း ITC အတွက် သွင်းကုန် လိုင်စင် ကြေးအား သင့်တင့်တဲ့ နှုန်းထားကို လျှော့ချ ပေးခြင်းအားဖြင့် ကုန်သွယ်မှု လမ်းကြောင်း ပေါ်သို့ ပိုမို ရောက်ရှိ လာနိုင်မယ်လို့ Mobile Team အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက Commerce Journal ကိုပြောကြားခဲ့ပါတယ်။

Source: (လရ-၂)ဂန္ဓမာ

Tuesday, 25 December 2012 17:46

မဝတီ- ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်းရှိ Mobile Team အဖွဲ့ ၂ နဲ့ စစ်ဆေးမှုကို နိုဝင်ဘာလ ၂၀ ရက်နေ့က စတင် ဆောင်ရွက်လျက်ရှိ ပါတယ်။ သစ်သီးမျိုးစုံ သယ်ဆောင်ခွင့် ရရှိရေး ညှိနှိုင်းပေးခြင်း၊ အထက်ဌာနသို့ တင်ပြ ခွင့်ပြုချက် တောင်းခံခြင်း၊ သွင်းကုန် လိုင်စင်၊ အကောက်ခွန် သွင်းကုန် ကြေငြာလွှာ ID ပါပစ္စည်းနဲ့ ယာဉ်ပေါ်ပါ ကုန်ပစ္စည်း အမယ်လွဲမှုများ အတွက် ထိထိ ရောက်ရောက် တားဆီးမှုများကို နေ့ရော ညပါ ပြင်းပြင်း ထန်ထန် စစ်ဆေး ဆောင်ရွက်ခြင်း၊သွင်းကုန် ယာဉ်များမှာ သယ်ဆောင်လာတဲ့ ကုန်ပစ္စည်းများ စာရင်းကို အသေးစိတ် လုပ်ဆောင် လာရန် ယာဉ်မောင်းနဲ့ ယာဉ် ကိုယ်စားလှယ်များအား စဉ်ဆက်မပြတ် ပညာပေးခြင်းများကို ဆောင်ရွက်ပေးလျက် ရှိရာ မြဝတီ နယ်စပ်ကုန်သွယ်မှု ပမာဏများ တိုးတက် လာလျက်ရှိတယ်လို့ သတင်းရရှိပါတယ်။ အောက်တိုဘာလမှာ ကုန်သွယ်မှု ပမာဏ ကန်ဒေါ်လာ ၁၉ သန်းကျော် ရှိရာမှ ယခု နိုဝင်ဘာလမှာ ကန်ဒေါ်လာ ၂၉ သန်းထိ ဆောင်ရွက် လာနိုင်တဲ့ အပြင် ဒီဇင်ဘာလမှာ ၁၉ ရက်နေ့ထိ ကန်ဒေါ်လာ ၂၃ သန်းကျော် ဆောင်ရွက် လာနိုင်တာ တွေ့ရပါတယ်။

တရားမဝင် ကုန်သွယ်မှုများ လျော့နည်း ပပျောက်ပြီး ဈေးကွက် အတွင်း တရားမျှတသော ယှဉ်ပြိုင်မှုများ ဖြစ်ပေါ် လာစေရန် အတွက် Individual Trading Card စနစ်အား မြဝတီ နယ်စပ်တွင် ကျင့်သုံးခွင့်၊ မြန်ဆန်စွာ ခွင့်ပြုရေး၊ သစ်သီးဝလံ နှင့် ဟင်းသီး ဟင်းရွက် တင်သွင်းမှုများ အတွက် မိမိနိုင်ငံတွင် ထွက်ရှိချိန် မဟုတ်သော ကာလများမှာ တင်သွင်းခွင့်ပြုရေး၊ သွင်းကုန် လိုင်စင် ထုတ်ပေးတဲ့ အခါ သွင်းကုန် ပစ္စည်း အမျိုးအစား အလိုက် တံဆိပ်၊ မော်ဒယ်၊ ထုထည် ပမာဏ၊ ထုတ်ပိုး စားရင်းများ ပြည့်စုံစွာ ဖော်ပြပေးရန် လိုအပ်ကြောင်းနဲ့ ခွင့်ပြုထားတဲ့ သွင်းကုန် ပစ္စည်းများ စာရင်း၊ လိုင်စင် ဈေးနှုန်းများကို နယ်စပ်ကုန်သွယ်ရေး စခန်းအလိုက် ကြော်ငြာ သင်ပုန်းနဲ့ ကြော်ငြာ ပေးခြင်း၊ ဌာနရဲ့ Website မှာ ထည့်သွင်း ကြေငြာ ပေးခြင်းနဲ့ နယ်စပ် စခန်းရှိရာ မြို့နယ်၊ တိုင်းကုန်သွယ် လယ်ယာ ရုံးများသို့ ပေးပို့ ကြော်ငြာ ထားခြင်းဖြင့် ကုန်သည်များ ပြည်သူများ ထင်သာ မြင်သာရှိအောင် ဆောင်ရွက်ပေးထား သင့်တယ်လို့ Mobile Team အဖွဲ့က သုံးသပ် အကြံပြု ပြောကြားလျက်ရှိ ပါတယ်

Source: (လရ-၂) DOBT-MIRT

Pages