Tuesday, 25 December 2012 17:04

စားသုံးသူ အကာအကွယ်ပေးရေးနဲ့ ကုန်သွယ်မှု မြှင့်တင်ရေး အတွက် တရားမဝင် ကုန်သွယ်မှုများ တားဆီး ထိန်းချုပ် နိုင်ရန် မြဝတီ- ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်း တစ်လျှောက်နဲ့ မြဝတီ ကုန်သွယ်ရေး ဇုန်အနီး တစ်ဝိုက်မှာ လှုပ်ရှား ရှာဖွေ တားဆီး စစ်ဆေးရေး အဖွဲ့ Mobile Team နဲ့ တားဆီး ဆောင်ရွက်မှုများကို နိုဝင်ဘာလ ၂၀ ရက်နေ့က စတင် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

Mobile Team အဖွဲ့ စတင် တာဝန်ယူချိန်မှ စပြီး ပထမ ၁၀ ရက်အတွင်းမှာ သစ်သီးမျိုးစုံ အမယ်လွဲ သယ်ဆောင်မှုများနဲ့ အတူ မုန့်များ သွင်းကုန် လိုင်စင်၊ အကောက်ခွန် သွင်းကုန် ကြေငြာလွှာတို့နဲ့ အမယ်လွဲ သယ် ဆောင်မှုများကို အများဆုံး တွေ့ရတယ်လို့ Mobile Team တာဝန်ခံ ညွှန်ကြားရေးမှူး ဦးသိန်းဝင်းက Commerce Journal သို့ို ပြောပြပါတယ်။

စားသောက်ကုန် ပစ္စည်း တင်ဆောင်တဲ့ ယာဉ်ငယ်၊ ယာဉ်လတ်များမှာ သွင်းကုန် လိုင်စင်၊ အကောက်ခွန် သွင်းကုန် ကြေငြာလွှာ မပါရှိတဲ့ စားသောက်ကုန် ပစ္စည်းများ တင်သွင်း သယ်ဆောင်မှုများတယ်။ ကုန်တင်ယာဉ်ကြီး တွေမှာလည်း သွင်းကုန် လိုင်စင်၊ အကောက်ခွန် သွင်းကုန် ကြေငြာလွှာပါ အမျိုးအစား၊ မော်ဒယ်၊ တံဆိပ်ထက် နိုင်ငံလွဲ၊ အရွယ်အစားလွဲ၊ ဖွဲ့စည်းပုံလွဲ ပစ္စည်းများ၊ ကြေငြာလွှာပါထက် ပစ္စည်းများ ပိုမို တင်ဆောင်မှုတွေကို စစ်ဆေးတဲ့ ယာဉ်များရဲ့ ၈၀ ရာခိုင်နှုန်းမှာ တွေ့နေ ရတယ်လို့လည်း ဦးသိန်းဝင်းက ပြောပါတယ်။

သွင်းကုန် လုပ်ငန်းရှင်တွေ အနေနဲ့ တင်သွင်းတဲ့ ကုန်ပစ္စည်း အမျိုးအစား၊ မော်ဒယ်၊ တံဆိပ်တို့ လွှဲမှားခြင်း မရှိစေရန် တင်သွင်းမဲ့ ပစ္စည်းနဲ့ သွင်းကုန် လိုင်စင်ပါ ကုန်ပစ္စည်းများကို မြဝတီ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာန၊ လိုင်စင် ဌာနနဲ့ ကုန်ပစ္စည်း နမူနာ၊ ကုန်ပစ္စည်း ဓါတ်ပုံများ ပြသပြီး အသေးစိတ် မေးမြန်းခြင်းကို လုပ်ဆောင်ပြီး မှသာ သွင်းကုန် လိုင်စင် လျှောက်ထားခြင်း၊ အကောက်ခွန် ဦးစီး ဌာနတွင် အခွန် ပေးသွင်းခြင်းများ ဆောင်ရွက် သင့်ကြောင်းနဲ့ ကုန်ပစ္စည်း သယ်ဆောင်ရာမှာလည်း မြန်ဆန်နိုင်မယ်လို့ Mobile Team အဖွဲ့ (၂) ခေါင်းဆောင်ညွှန်ကြားရေးမှူး ဦးသိန်းဝင်းကဆိုပါတယ်။

ကုန်တင်ယာဉ်များ၊ မှန်လုံယာဉ်များ ပေါ်မှာ ကုန်ပစ္စည်း တင်ဆောင်ပါက ယာဉ် အကန့်အလိုက် တင်ဆောင်တဲ့ အိတ် တစ်လုံးချင်းမှာ ပါရှိတဲ့ ကုန်ပစ္စည်း အမျိုးအစား၊ အလေးချိန်၊ အရေအတွက် စတာတွေကို တစ်ခုချင်း တာလီ မှတ်သားတဲ့ စနစ်နဲ့ မှတ်သား သယ်ဆောင်မယ်ဆိုရင် စစ်ဆေးရေး အဖွဲ့က စစ်ဆေးချိန်မှာ လိုင်စင်၊ ID ၊Manifest ၊ ကုန်ပစ္စည်းပါ ယာဉ် သေတ္တာ အလေးချိန်၊ ယာဉ်လုပ်ငန်း၊ လိုင်စင်ပါ အလေးချိန်တို့နဲ့ တိုက်ဆိုင် စစ်ဆေးရာမှာ မြန်ဆန်မှု ရှိစေမယ်လို့လည်း ပြောပါတယ်။

ယာဉ် စစ်ကွင်းများမှာ စစ်ဆေးရေး တာဝန် ယူတဲ့သူများ အနေနဲ့လည်း လိုင်စင်၊ ID အတိုင်း မဟုတ်ပါက သယ်ဆောင်ခွင့် လုံးဝ မပေးရန်နဲ့ စတင် စစ်ဆေးချိန် ကတည်းက စနစ်တကျ စစ်ဆေးမယ်ဆိုလျှင် ပိုမို မြန်ဆန်ပြီး မှန်ကန်တဲ့ စစ်ဆေးချက်လည်း ရရှိစေနိုင်တယ်၊ ကုန်သည် လုပ်ငန်းရှင်များ၊ ကုန်သည်ငယ်များ အထိ မကြာခဏ ရှင်းလင်း အသိပေး ကြပ်မတ်ရန်နှင့် ကုန်သည်တို့ အနေနဲ့လည်း လိုက်နာ ဆောင်ရွက်ကြရန် လိုအပ်တယ်လို့ သုံးသပ် ပြောကြားခဲ့ ပါတယ်။

Source: (လရ-၂)        MIRT (DOBT)

နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာန၊ တမူး နယ်စပ်ကုန်သွယ်ရေး စခန်းမှ ထုတ်နှုတ် အင်အားနဲ့ ဖွဲ့စည်းထားတဲ့ Mobile Team အဖွဲ့ဟာ စားသုံးသူ အကာအကွယ်ပေးရေး၊ ကုန်သွယ်မှု မြှင့်တင်ရေးနဲ့ တရားမဝင် ကုန်သွယ်မှု လျော့နည်း ပပျောက်ရေးတို့ အတွက် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိ ပါတယ်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ ၁၁ နာရီ ၂၀ မိနစ်မှာ တမူးမြို့က ၉ မိုင်ခန့်အကွာ တမူး-ကလေး ကားလမ်းပေါ်ရှိ ပန်းသာရွာမှာ မော်တော်ယာဉ်များအား စစ်ဆေး ရှာဖွေခဲ့ရာ ပြည်သူများ စားသုံးရန်မသင့်သော Signal 350 တံဆိပ် 10 g ကွမ်းစား ဆေးမွှေး ၁ ပါကင် (၁၀) ဗူးပါ ၆၀ဝ ပါကင်၊ ကွမ်းပေါင်း အထုပ်ငယ် (၆၀) ထုပ်ပါ အတွဲ ၂၀ဝ တွဲနဲ့ အကောက်ခွန်မဲ့ သယ်ဆောင်လာသော Betnobate-N (20g) လိမ်းဆေး ၁ ပါကင် (၆၀ဝ) ဗူးပါ ၁၀ ပါကင်၊ စုစုပေါင်းခန့်မှန်း တန်ဖိုး (၄၇) သိန်းကျော်ခန့် စစ်ဆေးတွေ့ရှိတဲ့ အတွက် ခေတ္တ သိမ်းဆည်းထားခဲ့ ပါတယ်။ ခေတ္တ သိမ်းဆည်းထားတဲ့ ပစ္စည်းများကို လုပ်ထုံး လုပ်နည်းနဲ့ အညီ ဆက်လက် ဆောင်ရွက်သွားမယ်လို့ သတင်းရရှိ ပါတယ်။

လှဌေး (တမူး)

မြန်မာ-အိန္ဒိယနယ်စပ်မြို့ဖြစ်တဲ့ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှာ တစ်နိုင်တစ်ဆွဲ ရောင်းဝယ်နေသူများ၊ ကုန်သည်အငယ်စား၊ အလတ်စားများ လုပ်ငန်းအဆင်ပြေချောမွေ့စေရန်၊ တရားမဝင် ကူးသန်း ရောင်းဝယ်မှု လျော့နည်း ပပျောက်စေရန်နဲ့ တရားဝင်ကုန်သွယ်မှု လမ်းကြောင်းပေါ်သို့ ရောက်ရှိစေရန် ရည်ရွယ်ပြီး တစ်ဦးချင်း ထုတ်ကုန်/သွင်းကုန် မှတ်ပုံတင်ကဒ် Individual Trading Card များ ပြုလုပ်ပေးလျက် ရှိပါတယ်။ ယခု Individual Trading Card ကဒ်ဖြင့် တမူးနယ်စပ်ကုန်သွယ်ရေးမှ ပထမဆုံးတင်သွင်းလာတဲ့ ကုန်ပစ္စည်းကတော့ အိန္ဒိယမှ ထွက်ရှိတဲ့ ကန်ဒေါ်လာ ဝ ဒသမ ဝ၀၃ သန်းတန်ဖိုးရှိ ရွှေရည်စိမ် လက်ကောက် ၅၀ဝ ကီလိုခန့်ဖြစ်ပါတယ်။ လာမဲ့ အပတ်များမှာလည်း ဒေသခံရောင်းဝယ်နေသူများဟာ Individual Trading Card ကဒ်များပြုလုပ်ပြီး လူသုံး အိမ်သုံးပစ္စည်းများ၊ စားသောက်ကုန်များ၊ အဝတ်အထည်များ၊ ဖိနပ်များတင်သွင်းသွားမယ်လို့ သတင်းရရှိ ပါတယ်။

ခင်မိုးသူ (MIRT-DOBT)

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးကို ၂ဝ၁၂ နိုဝင်ဘာလ ၂၄ ရက်နေ့ ၁၃းဝဝ အချိန်မှာ မောင်တောမြို့ ဒေဝါနဒီ အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။အစည်းအဝေးမှာ နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ်၊ ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်နိုင်ဦးမှ ကူးသန်းရောင်းဝယ်ရေး၊ ကုန်စည်စီးဆင်းမှု၊ လမ်းပန်းဆက်သွယ်ရေး ပုံမှန် ဖြစ်လာ မှသာ ဒေတည်ငြိမ်တယ်လို့ ဆိုနိုင်ပါကြောင်း၊ ဒေသတည်ငြိမ်ရေးနဲ့ လုံခြုံရေးသည် အရေးကြီးပါကြောင်း၊ ကုန်သွယ်မှုလုပ်ငန်း လုပ်ကိုင်နေတဲ့ ကုန်သည်ကြီးများဖက်မှာ ကုန်ပစ္စည်းအဝင်အထွက် တာဝန်ခံ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ် ပါကြောင်း ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဒါ့အပြင် ကုန်သွယ်မှု တည်တံ့ဖို့အတွက် လုံခြုံရေးသည် အရေးကြီးကြောင်း၊ လုံခြုံရေး ကျိုးပေါက် သွားပါက ကုန်သွယ်မှုလုပ်ငန်းပါ ပျောက်သွားမှာ ဖြစ်ကြောင်း၊ လုံခြုံရေး အတွက် ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်းနဲ့ တည်ငြိမ် အေးချမ်းရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှာ တိုက်ရိုက်အချိုးကျကြောင်း နယ်စပ်ဒေသ ဖွံ့ဖြိုး တိုးတက်ဖို့အတွက် စိုက်ပျိုးရေး လုပ်ငန်း တွေကို တွန်းအားပေး ဆောင်ရွက်ရ မှာဖြစ်ကြောင်း၊ မောင်တောဒေသတွင် ရေထွက်ကုန် ပစ္စည်းများသာရှိသဖြင့် တင်ပို့ရန် ကုန်ပစ္စည်း အလွန် နည်းပါးကြောင်း၊ စစ်တွေ(OSS) ဖွင့်လိုက်ခြင်းကြောင့် မောင်တောမှ ကုန်တင်ပို့နိုင်မှု နည်းသွားပါကြောင်း၊ မိမိတို့ နစကအနေဖြင့် ကုန်သွယ်မှုတိုးတက်ရေးနဲ့ ပတ်သက်ပြီး ကူညီပေးမည်ဖြစ်ပါကြောင်း၊ ကုန်သည်ကြီးများ အနေနဲ့လည်း ကုန်သွယ်မှုနှင့် ပတ်သက်ပြီး လာရောက်ဆွေးနွေး နိုင်ပါကြောင်းတို့ကိုလည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်မြတ်စိုးက ကုန်သွယ်မှုမြှင့် တင်ရေး ဆောင်ရွက် သကဲ့သို့ ဒေသဖွံ့ဖြိုးရေး ဖက်တွင်လည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်၊ နယ်မြေတည်ငြိမ် အေးချမ်းတည်ငြိမ်မှုနဲ့ ဒေသဖွံ့ဖြိုးရေးဟာ ဆက်စပ်နေကြောင်း၊ ကုန်သည်ကြီးများ အနေဖြင့် နယ်မြေဒေသ တည်ငြိမ် အေးချမ်းရေးနှင့် လုံခြုံရေးကိုလည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။

နကသ(မတ)(MIRT-DOBT)

တမူးမှရွှေပြည်ကျော်ယာဉ်လိုင်းတာဝန်ခံဦးမြင့်လှိုင်က ၎င်းတို့အနေနဲ့ ကုန်ပစ္စည်းများကို နဝလီသယ် ဆောင်မှုကို လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ ကုန်ပစ္စည်း သယ်ဆောင်ပေးရန် လာရောက်အပ်နံှသော ကုန်သည်များကို တစ်ဦးတည်းပိုင် ထုတ်ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်ကဒ် Individual Trading Card များပြုလုပ်ဆောင်ရွက်ကြရန် တိုက်တွန်းပေးသွားမယ်လို့ နိုဝင်ဘာလ ၂၇ ရက်နေ့က တမူးနယ်စပ် ကုန်သွယ်ရေးစခန်းမှာ ပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ကုန်သည်အငယ်နဲ့ အလတ်များ အနေနဲ့ ကုန်သွယ်မှုပိုမို တိုးတက် လာစေရေး၊ မှောင်ခိုပပျောက်ရေး၊ စားသုံးသူ အကာအကွယ်ပေးနိုင်ရေး၊ နိုင်ငံတော်မှ ရရှိရထိုက်တဲ့ အခွန်အခများရရှိနိုင်စေရေးအတွက် Individual Trading Card များ လုပ်ဆောင်ကြဖို့လိုအပ်တယ် လို့လည်း တိုက်တွန်းပြောကြား ခဲ့တယ်လို့သိရပါတယ်။

Source: နကသ(တမူး) ပန်းချယ်ရီ

Pages