Slogan here ... As you work in your image, you specify colors using one of the color models.

www.tradetraininginstitute.com

Trip (Yangon Stock Exchange - YSX)
Monday, December 12, 2022

၁။      ကုန်သွယ်မှုသင်တန်းကျောင်း(ရန်ကုန်)တွင်ဖွင့်လှစ်သင်ကြားလျက်ရှိသော အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ်စဉ်-၆ မှ သင်တန်းသား/သူ (၃၅)ဦး၊ ကုန်သွယ် မှုသင်တန်းကျောင်းမှ အုပ်ချုပ်သူ(၂)ဦး၊ စုစုပေါင်း (၃၇)ဦးတို့သည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက် (ဗုဒ္ဓဟူးနေ့) တွင် ရန်ကုန် စတော့အိတ်ချိန်း (Yangon Stock Exchange – YSX) သို့ လေ့လာရေးခရီး (Touring Program) သွားရောက်ခဲ့ကြပါသည်။

၂။          Yangon Stock Exchange (YSX) သို့ နံနက် (၀၉:၃၀) နာရီအချိန်တွင် စတင်ရောက်ရှိခဲ့ရာ YSX ရှင်းလင်းဆောင်၌ Touring Program ကို စတင်ကျင်းပရာ အကြီးတန်း အမှုဆောင် မန်နေဂျာ ဦးသက်ထွန်းဦးက ယခုလို လာရောက်သည့်အတွက် သင်တန်းကျောင်းမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုကြောင်း၊ စီစဉ်သူများအား ကျေးဇူးတင်ကြောင်း၊ International Trade သင်တန်းသည် နိုင်ငံ၏ စီးပွားရေးနှင့်ကုန်သွယ်ရေးအတွက် မရှိမဖြစ် သင်တန်း တစ်ခုဖြစ်ကြောင်း၊ သင်တန်းကျောင်းသည် သင်တန်းအပတ်စဉ်တိုင်း လေ့လာရေး လာရောက်လေ့ ရှိသောကြောင့် YSX ၏ Partner ဖြစ်ကြောင်း မိတ်ဆက်ပြောကြားသည်။

၃။          ဆက်လက်၍ ဦးသက်ထွန်းဦးက ၁၉၉၆ ခုနှစ်တွင် Yangon Security Exchange Centre ကို တည်ထောင်ခဲ့ကြောင်း၊ ၁၉၉၇ ခုနှစ် အာရှငွေကြေးအကျပ်အတည်း (Asian Financial Crisis) နှင့် ၂၀၀၈ ခုနှစ် ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်း (Global Financial Crisis) တို့က စတော့ရှယ်ယာ ဈေးကွက်အပေါ် ဆိုးကျိုးသက်ရောက်ခဲ့ကြောင်း၊ ထို့ကြောင့် ၂၀၁၃ ခုနှစ် တွင် Security Exchange Law ကို ပြဌာန်းပြီး Yangon Stock Exchange ကို တည်ထောင် လည်ပတ်ခဲ့ကြောင်း၊ ဂျပန်နိုင်ငံသည် လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်ကတည်းက ကြိုးစားခဲ့သောကြောင့် ယခုအချိန်တွင် ဂျပန်စတော့ ရှယ်ယာ ဈေးကွက်သည် ထိပ်တန်းရောက်ရှိနေခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

၄။          ထို့နောက် ဂျပန်နိုင်ငံ၏ တိုကျိုစတော့အိတ်ချိန်း (Tokyo Stock Exchange) ဖြစ်ပေါ်တိုး တက်လာပုံ အဆင့်ဆင့်ကို ဗီဒီယိုဖြင့် ရှင်းလင်းပြသသည်။ တစ်ဖန် ဦးသက်ထွန်းဦး က ကမ္ဘာပေါ်၌ စတော့ရှယ်ယာလုပ်ငန်းကို စတင်တည်ထောင်ခဲ့သည့် နိုင်ငံမှာ နယ်သာလန်နိုင်ငံ ဖြစ်ကြောင်း၊ ထိုမှ တစ်ဆင့် ယူကေ (ဗြိတိန်)၊ အမေရိကန်နှင့် ဂျပန်နိုင်ငံတို့သို့ ပျံ့နှံ့ရောက်ရှိခဲ့ကြောင်း၊ အစုရှယ်ယာ ရောင်းဝယ်ခြင်းလုပ်ငန်းသည် တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် တစ်စိတ်တစ်ပိုင်း အထောက် အကူပြုကြောင်း၊ ကုမ္ပဏီများအနေဖြင့် Stock Exchange ၌ စာရင်းဝင်ကုမ္ပဏီ (Listed Company) အဖြစ် မှတ်ပုံတင်လိုပါက သတ်မှတ်ထားသည့် စံချိန်စံညွှန်းများ ပြည့်မီရန် လိုအပ်ကြောင်း ရှင်းလင်း ပြောကြားသည်။

၅။          အစုရှယ်ယာဝယ်ယူရင်းနှီးမြှုပ်နှံသူအတွက် အရင်းတန်ဖိုးတိုးခြင်း (Capital gain) နှင့် အမြတ် ဝေစုရရှိခြင်း (Dividend or Income gain) ဟူသော ကောင်းကျိုးနှစ်မျိုးကို ခံစားနိုင်ကြောင်း၊ စတော့ရှယ်ယာဈေးကွက်ဆိုသည်မှာ အရင်းအနှီးဈေးကွက် (Capital market) ဖြစ်ကြောင်း၊ ငွေကြေးစာချုပ် သို့မဟုတ် ချေးငွေသက်သေလက်မှတ်နှင့် စတော့ရှယ်ယာများကို ကာလရှည်ငွေကြေး လိုအပ်ချက်အတွက် ထုတ်ဝေရောင်းချခြင်းဖြစ်ကြောင်း၊ အစိုးရသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် သို့မဟုတ် တိုင်းပြည်၏ လိုအပ်သောနေရာများ၌ သုံးစွဲရန်အတွက် ငွေတိုက်စာချုပ်များ ထုတ်ဝေရောင်းချနိုင်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ခြင်းက ပြည်သူများအတွက် အလုပ်အကိုင် အခွင့် အလမ်းတိုးပွားခြင်း၊ ဝင်ငွေပိုမိုရရှိခြင်း၊ ပိုမိုဝယ်ယူစားသုံးနိုင်ခြင်းနှင့် ပိုမိုထုတ်လုပ်ခြင်းတို့ကို ဖြစ်စေ နိုင်ကြောင်း၊ ထိုမှတစ်ဆင့်စီးပွားရေးတိုးတက်မှုကိုဖြစ်စေနိုင်ကြောင်း၎င်းကဆက်လက်ဆွေးနွေးသည်။

၆။          ထို့နောက် ကုမ္ပဏီများသည် ကာလရှည်‌ငွေကြေး အရင်းအနှီး ရရှိရန် Capital market ကို အသုံးချသင့်ကြောင်း၊ စတော့ရှယ်ယာ အရောင်းအဝယ်ပြုလုပ်မည်ဆိုပါက အထက်ဖော်ပြပါ ကောင်းကျိုးများ ရရှိနိုင်သကဲ့သို့ ဆုံးရှုံးနိုင်ချေများလည်းရှိသည်ကို ကြိုတင်စဉ်းစားရမည်ဖြစ်ကြောင်း၊ စတော့ရှယ်ယာ ဝယ်ယူရင်းနှီးမြှုပ်နှံခြင်းသည် အခြားပစ္စည်းများ ဝယ်ယူရင်းနှီး မြှုပ်နှံခြင်းထက် ပြန်ရချက် ပိုမိုများပြားလေ့ရှိကြောင်း၊သေချာစွာလေ့လာ၍ စတော့အိပ်ချိန်း၌ရင်းနှီးမြှုပ်နှံသောကြောင့် စီးပွားရေးတိုးတက်ပြီး လုပ်ငန်းအောင်မြင်သော သာဓကများရှိကြောင်း၊ စတော့ရှယ်ယာ အရောင်း အဝယ် ပြုလုပ်မည်ဆိုပါက Security Company များ၌ Account ဖွင့်လှစ်ရန် လိုအပ်ကြောင်း ဦးသက်ထွန်းဦးက ပြောကြားသည်။

၇။      ဆက်လက်၍ သင်တန်းသား၊ သင်တန်းသူများ သိရှိလိုသည့် မေးခွန်းများကို Yangon Stock Exchange မှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး Yangon Stock Exchange အတွင်း လှည့်လည်ကြည့်ရှုလေ့လာကြပြီး နေ့လည် (၁၂:၀၀)အချိန်တွင် ရုံးချုပ်သို့ပြန်လည်ရောက်ရှိခဲ့ပါသည်။

English