Meeting & Activities

ဗုဒ္ဓဟူးနေ့။ ၁၆  ဇန်နဝါရီလ ၂၀၁၃ 15:05 PM
ကုန်သွယ်မှု ပြုလုပ်ရာတွင် တရားမဝင် ကုန်သွယ်မှု များသည် တရားဝင် ကုန်သွယ်မှု မြှင့်တင်ရေး အတွက် အတား အဆီး သဖွယ် ဖြစ်နေ သဖြင့် ကုန်သွယ်မှု လမ်းကြောင်း မှန် ပေါ်သို့ ရောက်ရှိရန် ဆောင်ရွက် နိုင်ရေး ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ရန် ရည်ရွယ်ပြီး ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ လ ၉ ရက်နေ့ ဝ၉းဝဝ နာရီ အချိန်တွင် မြိတ် ခရိုင် ကုန်သည်များ နှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းရုံး ခန်းမ၌ စားသုံးသူ အကာ အကွယ် ပေးရေး နှင့် တရားမဝင် ကုန်သွယ်မှု လျော့နည်း ပပျောက်ရေး Mobile Team ဆောင်ရွက်မည့် လုပ်ငန်း ညှိနှိုင်း အစည်း အဝေး ကျင်းပ ခဲ့ကြောင်း သတင်း ရရှိပါတယ်။
အစည်း အဝေးတွင် မြိတ် နယ်စပ် ကုန်သွယ်ရေး စခန်း တာဝန်ခံ ညွှန်ကြားရေးမှူး ဦးမျိုးညွန့်အောင် မှ ပြောကြားရာမှာ Mobile Team အဖွဲ့ကို နယ်စခန်းမှ ထုတ်နုတ် အင်အားဖြင့် ဖွဲ့စည်းပြီး တရားမဝင် ကုန်သွယ်မှု များကို ထိန်းချုပ် နိုင်ရန် လက်လှမ်း မှီတဲ့ နေရာများ၊ ရှောင်ကွင်းလမ်း၊ ရေယာဉ် နားသည့် ဆိပ်ကမ်း ဒေသများရှိ ဂိုဒေါင်များ တွင် Spot Check, Counter Check စနစ်ဖြင့် စိစစ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ နိုင်ငံ တိုးတက်ရန် နဲ့ စီးပွားရေး ကောင်းမွန်ရန်၊ တရား နည်းလမ်း တကျ ကုန်သွယ်မှု ပြုလုပ်နိုင်ရန် အခွန် အတုတ်များ ထမ်းဆောင်ရန်၊ နိုင်ငံတော်သို့ မှန်ကန်စွာ အခွန်အခ များပေး ဆောင်တဲ့ စီးပွားရေး လုပ်ငန်းရှင် ကောင်းများ ဖြစ်ရန် အတွက် တစ်ဦးချင်း မိမိတို့ ဆောင်ရွက်တဲ့ လုပ်ငန်း အပေါ် အခွန်အခများ ပေးဆောင်ရ မှာဖြစ် ပါကြောင်း အခက်အခဲ များရှိပါက လာရောက် တင်ပြ နိုင်ကြောင်း၊ လမ်းကြောင်း မှန်ပေါ်မှ ကုန်သွယ်မှု လုပ်ငန်းများ မဆောင်ရွက် ပါက Mobile Team ဖြင့် တားဆီးရ မှာဖြစ်ကြောင်း ပြောကြား ခဲ့တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး မြိတ် နယ်စပ် စခန်း တာဝန်ခံမှ Mobile Team ကို စခန်း အနီး တဝိုက် စစ်ဆေး ဆောင်ရွက်မဲ့ လုပ်ငန်း စီမံချက် များကို အသေးစိတ် ရှင်းလင်း ပြောကြားခဲ့ပြီး Mobile Team ဆောင်ရွက်မှုမှာ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၂ဝ ရက်အထိ ပညာပေး ကာလ ဖြစ်ကြောင်း၊ ၂ဝ ရက်နေ့ နောက်ပိုင်း တရားမဝင် ပစ္စည်း များကို နိုင်ငံတော် ဘဏ္ဍာ အဖြစ် သိမ်းဆည်း သွားမှာ ဖြစ်ကြောင်း၊ ပြည်သူ လူထု ထိခိုက်မှုကို ရှောင်ရှားပြီး နိုင်ငံတော် အခွန် ဘဏ္ဍာ ရရှိရေးမှာ အားလုံးတွင် တာဝန် ရှိသဖြင့် ပူးပေါင်း ပါဝင် လာရန် လိုအပ် ပါကြောင်း၊ ဒေသ အာဏာပိုင် နှင့် MCCI တို့ ညှိနှိုင်း ဆောင်ရွက်ပြီး အသင့် ဖြစ်လျှင် ဆောင်ရွက်မှာ ဖြစ်ပြီး လမ်းကြောင်း မှန်ပေါ်သို့ ရောက်အောင် ပြုပြင် ဆောင်ရွက် သွားမှာ ဖြစ်ပါကြောင်း ရှင်းလင်း ပြောကြား ခဲ့တယ်လို့ သိရပါတယ်။ Mobile Team စီမံချက်သည် တစ်ဦး တစ်ယောက် အပေါ် နစ်နာ စေလိုမှု မရှိဘဲ နိုင်ငံတော် တစ်ခုလုံး၊ ဒေသ တစ်ခုလုံး တိုးတက်အောင် ဆောင်ရွက်ခြင်း ဖြစ်တဲ့ အတွက် ကုမ္ပဏီ လုပ်ငန်း ရှင်များ ပူးပေါင်း ဆောင်ရွက်စေ လိုကြောင်း၊ မြိတ် ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်း မှ ပြောကြားခဲ့ ပါတယ်။
မြိတ် ဒေသဟာ တစ်နိုင်ငံလုံးရဲ့ ရေထွက် ပစ္စည်း အများဆုံး တင်ပို့သော ဒေသ ဖြစ်ကြောင်း၊ ကော့သောင်း Check Point တွင် မည်သည့် ဒေသမှ လာတဲ့ ပစ္စည်း မဆို စစ်ဆေးလျက် ရှိကြောင်း၊ ပို့ကုန် ငါးဖမ်း ရေယာဉ်များ ကော့သောင်း Check Point တွင် စစ်ဆေး ခံရမှာ ဖြစ်ကြောင်း ငါး လုပ်ငန်း ဦးစီး ဌာနမှ ခရိုင် ဦးစီးမှူး ဦးမြင့်ဆွေ မှ ဆွေးနွေး ပြောကြား ခဲ့တယ်လို့ သိရ ပါတယ်။
မောတောင် နယ်စပ် ကုန်သွယ်ရေး စခန်းကို ဇန်နဝါရီလ နောက်ဆုံးထား ဖွင့်လှစ်မှာ ဖြစ်ပြီး မောတောင် စခန်း ဖွင့်လှစ် ပါကလည်း Individual Trading Card များ ထုတ်ခြင်းကို ဆောင်ရွက် ပေးသွားမယ်လို့ သိရှိရ ပါတယ်။
Source: နကသ (မြိတ်) စပါယ်

အင်္ဂါနေ့။ ၁၄  ဇန်နဝါရီလ ၂၀၁၃ 13:45 PM

ကဏန်း၊ ငါးရှဉ့် လေလံတင်ဒါ စနစ်နဲ့ ရောင်းချခြင်းအား ပြုပြင် ပြောင်းလဲ ဆောင်ရွက်ရေး ညှိနှိုင်းရေး အစည်း အဝေး တစ်ခုကို နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာန နေပြည်တော်မှာ ဇန်နဝါရီလ ၃ ရက်နေ့ ၁၃းဝဝ ချိန်တွင် ကျင်းပ ခဲ့တယ်လို့ သတင်း ရရှိ ပါတယ်။

နယ်စပ် ကုန်သွယ်ရေး စခန်းများ အနက် မူဆယ် ၁ဝ၅ မိုင် နယ်စပ် ကုန်သွယ်ရေး စခန်းဟာ ကုန်သွယ်မှု ပမာဏ နှစ်စဉ် ၂ ဘီလီယံ ကျော်နဲ့ ပမာဏ အများဆုံး ဆောင်ရွက်နေပြီး ယခုနှစ်မှာ ၃ ဘီလီယံ ကျော်ထိ တင်ပို့ရန် မျှော်မှန်း ထားတယ်လို့ သိရှိရပါတယ်။ မိမိတို့ဘက်က တင်ပို့တဲ့ ရေထွက်ပစ္စည်း ကဏန်း၊ ငါးရှဉ့်များကို တရုတ်နိုင်ငံ အတွင်းပိုင်း ကူမင်း (ကွမ်ကျိုး) အထိ ဈေးကွက် ရရှိထားပြီး ဖြစ်ကြောင်းနဲ့ နှစ်စဉ် တိုးတက် တင်ပို့နိုင်လျက် ရှိကြောင်း၊ ဝယ်လိုအားလည်း တိုးပွား လျက်ရှိကြောင်း သိရှိရပါတယ်။

နယ်စပ်မှ တရုတ်သို့ ငါးရှဉ့်တင်ပို့ ရောင်းချခြင်းကို ၁၉၉၆ ခုနှစ်က စတင်ခဲ့ကြောင်း၊ ကြိုက်ရောင်း ကြိုက်ဝယ် စနစ်နဲ့ ရောင်းချခဲ့ခြင်း ဖြစ်ပါတယ်။ ထိုစဉ်က လွတ်လပ်စွာ ရောင်းဝယ်ခွင့် ရှိတဲ့ အတွက် တရုတ် ဝယ်လက်များ အနေနဲ့ မြန်မာ ပြည်တွင်းထဲထိ ဆင်းဝယ် ယူမှုများ ရှိခဲ့ကြောင်း၊ ငွေထုပ်ပိုက် လိုက်ဝယ်မှု များပင် ရှိခဲ့ရာ ကြိုက်ရောင်း ကြိုက်ဝယ် စနစ်ကို ပြန်ကျင့်သုံး မယ်ဆိုလျှင် မိမိဘက် ဈေးကွက် ရှိရန် အခက်အခဲတော့ ရှိနိုင်ကြောင်း၊ ၂ဝဝ၆ ခုနှစ် ဇွန်လအလယ်ခန့် မှစပြီး ယနေ့ထိ လေလံ စနစ်ဖြင့် ပြောင်းလဲ ဆောင်ရွက်ခဲ့ကြောင်း သိရှိရ ပါတယ်။ လေလံ စနစ်ဖြင့် ကျင့်သုံး ရောင်းချတဲ့ စနစ်ဟာ ဈေးနှုန်း အတက်အကျ ကြမ်းလွန်းတဲ့ အတွက် ကဏန်း၊ ငါးရှဉ့် တင်ပို့သူ အများစုဟာ ကြိုက်ရောင်း ကြိုက်ဝယ် စနစ်နဲ့သာ ရောင်းချ လိုကြတဲ့ ဆန္ဒ ရှိနေကြတယ်လို့ သိရှိရ ပါတယ်။ လွတ်လပ်စွာ ကြိုက်ရောင်း ကြိုက်ဝယ် စနစ်နဲ့ ရောင်းချခွင့် ရမယ်ဆိုလျှင် တရားမဝင် ရောင်းချမှုများ မရှိတော့ဘဲ မှန်ကန်တဲ့ စနစ်ကျနဲ့ ကုန်သွယ်မှုများ ဖြစ်လာနိုင်ခြင်း၊ အရည်အသွေး ကောင်းမွန်စွာနဲ့ တန်ဖိုးမြှင့် ထုတ်ကုန်များ ထွက်ရှိ လာနိုင်ခြင်း၊ စီးပွားရေး အခွင့်အလမ်းများ ပိုမို ဖြစ်ထွန်း လာပြီး ဆင်းရဲ နွမ်းပါးမှု လျော့ကျ လာစေနိုင်ခြင်း၊ ပို့ကုန် ရငွေ တန်ဖိုး မြင့်မား လာမှာဖြစ်ပြီး ဒေသတွင်း ယှဉ်ပြိုင် နိုင်စွမ်း မြင့်မား လာနိုင်ခြင်း စတဲ့ အကျိုး တရားများ ရရှိနိုင် ခြင်းကြောင့် သစ်သီး ဝလံ၊ ပဲ၊ ပြောင်း၊ နှမ်းကဲ့သို့ ကြိုက်ရောင်း ကြိုက်ဝယ် စနစ်ကို ပြောင်းလဲ လုပ်ဆောင် လိုကြတယ် လို့လည်း ဆွေးနွေး တင်ပြကြတယ်လို့ သိရှိရ ပါတယ်။

ငါး လုပ်ငန်း ဦးစီး ဌာနအနေနဲ့ ကဏန်း၊ ငါးရှဉ့် လေလံ တင်ဒါ စနစ် ပြုပြင် ပြောင်းလဲ ဆောင်ရွက်ရေးနဲ့ စပ်လျဉ်းပြီး ဝယ်လက်သို့ တိုက်ရိုက် ရောင်းချ လိုပါကလည်း ကန့်ကွက်ရန် မရှိပါကြောင်း၊ အရွယ်အစား       သတ်မှတ်ချက် ဥပမာ လုံးပတ် ၃ စင်တီ မီတာ ထက်ငယ်သော ငါးရှဉ့်များ တင်ပို့ ရောင်းချခွင့် ကန့်သတ် ထားသောလည်း ယခု အခါ မည်သည့် အရွယ်ကို မဆို ရောင်းချခွင့် ပြုပေးပြီး ဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူ ဗဟိုပြု စနစ်ဆီသို့ ဦးတည် ပြောင်းလဲသွားနေချိန် ဖြစ်တဲ့ အတွက် ပြည်သူ များရဲ့ လိုလားချက် များအား ဝန်ကြီး ဌာနများက ပံ့ပိုး ဆောင်ရွက် ကူညီ ပေးသွားမည် ဖြစ်ရာ ကုန်သည် လုပ်ငန်းရှင် အတွက် အဆင်ပြေမယ် ဆိုလျှင် မည်သည့် စနစ်ကိုမဆို အားပေး သွားမယ်၊ မည်သည့် စနစ်ပဲ ဖြစ်ဖြစ် ရသင့် ရထိုက်တဲ့ ဈေးနှုန်း မှန်ကန်မှု ရှိစေရေး၊ နိုင်ငံတော်မှ ရသင့် ရထိုက်တဲ့ အခွန်အခများ မနစ်နာစေရေး အဓိက ကျတယ်လို့ ငါးလုပ်ငန်း ဦးစီး ဌာန အစည်းအဝေးမှာ ဆွေးနွေးချက် အရ သိရှိရ ပါတယ်။

လေလံ တင်ဒါ စနစ်နဲ့ ကြိုက်ရောင်းကြိုက်ဝယ် စနစ် (၂) ခုလုံး ၂ way နဲ့ စမ်းသပ် ကာလ (၁) လ လုပ်ကိုင် သွားရန်နဲ့ (၁) လ ပြည့်တဲ့ အခါ အားနည်းချက် အားသာချက် များကို ပြန်လည် ဆန်းစစ် သွားမယ်လို့လည်း သတင်းရရှိ ပါတယ်။ စမ်းသပ် ကာလ မစမီ ကြိုတင် ပြင်ဆင်ရန် အချိန် နှစ်ပတ် ယူဆောင်သွားမှာ ဖြစ်ပြီး ချင်းရွှေဟော် မှာလည်း မူဆယ် ၁ဝ၅ မိုင်ကဲ့သို့ တပြေးညီ ဖြစ်စေရေး ဆောင်ရွက်သွားမယ်လို့ သိရှိရပါတယ်။

ချမ်းမြေ့မောင်

ကြာသပတေးနေ့ ။ ၁၀  ဇန်နဝါရီလ ၂၀၁၃ 14:30 PM
ဇန်နဝါရီလ ၇ ရက်နေ့ ထုတ် The Nation သတင်းတွင် ဆောင်းပါးရှင် Sucheera Pinijparakarn က ထိုင်း ဘဏ်ကြီး များသည် ဒေသတွင်း နိုင်ငံများ အထူး သဖြင့် မြန်မာနိုင်ငံမှာ ၎င်းတို့ရဲ့ ကွန်ယက်များ ခဲျ့ထွင်ရန် ဆောင်ရွက်လျက် ရှိကြောင်းနဲ့ ထိုသို့ ဆောင်ရွက် ရခြင်းဟာ အာဆီယံ စီးပွားရေး အသိုက် အဝန်း AEC အတွက် ကြိုတင် ပြင်ဆင်နေခြင်း ဖြစ်တယ်လို့ ရေးသားထား ပါတယ်။ Krungthai ဘဏ် (KTB)နဲ့ ထိုင်း ကူးသန်း ရောင်းဝယ်ရေးဘဏ် (Thai Commercial Bank TCB) တို့ဟာ ၎င်းတို့ ကိုယ်စားလှယ် ရုံးခွဲများကို ၂ဝ၁၂ ခုနှစ် အတွင်းက မြန်မာနိုင်ငံမှာ ဖွင့်လှစ် ထားပြီးဖြစ် ပါတယ်။ ဘန်ကောက် ဘဏ် ကိုယ်စားလှယ် ရုံးခွဲဟာ လွန်ခဲ့တဲ့ ၁၇ နှစ်ခန့် ကပင် မြန်မာနိုင်ငံမှာ ဖွင့်လှစ် ထားပြီး ဖြစ်ကြောင်းနဲ့ ဇန်နဝါရီလ ၉ ရက်နေ့မှာ Kasikorn Bank က ပထမဆုံး အနေနဲ့ ဘဏ် ဖွင့်လှစ်ရန် ရှိတယ်လို့ သိရ ပါတယ်။ လာရောက် ဖွင့်လှစ်ကြတဲ့ ဘဏ်ရုံးခွဲများဟာ မကြာလှတဲ့ အနာဂတ် ကာလမှာ အာဆီယံ ဈေးကွက် အတွင်း ငွေ စီးဝင်/ စီးထွက်မှု ပိုမို လာနိုင်ဖွယ် ရှိတယ်လို့ မျှော်မှန်း ထားချက်နဲ့ ဖွင့်လှစ် ကြတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံရဲ့ အကြီးဆုံး ဘဏ်ဖြစ်တဲ့ ဘန်ကောက် ဘဏ်ဟာ ပြည်ပ ဈေးကွက် ၁၃ ခုမှာ ဘဏ်ခွဲ ၂၆ ခု ဖွင့်လှစ် ထားပြီး ဖြစ်ရာ ၇ ခုဟာ အာဆီယံ နိုင်ငံများ အတွင်းမှာ ရှိနေ ပါတယ်။ ၎င်းတို့ရဲ့ မဟာ ဗျူဟာ ကတော့ ပြည်ပ ဈေးကွက်များ အတွင်း (Customers) သုံးစွဲ သူများနဲ့ ပူးပေါင်း၍ အနာဂတ် ဈေးကွက် အလား အလာကို လေ့လာ သွားရန် ဖြစ်ပြီး စီးပွားရေး ကဏ္ဍ လိုအပ်ချက်များကို ပံ့ပိုး သွားရန်ဖြစ် ပါတယ်။ ဘန်ကောက် ဘဏ်ဟာ အင်ဒိုနီးရှား နိုင်ငံ Medan မှာ တတိယမြောက် ဘဏ်ကို မကြာမီ ဖွင့်လှစ်ရန် စီစဉ် နေပြီး ကမ္ဘောဒီးယားမှာ ဘဏ် ပြန်လည် ဖွင့်လှစ်ရန် စဉ်းစား နေတယ်လို့ သိရ ပါတယ်။ အင်ဒိုနီးရှားမှာ ဘဏ် ဖွင့်လှစ်ရန် စီစဉ် ရခြင်းမှာ အာဆီယံ နိုင်ငံများ အတွင်း အင်ဒိုနီးရှား နိုင်ငံမှာ အကြီးမားဆုံး ဈေးကွက်ရှိတဲ့ အတွက် ဖြစ်ပါတယ်။ ထိုင်း ကုမ္ပဏီ အများ အပြားဟာ အင်ဒိုနီးရှားသို့ ဈေးကွက် ခဲျ့ထွင် လုပ်ဆောင် နိုင်ချေ ရှိတယ်လို့ ဘဏ် အသင်း အကြီးအကဲက မျှော်မှန်းထား ပါတယ်။
တစ်ချိန် တည်းမှာပင် ဘန်ကောက် ဘဏ်ဟာ မြန်မာနိုင်ငံမှာ စီးပွားရေး အလား အလာ ကောင်းများ ရှိတယ်လို့ သိရှိ သဘောပေါက် ထားပြီးဖြစ် ပါတယ်။ လွန်ခဲ့သော ၁၇ နှစ်ခန့် ကပင် ကိုယ်စားလှယ် ရုံးခွဲ တစ်ခု မြန်မာနိုင်ငံမှာ ဖွင့်လှစ် ထားပြီး ဖြစ်ရာ ယခု အခါ ဝန်ဆောင်မှုများ ပေးရန် အသင့်ရှိ နေပြီလို့ သိရ ပါတယ်။
ဘန်ကောက် ဘဏ်ရဲ့ ဝင်ငွေ ၁၈ ရာခိုင်နှုန်း ခန့်ဟာ ပင်လယ် ရပ်ခြား ဘဏ်များမှ ဝင်ငွေများ ဖြစ်ပါတယ်။ အာဆီယံ စီးပွားရေး အသိုက် အဝန်း ကာလမှာ ပြည်တွင်း စီးပွားရေး ဖွံ့ဖြိုးရေး သာမက နယ်စပ် ဒေသများ ဖွံ့ဖြိုးရေး အတွက် ပြင်ဆင် မွမ်းမံ မှုများ လုပ်ဆောင်လျက် ရှိတယ်လို့ ဘဏ် အသင်း အကြီး အကဲက ပြောကြားတာ ဖြစ်ပါတယ်။
CLMV နိုင်ငံများ ဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ် နိုင်ငံများမှာ အရှိန် အဟုန်နဲ့ တိုးတက် လာနိုင်မဲ့ ဈေးကွက် အလား အလာ များကို မတွေ့ ရှိသည့်တိုင် တောင်အာရှမှာ ဘန်ကောက် ဘဏ်ကို ပြန်လည် ပြုပြင် မွမ်းမံမှုများ လုပ်ဆောင်ပြီဖြစ် ပါတယ်။ မြန်မာနဲ့ လာအို တို့ရဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု နှုန်းဟာ ၁ဝ ရာခိုင်နှုန်း ရှိပြီး အင်ဒိုနီးရှားနဲ့ မလေးရှား နိုင်ငံတို့မှာ ၅ မှ ၆ ရာခိုင်နှုန်း အကြား ရှိနေတယ်လို့ ဘဏ် ကိန်းကဏန်းများ အရ သိရှိရပါတယ်။
ထိုင်းနိုင်ငံရဲ့ ဒုတိယ အကြီးဆုံး ဘဏ် Krungthai ဘဏ် (KTB)ကလည်း ဒီဇင်ဘာလ အတွင်းက ဘဏ် ရုံးခွဲ တစ်ခု မြန်မာနိုင်ငံမှာ ဖွင့်လှစ် ထားပြီးဖြစ် ပါတယ်။ KTB ဟာ အာဆီယံ အဖွဲ့ဝင် သုံးနိုင်ငံ ဖြစ်တဲ့ မြန်မာ၊ ကမ္ဘောဒီးယား နဲ့ လာအိုတို့ ကွန်ယက် ချိတ်ဆက် ဆောင်ရွက် နိုင်ပြီဖြစ် ပါတယ်။ ကမ္ဘောဒီးယားမှာ ရုံးခွဲ ၂ ခုနဲ့ လာအိုမှာ ၁ ခု ဖွင့်လှစ် ထားပြီဖြစ် ပါတယ်။ KTB ရဲ့ ဘဏ္ဍာရေး အရာရှိချုပ် ဖြစ်သူ Kiltiya Todhanakasem က အင်ဒိုချိုင်းနားနဲ့ (GMS) မဟာမဲခေါင် မြစ်ဝှမ်း ဒေသ အကြား ဘဏ် စနစ်ဟာ ဖွံ့ဖြိုးဆဲ အနေအထားမှာ ရှိနေခြင်းဟာ ၎င်းတို့ အတွက် အလား အလာ ကောင်း တစ်ခု ဖြစ်တယ်။ ထိုင်း ဘဏ်များ အနေနဲ့ ဘဏ် လုပ်ငန်းများ ရှင်သန် ဖွံ့ဖြိုးရေး အတွက် အကူ အညီ ပေးနိုင်မယ်လို့ ဆိုပါတယ်။ KTB ဟာ ဂျပန်၊ တောင် ကိုရီးယား၊ စင်္ကာပူ၊ လာအို၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ အမေရိကားနဲ့ ဥရောပ သမ္မဂတို့မှာ ဘဏ် ၃၅ ခု ဖွင့်လှစ် ထားပြီးဖြစ် ပါတယ်။ ထိုင်း ကူးသန်း ရောင်းဝယ်ရေး ဘဏ် (SCB) ကလည်း အာဆီယံ နိုင်ငံ ဒေသ အတွင်းမှာ SCB ကို အများ သိရှိလာ စေရေး အတွက် အရေးကြီးကြောင်း၊ အကြောင်းမှာ ဒေသ အတွင်းမှာ အရေးပါတဲ့ နေရာသို့ ရောက်ရှိလာရေး စီစဉ်နေတဲ့ အတွက် ဖြစ်တယ် SCB ရဲ့ ဆက်နွယ် လုပ်ကိုင်သူ ဟုတ်သည် ဖြစ်စေ မဟုတ်သည် ဖြစ်စေ လူတိုင်း SCB ကို အများ သိရှိ လာစေရမယ်လို့ SCB မှ ဘဏ် ဥက္ကဌ Vichit Suraphongchai ပြောဆိုလျက် ရှိပါတယ်။
နိုဝင်ဘာလ အတွင်းက SCB ကိုယ်စားလှယ် ရုံးခွဲကို မြန်မာနိုင်ငံမှာ လာရောက် ဖွင့်လှစ် နိုင်ခဲ့ခြင်းဟာ ဒေသ အတွင်းမှာ အဓိက ကျတဲ့ ခြေလှမ်း တစ်ခု ဖြစ်တယ်လို့လည်း ဆိုပါတယ်။ SCB ဟာ အင်ဒိုချိုင်းနား၊ GMS ဒေသတွင်း နိုင်ငံများ (တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနဲ့ မြန်မာ) မှာ ၃ နှစ် အတွင်း တိုးခဲျ့ ဖွင့်လှစ် သွားမယ်။ အာဆီယံ နိုင်ငံများ အပြင် တရုတ် နိုင်ငံမှာလည်း ဖွင့်လှစ် နိုင်ရေးဟာ အဓိက အရေး ပါတယ်လို့ ဆိုပါတယ်။
ယခုကဲ့သို့ အာဆီယံ နိုင်ငံများ၊ GMS နိုင်ငံ များမှာ ဘဏ်များ ဖွင့်လှစ် နိုင်ခြင်း အားဖြင့် အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းရှင်များ ပင်လယ် ရပ်ခြား ကုန်သွယ်မှု လုပ်ငန်းများ လုပ်ဆောင်ရာမှာ လုပ်ငန်းများ အဆင်ပြေစေ နိုင်မယ်၊ KTB ဟာ ယခုနှစ် အတွင်း မလေးရှား၊ ဖိလစ်ပိုင်နဲ့ ဘရူးနိုင်း စတဲ့ အာဆီယံ နိုင်ငံများ မှာလည်း ထပ်မံတိုးခဲျ့ ဖွင့်လှစ် နိုင်ရေး ရည်ရွယ်ချက်ထား လုပ်ဆောင် လျက်ရှိနေ ပါတယ်လို့ The Nation သတင်းမှာ ဖော်ပြ ထားပါတယ်။
Souce:The Nation CMK

အင်္ဂါနေ့  ။ ၀၈  ဇန်နဝါရီလ ၂၀၁၃ 19:00 PM

စားသုံးသူ အကာအကွယ် ပေးရေး၊ ကုန်သွယ်မှု မြှင့်တင်ရေးနဲ့ တရားမဝင် ကုန်သွယ်မှုများ လျော့နည်း ပပျောက်ရေး အတွက် Mobile Team လှုပ်ရှား အဖွဲ့များဖြင့် ဆောင်ရွက် နေခြင်းနဲ့ နယ်စပ် ကုန်သွယ်ရေး စခန်းများ အနီး တစ်ဝိုက်မှာ ထုတ်နုတ် အင်းအားနဲ့ ပိတ်ဆို့ ရှာဖွေ တားဆီး ဆောင်ရွက်နေမှု အခြေအနေများ အသိပေး ရှင်းလင်းပွဲကို ဇန်နဝါရီလ ၅ ရက်နေ့ ၁ဝးဝဝ ချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပဉ္စမထပ် ခန်းမမှာ ကျင်းပ ခဲ့တယ်လို့ သတင်း ရရှိပါတယ်။

နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေးမှ လက်ရှိ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း ပြောကြားရာတွင် ပကတိ အခြေအနေများကို အမှန်အတိုင်း သိရှိနိုင်ရေး ပညာပေး ကာလ စတင် မဆောင်ရွက်မီ ကတည်း ကလည်း ပညာပေး ကာလ ၁ လ (သို့မဟုတ်) ၂ လ အကြာမှာ ချပြ ရှင်းလင်း ပေးမယ်လို့ ကတိပြုခဲ့တဲ့ အတိုင်း ယခု ရှင်းလင်းပွဲ ကျင်းပရခြင်း ဖြစ်ကြောင်း၊ မူဆယ်- မန္တလေး ကုန်သွယ်မှု လမ်းကြောင်းတွင် နိုဝင်ဘာလ ၁ ရက်နေ့နဲ့ မြဝတီ- ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်းတွင် ဒီဇင်ဘာလ ၂ဝ ရက်နေ့မှ စတင်ပြီး ပညာပေး ကာလအဖြစ် ဆောင်ရွက်ခဲ့ပုံ၊ Mobile Team ဖြစ်ပေါ် လာရမှုနဲ့ စပ်လျဉ်းပြီး အစိုးရ အဖွဲ့ အသစ် တက်လာပြီး နောက်ပိုင်း ကုန်သွယ်မှု တိုးတက်စေဖို့နဲ့ ကုန်သွယ်မှု လုပ်ငန်းများ လျင်မြန် ချောမွေ့စေရေး အတွက် နိုင်ငံတော် အစိုးရ အနေနဲ့ မူဝါဒ ဆိုင်ရာ၊ အခွန်အခ ဆိုင်ရာ ကိစ္စရပ်တွေ အပေါ် ဖြေလျော့မှု များစွာ ပြုလုပ် ပေးခဲ့ပြီး ဖြစ်ကြောင်း၊ ၂ဝ၁၂ ခုနှစ် နှစ်ဆန်းပိုင်းမှာ မူဆယ်- မန္တလေး ကုန်သွယ်မှု လမ်းကြောင်း ပေါ်ရှိ ရေပူနဲ့ မြဝတီ- ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်း ပေါ်မှာရှိတဲ့ မရမ်းချောင်း စတဲ့ တရားမဝင် ကန့်သတ် ကုန်ပစ္စည်း စစ်ဆေးရေး ဂိတ်များကို ဖယ်ရှား ပေးခဲ့ ပြီးဖြစ်ကြောင်း၊ ကုန်သွယ်မှု လမ်းကြောင်း ပေါ်မှာ အတားအဆီး သဖွယ် ဖြစ်နေခြင်း အားဖြင့် ကုန်သွယ်မှု ချောမွေ့ လျင်မြန် လာစေရန် ရည်ရွယ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့ နောက်ပိုင်း ဖမ်းဆီးမှုများ ပြုလုပ်ခြင်း မရှိတော့တဲ့ အတွက် ဈေးကွက် အတွင်း တရားမျှတသော ယှဉ်ပြိုင် နိုင်မှု မရှိတာကို တွေ့ရှိရ လာကြောင်း ကန့်သတ် ကုန်ပစ္စည်း စစ်ဆေးရေး ဂိတ်ဖြုတ် သိမ်းခြင်း မပြုမီ ဖမ်းဆီး ရမိမှု အခြေအနေ များမှာ မူဆယ်၊ ရေပူ၊ မြဝတီ၊ မရမ်းချောင်း စခန်းများမှာ အများဆုံး ဖြစ်ပြီး ကျောက်စိမ်း၊ ကျောက်မျက်၊ အင်ကြင်း ကျောက်၊ မူးယစ် ဆေးဝါး၊ တရားမဝင် ယာဉ်နဲ့ မော်တော် ဆိုင်ကယ်၊ သစ်ခွဲသား၊ သစ်ပရိဘောဂ အချောထည်များ ပါရှိခဲ့ကြောင်း အသေးစိတ် ရှင်းလင်း ပြောကြား ပါတယ်။ ဧပြီလ ၃ဝ ရက်နေ့ မှာတော့ တရားမဝင် ကုန်သွယ်မှု လျော့နည်း ပပျောက်ရေးနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ဝန်ကြီး ဌာနများ၊ တိုင်း ဒေသကြီးများ၊ ပြည်နယ် အစိုးရများ တွေ့ဆုံ ဆွေးနွေး အဖြေရှာ ဆောင်ရွက်ရန် အကြီးအကဲများရဲ့ လမ်းညွှန်ချက် အရ မူဆယ်နဲ့ မြဝတီ ကုန်သွယ်မှု လမ်းကြောင်း များကို ကွင်းဆင်း လေ့လာမှု ပြုခဲ့ကြောင်း၊ ကုန်သွယ်မှု ကျဆင်းရတဲ့ အကြောင်း အရင်းများနဲ့ ကုန်သွယ်မှု လမ်း တစ်လျှောက် တရားမဝင် ကုန်သွယ်မှုများ ရှောင်ကွင်း လမ်းများနဲ့ အဆင့်ဆင့်သော တရားမဝင် ဂိတ်များနဲ့ သယ်ဆောင် နေမှုများကို တွေ့ရှိ ခဲ့ရပုံ၊ တရားမဝင် ကုန်စည်များ ဝင်ရောက်နေမှု များအား ပြည်ထောင်စု အဆင့် ကော်မတီ တစ်ရပ် ဖွဲ့စည်း၍ ထိထိ ရောက်ရောက် ဆောင်ရွက် စေရန် လှိုင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဝင်းမြင့်မှ ပထမ အကြိမ် ပြည်သူ့ လွှတ်တော် ပုံမှန် အစည်း အဝေးမှာ အရေးကြီး အဆို တင်သွင်းမှုနဲ့ စပ်လျဉ်းပြီး စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်မှ ကုန်ပစ္စည်းများ နိုင်ငံ အတွင်းသို့ ရေလမ်းမှ ၈ဝ ရာခိုင်နှုန်း ဝင်ရောက် လျက်ရှိ သဖြင့် ရန်ကုန် ဆိပ်ကမ်းရှိ နေရာ အားလုံးမှာ ထိထိ ရောက်ရောက် ဆောင်ရွက် နိုင်ရေး ထောက်ခံ ဆွေးနွေးခဲ့ပုံ၊ ကုန်သွယ်မှု ပြုလုပ်တဲ့ ပင်လယ် ရေကြောင်း၊ နယ်စပ် ကုန်သွယ်မှု စခန်း နေရာ ဒေသ အသီးသီး၌ တရားမဝင် ကုန်သွယ်မှု လုပ်ငန်းများ ဆောင်ရွက် နေခြင်းကို စစ်ဆေး ဖော်ထုတ်၍ ထိရောက်စွာ အရေးယူ ဆောင်ရွက်နိုင်ရန် အတွက် ''တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး ဗဟို ကော်မတီ''ကို နိုင်ငံတော် သမ္မတရုံးမှ ဖွဲ့စည်း တာဝန်ပေး အပ်ထားမှု အခြေ အနေများကို အသေးစိတ် ရှင်းလင်း ပြောကြား ခဲ့ပါတယ်။

တရားမဝင် ကုန်သွယ်မှုများဟာ ၂ဝ၁၅ ခုနှစ်မှာ ASEAN Free Trade Area (AFTA)ကို အပြည့်အဝ အကောင် အထည်ဖော်ရာမှာ နှောင့်နှေးစေတဲ့ အချက်လည်း ဖြစ်ကြောင်း၊ စွန့်ဦး တည်ထွင် လုပ်ကိုင်သူများကို အနှောက်အယှက် ဖြစ်စေကြောင်း၊ စားသုံးသူများကို အန္တရာယ် ဖြစ်စေတဲ့ စံမမီတဲ့ စားသောက်ကုန်များ၊ စက် ပစ္စည်းများကြောင့် တရားမဝင် ကုန်သွယ်မှုများကို ထိန်းကျောင်းနိုင်ရန် Mobile Team များနဲ့ လုပ်ဆောင်ခဲ့ရပုံ၊ အဖွဲ့မှာ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာန၊ ပြည်တွင်း အခွန်များ ဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ သက်ဆိုင်ရာ ကုန်သည်အသင်းနဲ့ ဒေသ အုပ်ချုပ်ရေး ကိုယ်စားလှယ်များ၊ Mobile Team အဖွဲ့အနေနဲ့ မမှန်မကန် မလုပ်နိုင်အောင် နိုင်ငံတော်မှ အားကိုးအားထား ပြုရတဲ့ စတုတ္ထမဏ္ဍိုင် Media မှ ကိုယ်စားလှယ် ကိုပါ အဖွဲ့တွင် ထည့်သွင်း ဖွဲ့စည်း ထားပုံ၊ ဌာန တစ်ခုတည်းမှာ တာဝန်ယူ ထမ်းဆောင်ခြင်း မရှိဘဲ စုပေါင်း ဆွေးနွေး၊ စုပေါင်း ဆုံးဖြတ်၊ စုပေါင်း အကောင် အထည် ဖော်ဆောင်ရန် Mobile Team ကို ဖွဲ့စည်းခဲ့ပုံများကို အကျယ်တဝင့် ရှင်းလင်း ပြောကြား ခဲ့ပါတယ်။

ဆက်လက်၍ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုဥက္ကဌ၊ စက်မှု ကုန်ထုတ် လုပ်သူများ အသင်းနဲ့ စားသောက်ကုန်ထုတ် တင်ပို့သူများ အသင်းများရဲ့ ဥက္ကဌ ဦးဇော်မင်းဝင်းမှ Business Ethics စီးပွားရေး ကျင့်ဝတ်ကို သေချာ လေးစား လိုက်နာမယ်ဆိုရင် ယခု ကဲ့သို့သော အခက်အခဲများကို ကြုံတွေ့ရမှာ မဟုတ်ကြောင်း၊ Mobile Team ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ကျေးဇူးတင်ကြောင်း၊ ယခုလိုမှ မလုပ်လျှင် အခက်အခဲ များစွာကြုံတွေ့ရမှာ ဖြစ်ကြောင်း၊ တင်သွင်း လာတဲ့ စားသောက်ကုန် ပစ္စည်းတိုင်းကို FDA မှ ရာနှုန်းပြည့် စစ်ဆေး ပေးနိုင်ခြင်း မရှိကြောင်း၊ တစ်ဖက် တစ်လမ်းက စစ်ဆေးမှုတော့ လုပ်ပေးနေ ပါကြောင်း၊ ကုန်သည်များနဲ့ ဌာန ပေါင်းစပ် လုပ်ရန် လိုကြောင်း၊ Rules of Law ကို လူတိုင်း လိုက်နာရန် လိုအပ်ကြောင်း၊ Consumer Protection Law လွှတ်တော်ကို တင်ပြထားပြီး ဖြစ်ကြောင်းနဲ့ မကြာမီ ပြဌာန်းတော့မှာ ဖြစ်ကြောင်း၊ စားသုံးသူများ အတွက် ဘေးအန္တရာယ် ကင်းရှင်းတဲ့ စားသောက်ကုန်များ တင်သွင်းရန် ထုတ်လုပ်ရန် လိုအပ်ကြောင်း၊ အခွန်အခများလည်း မမြင့်မားသလို နိုင်ငံတော်မှလည်း အခွန်များ မြင့်မားတဲ့ အတွက် မှောင်ခို ဝင်နေရပါတယ် ဆိုလို့ အတော်များများ ဖြေလျော့ပြီး ဖြစ်ကြောင်း၊ မှန်မှန် ကန်ကန် အခွန်ပေးသွင်းခြင်း အားဖြင့် အားလုံး စိတ်ချမ်းချမ်း သာသာ ဘေးအန္တာရယ် ကင်းကင်း ရှင်းရှင်းနဲ့ နေကြရာမှာ ဖြစ်ကြောင်း၊ Mobile Team အဖွဲ့ကြောင့် စံချိန်မီ အစားအသောက်၊ ဆေးဝါး စသည်တွေကို မှန်ကန်စွာ စားသုံးနိုင်ပြီး ပြည်တွင်း ထုတ်လုပ်သူများ အတွက်လည်း မျှတစေမဲ့ အားသာချက်များ ရှိပြီး အားနည်းချက်တွေ ကတော့ ကြန့်ကြာမှုနဲ့ အဆင့်ဆင့် ပေးကမ်းရတာတွေ ရှိနေကြောင်း၊ လုပ်ငန်းရှင်ရော ဝန်ထမ်းပါ လာဘ်ပေးလာဘ်ယူ ရှောင်ရှားကြဖို့ လိုအပ်ကြောင်း၊ ဈေးကွက် လိုအပ်ချက်များကို ကြည့်ပြီး တင်သွင်းသူနဲ့ ထုတ်လုပ်သူများ ပူးပေါင်း လုပ်ဆောင်ကြဖို့ လိုအပ်ကြောင်း၊ မတရားတဲ့နည်းနဲ့ပ ဲတင်သွင်း လုပ်ကိုင်နေမယ်ဆိုလျှင် FDI တွေ ဝင်မလာဘဲ ဖြစ်နိုင်ကြောင်း၊ FDI ဟာ Regional ပိုင်းမှာရော Global မှာပါ အရေးကြီးကြောင်း၊ မျှတသော အတွေးအခေါ်များ ရှိဖို့ ကုန်သည်များမှာရော အသင်း အဖွဲ့များမှာပါ တာဝန် ရှိကြောင်း၊ နယ်စပ် ကုန်သည် အသင်းများ အနေနဲ့ အခက်အခဲရှိလျှင် အသင်းချုပ်ကို တင်ပြပေးရန်နဲ့ အသင်းချုပ် အနေနဲ့ ကုန်သည်နဲ့ ပြည်သူများ ဖက်က ရပ်တည်ပေးသွားမယ်လို့ ပြောကြား ခဲ့ပါတယ်။

ဆက်လက်ပြီး Mobile Team အဖွဲ့(၁) နဲ့ (၂)တို့မှ တာဝန်ရှိ သူများက မြေပြင်တွင် လက်တွေ့ ဆောင်ရွက်နေမှု၊ ကြုံတွေ့ရသော အခက်အခဲ၊ အားသာချက် အားနည်းချက်များကို တင်ပြခဲ့ကြ ပါတယ်။ မူဆယ်- မန္တလေး ကုန်သွယ်မှု လမ်းကြောင်း ပေါ်မှာ ပညာပေး ကာလ အတွင်း ယာယီ သိမ်းဆည်းထားတဲ့ ကုန်ပစ္စည်းများ အတွင်းမှ တရားဝင် တင်ပို့ တင်သွင်း ခွင့်ပြုထားတဲ့ ကုန်ပစ္စည်းများအား လိုင်စင် ပြန်လည် ဆောင်ရွက် ပေးခဲ့ရာမှာ ပို့ကုန် သွင်းကုန် လိုင်စင် စောင်ရေ ၇၄ စောင် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုည ဒသမ ၂၈၇ သန်းကျော်၊ ယွမ် သုည ဒသမ ၅၇၈ ကျော်နဲ့ ကျပ် ၂၆ သန်းကျော်ဖိုး အသီးသီး ရှိကြောင်း၊ နိုင်ငံဘဏ္ဍာ အဖြစ် သိမ်းဆည်း ခဲ့ရသော ပစ္စည်းများမှာ ကျောက်စိမ်းနဲ့ သတ္တုမှုန့်များ သယ်ဆောင် လာသော ယာဉ်၊ ဘီယာ၊ ဂံျုမှုန့်၊ ကြက်သွန်ဖြူ၊ သစ်ခွ၊ သစ်၊ ဂျီသားရေ၊ အမဲသားခြောက်၊ အေးခဲ အမဲသား၊ အမဲ ဝမ်းတွင်းသား၊ ကြာညို့နဲ့ ပဲတီချဉ်တို့ ဖြစ်တယ်လို့ တင်ပြသွားခဲ့ ပါတယ်။ ပညာပေး ကာလအတွင်း စားသုံးသူ အကာအကွယ် ပေးရေး အတွက် အသားစို ကြက်သား၊ ဘဲသား၊ ကြက် အဆီဗူး၊ အသားတု၊ ကြက်အူချောင်းများ တန်ဖိုးအားဖြင့် ကျပ် ၄ ဒသမ ၇၃၅ သန်း ဖိုးအား သုံးကြိမ် မီးရှို့ ဖျက်ဆီးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ ကျပ် ၄ သိန်းကျော်ဖိုး တန်ဖိုးရှိ မုန့်များနဲ့ ကျင်းထုံ ခြင်ဆေးခွေ များကိုတော့ ဖျက်ဆီးရန် ကျန်ရှိနေ သေးတယ် လို့လည်း Mobile Team အဖွဲ့(၁) ဒုတိယတာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး ဦးကြည်စိန်မှ တင်ပြသွားခဲ့ ပါတယ်။

မြဝတီ- ရန်ကုန် Mobile Team အဖွဲ့(၂) ခေါင်းဆောင် ညွှန်ကြားရေးမှူး ဦးသိန်းဝင်းမှ ၎င်းတို့ စတင် ဆောင်ရွက်တဲ့ နိုဝင်ဘာလ ၂ဝ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်ထိ တားဆီးထားတဲ့ ပစ္စည်းများထဲမှ ကန်ဒေါ်လာ သုည ဒသမ ဝ၇၂ ကျော်၊ ကျပ် ၁၃၉ သန်းကျော် တန်ဖိုးရှိ ပစ္စည်းများကို အခွန် အရပ်ရပ် ပေးဆောင်ထားပြီး ဖြစ်တဲ့ အထောက် အထားများ လာရောက် ပြသတဲ့ အတွက် ဆက်လက် သယ်ဆောင် ခွင့်ပြု ပေးပြီးကြောင်းနဲ့ ကျပ်တန်ဖိုး ၁၇ သန်းကျော် တန်ဖိုးရှိ ကန့်သတ် ကုန်များဖြစ်တဲ့ အရက်၊ ဝိုင်၊ ဘီယာ၊ ချောကလက်၊ ဝေဖာ၊ ကွမ်းစားဆေး များကို ဖမ်းဆီးခဲ့ပြီး သက်ဆိုင်ရာ အကောက်ခွန် ဦးစီးဌာနသို့ အပ်နံှ ထားပြီးဖြစ်ကြောင်း ရှင်းလင်း တင်ပြခဲ့ ပါတယ်။

မြဝတီ- ရန်ကုန် လမ်းကြောင်းပေါ်မှာ စားသုံးသူ အကာ အကွယ်ပေးရေး အတွက် ပုစွန်ဖြူ၊ ကြက်အသည်း အမြစ် သေတ္တာများကို ခန့်မှန်း တန်ဖိုး ကျပ်သန်း၂ဝ ကျော်ဖိုးကို Mobile Team အဖွဲ့ အနေနဲ့ မီးရှို့ ဖျက်ဆီးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ မြဝတီ လမ်းကြောင်းမှာ ငါးပုံးခွံ အလွတ်များ အောက်ရှိ ငါးပုံးများ အတွင်း ကြက်အသည်း အမြစ်နဲ့ ပုစွန်ဖြူများ သယ်ဆောင်လာ ခြင်းဖြစ်တယ်၊ ကတ္တရာဖြစ်စ၊ သံဖြတ်စ၊ ပလပ်စတစ် ပစ္စည်း အဟောင်းများ၊ သနပ်ခါး ပြုလုပ်မဲ့ မြေကြီး၊ ဖရဲသီး၊ ထုံးမှုန့်၊ ကွမ်းခြင်းများ သယ်ဆောင်တဲ့ ယာဉ်များ၊ ဘီယာများ၊ စပျစ်ဝိုင်များ၊ ကားပစ္စည်း အဟောင်းများ ရောနှော ဝှက်သယ်ဆောင် လာတယ်လို့ ဦးသိန်းဝင်းရဲ့ တင်ပြချက် အရ သိရှိရပါတယ်။

ဆက်လက်၍ တက်ရောက် လာကြသူများ၊ သတင်း မီဒီယာများမှ မေးမြန်းချက်များ အပေါ် ဌာန ဆိုင်ရာများမှ တာဝန် ရှိသူများက ဖြေကြား ပေးခဲ့ကြ ပါတယ်။ တွေ့ဆုံ ရှင်းလင်းပွဲသို့ တက်ရောက် လာကြတဲ့ Media သမားများကို ဇန်နဝါရီလ ၆ ရက်နေ့တွင် Mobile Team အဖွဲ့ (၂)မှ တာဝန် ယူထားတဲ့ မြဝတီ- ရန်ကုန်လ မ်းပိုင်း ပေါ်ရှိ ''ဝေါ'' သို့ လက်တွေ့ ကွင်းဆင်း လေ့လာနိုင်ရန် ခရီးစဉ် တစ်ရပ်လည်း စီစဉ်ပေးခဲ့ တယ်လို့ သတင်းရရှိ ပါတယ်။ တွေ့ဆုံ ရှင်းလင်းပွဲတွင် ညွှန်ကြားရေးမှူးချုပ်မှ Mobile Team ကို အမြဲထားမည် မဟုတ်ကြောင်း၊ နိုင်ငံတကာနဲ့ ယှဉ်နိုင်တဲ့ အဆင့်ကို ရောက်ရှိလာပြီ ဆိုရင် ဖြုတ်ပေးမည် ဖြစ်ကြောင်း လိုအပ်ချက် အရ တာဝန်ေ ပးထားရခြင်း ဖြစ်ကြောင်း၊ တာဝန် ပေးခံရသူများ အနေနဲ့ တာဝန် အရ ပေးဆပ်ခြင်း အနေနဲ့ လုပ်ဆောင် သွားကြရမှာ ဖြစ်ကြောင်း၊ နိုင်ငံတော်မှ ဆင်းရဲနွမ်းပါးမှု ပပျောက်ရန်နဲ့ FDI ကို လက်ရှိ အခြေအနေမှ နှစ်ဆ သုံးဆထိ မြင့်အောင် လုပ်ဆောင် ပေးနေကြောင်း၊ ရေမြင့်လျှင် ကြာတင့်မည် ဖြစ်ကြောင်းနဲ့ အကောင်းဆုံး ဖြစ်အောင် ညှိနှိုင်း ဆောင်ရွက်လျက် ရှိပါကြောင်း နိဂုံးချုပ် စကားပြောကြားပြီး တွေ့ဆုံ ရှင်းလင်းပွဲကို ၁၃း၄ဝ ချိန်မှာ အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့တယ်လို့ သတင်း ရရှိပါတယ်။

DOBT (MIRT)

တနင်္ဂနွေနေ့ ။ ၀၆ ဇန်နဝါရီလ ၂၀၁၃ 22:45 PM

        

တနင်္သာရီ တိုင်းဒေသကြီး အတွင်းမှာ ရှိတဲ့ မြိတ် ဒေသနဲ့ အိမ်နီးချင်း တစ်ဖက် နိုင်ငံတို့ ကုန်သွယ်မှု ပြုရာမှာ ကုန်သွယ်မှု  လုပ်ငန်းများ လွယ်ကူ ချောမွေ့ မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်၊ ကုန်သွယ်မှု လုပ်ငန်း အခက်အခဲများ ဖြေရှင်းဆောင်ရွက်နိုင်ရန် တရားဝင် ကုန်သွယ်မှု လမ်းကြောင်းပေါ်မှ ဆောင်ရွက်နိုင်ရန်နဲ့ ကုန်သွယ်မှု မြှင့်တင်ရေး ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ချက်များနဲ့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးကို ဒီဇင်ဘာလ ၂၆ ရက်နေ့၁၃းဝ၀ နာရီတွင် မြိတ် ခရိုင် ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်း ရုံးခန်းမမှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

အစည်းအဝေးမှာ မြိတ် နယ်စပ်စခန်း တာဝန်ခံ ညွှန်ကြားရေးမှူး ဦးမျိုးညွှန့်အောင်မှ တရားမဝင် တားဆီး ထိန်းချုပ်ရေး ဗဟို ကော်မတီ ဖွဲ့စည်းပုံ၊ လုပ်ငန်း တာဝန်နှင့် လုပ်ပိုင်ခွင့်များအား ရှင်းလင်း ဆွေးနွေး ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် လျာထားချက် မပြည့်မီပါက လှုပ်ရှား ရှာဖွေ တားဆီးရေး အဖွဲ့ (Mobile Team) ဖြင့် ဆောင်ရွက်ရန် ရှိပါကြောင်း၊ တစ်ဖက် နိုင်ငံမှ စီးကရက်နှင့် ဆေးဝါး အတုများ တရားမဝင် တင်သွင်းမှုများ ရှိနေသဖြင့် တားဆီး ထိန်းချုပ် သွားရမှာ ဖြစ်ကြောင်း၊ ပြည်နယ်/ တိုင်း ဒေသကြီးနှင့် ခရိုင်မြို့နယ် ဆေးဝါး ကြီးကြပ်ရေး ကော်မတီများ အနေနဲ့ ဆေးဆိုင်များတွင် မြန်မာနိုင်ငံ ဆေးဝါး မှတ်ပုံတင် အမှတ် မပါရှိသော ဆေးဝါးများကို တရားမဝင် ဖြန့်ဖြူး ရောင်းချခြင်း ရှိ/ မရှိ စစ်ဆေး အရေးယူ ပေးစေလိုကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ သက်ဆိုင်ရာ ကျန်းမာရေး ဦးစီးဌာနများနှင့် မိမိတို့ ဝန်ကြီး ဌာနကို အကြောင်းကြား ထားကြောင်း၊ မိမိ စခန်း ပေါက်မှ တင်သွင်း ဝင်ရောက်မှု မရှိစေရေးအား အကောက်ခွန် ဦးစီး ဌာနနှင့် ညှိနှိုင်း တားဆီး သွားရန် ဖြစ်ကြောင်းနဲ့ ကုန်သွယ်မှု လုပ်ငန်း အပါအဝင် မည်သည့် လုပ်ငန်း မဆို စည်းစည်း လုံးလုံးဖြင့် ဝိုင်းဝန်း ဆောင်ရွက်ပါက အောင်မြင်မှာ ဖြစ်ကြောင်း ပြောကြား ခဲ့တယ်လို့ သိရှိရပါတယ်။

ဆက်လက်ပြီး ဒေသတွင်း ကုန်စည် စီးဆင်းမှု မြင့်တက်လာရန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ ဒေသ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဌာန ဆိုင်ရာ လုပ်ထုံး လုပ်နည်းများ အတိုင်း လုပ်ကိုင်ရမှာ ဖြစ်ကြောင်း အသင်း အဖွဲ့များ ဖွဲ့စည်းပြီး ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးရန် ပြောကြား လိုပါကြောင်း ဒေသ ဖွံ့ဖြိုး တိုးတက်ရန် ဒေသမှ ဆောင်ရွက် ပေးရမှာ ဖြစ်ကြောင်း ဌာန ဆိုင်ရာများရဲ့ လျာထားချက်များ ပြည့်မီအောင် စည်းစည်း လုံးလုံးဖြင့် ဝိုင်းဝန်း ဆောင်ရွက်ပေးရန် မေတ္တာ ရပ်ခံပါကြောင်း မြိတ် ခရိုင် အထွေထွေ ဦးစီး ဌာနမှ ဦးစီးအရာရှိ ဦးရဲမြတ်သိန်းမှ ပြောကြား ခဲ့တယ်လို့ သတင်းရရှိပါတယ်။

မြိတ် ခရိုင် ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်း ဒုတိယ ဥက္ကဌ ဦးကြည်စန်းမှ မြိတ် ခရိုင် ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းနဲ့ ညီနောင် အဖွဲ့များဟာ နိုင်ငံတော်မှ ညွှန်ကြား ထားတဲ့ မူဝါဒ လုပ်ထုံး လုပ်နည်းများနှင့် သက်ဆိုင်ရာ ဦးစီး ဌာနများ၏ လမ်းညွှန်ချက်များနှင့် အညီ တရားဝင် လမ်းကြောင်းပေါ်သို့ ရောက်ရှိအောင် ကုန်သည် လုပ်ငန်းရှင်များကို အသိပေးပြီး တဆင့်ပြီး တဆင့် ဆောင်ရွက်နေ ပါကြောင်း၊ ကုန်သွယ်မှု ပမာဏကို လျာထားချက် ပြည့်မီနိုင်အောင် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ ပါတယ်။ မြိတ် ခရိုင် ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးထွန်းထွန်းမှ သွင်းကုန် လျာထားချက် ပြည့်မီရေး အတွက် ညီနောင် အသင်း အဖွဲ့များနှင့် ကုန်သည် လုပ်ငန်းရှင်များ ညှိနှိုင်း ဆွေးနွေးပွဲ ပြုလုပ်ပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ ဆေးဝါး ပစ္စည်းများကိုလည်း FDA ထောက်ခံချက် ရရှိအောင် တရားဝင် တင်သွင်းနိုင်ရေး အတွက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ တနင်္သာရီ တိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး မြို့နယ် ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်း (TTCCI) ကိုလည်း ဖွဲ့စည်းပြီး ဖြစ်ကြောင်းကို ဆွေးနွေး တင်ပြခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် ကုမ္ပဏီ တည်ထောင်လိုသူများ ရှိပါက လာရောက် ဆွေးနွေးနိုင်ကြောင်း၊ ပို့ကုန် သွင်းကုန် လိုင်စင် လျှောက်ထားရာမှာ အခက်အခဲ မရှိအောင် ဆောင်ရွက်ပေးမှာ ဖြစ်ကြောင်း ဌာန ဆိုင်ရာများရဲ့ လုပ်ထုံး လုပ်နည်းများ မသိရှိပါက မေးမြန်းနိုင်ကြောင်း၊ အခက်အခဲများ ရှိပါက ဖြေရှင်း ဆောင်ရွက်ပေးမှာ ဖြစ်ကြောင်း၊ တစ်ဦး အခက် အခဲကို တစ်ဦးက ကူညီ ဖြေရှင်းပေးမှသာ လုပ်ငန်းများ လွယ်ကူ မြန်ဆန်လာပြီး ပြီးမြောက် အောင်မြင်နိုင်မှာ ဖြစ်ပါကြောင်း၊ မြိတ် နယ်စပ် ကုန်သွယ်ရေး စခန်း တာဝန်ခံ ညွှန်ကြားရေးမှူး ဦးမျိုးညွှန့်အောင်က ဆွေးနွေး ပြောကြား သွားခဲ့တယ်လို့ သတင်း ရရှိပါတယ်။

Source: နကသ (မြိတ်)စပါယ်

Pages