COVID-19 နှင့်ပတ်သက်သော သတင်း/ဆောင်းပါးများ

COVID-19 အရေးပေါ်ကာလအတွင်း ပို့ကုန်သွင်းကုန်လိုင်စင်များကို ရုံးဌာနသို့လာရောက်ရန် မလိုဘဲ အွန်လိုင်းစနစ်ဖြင့် (၁-၄-၂၀၂၀) ရက်မှစတင်ထုတ်ပေးသွားမည်

Mon, 03/30/2020 - 04:43 -- dotadmin
Undefined

ယခုအခါ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နေရာအနှံ့အပြားတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး(Covid-19) မှာ ပျံ့ပွားလျှက်ရှိပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန အနေဖြင့် ပြည်သူများထံသို့ ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများတွင် လူလူချင်းထိတွေ့မှုများ ဟန့်တားနိုင်ရေး၊ ဗိုင်းရပ်စ်ပိုးကူးစက် မှုများအားလျှော့ထားနိုင်ရေး အထူးအလေးပေး ဆောင်ရွက် လျှက်ရှိရာ ဝန်ကြီးဌာနမှထုတ်ပေးဆောင်ရွက်လျက်ရှိသည့် ပို့ကုန်သွင်းကုန်လိုင်စင် လျောက်ထားမှု အား (၁-၄-၂၀၂၀)ရက်နေ့မှ စတင်ပြီး အွန်လိုင်းမှ လျောက်ထားခြင်း၊ ထုတ်ပေးခြင်းလုပ်ငန်းစဉ်များ အား စတင်ခွင့်ပြု ဆောင်ရွက်ပေး သွားမည်ဖြစ်ပါသည်။

 

ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် ရုံးဌာနသို့လာရောက်ရန်မလိုဘဲ အင်တာနက်ရရှိသည့် မည်သည်နေရာမှမဆို လိုင်စင်လျောက်ထားခြင်း၊ ငွေကြေးပေးသွင်းခြင်း၊ လိုင်စင်ပြန်လည် ထုတ်ယူ ခြင်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ယခင်ထုတ်ပေး ဆောင်ရွက်လျက်ရှိသည့် CMP(အထည်ချုပ်) သွင်းကုန်လိုင်စင်များအပြင် လျောက်ထားမှု အရေအတွက် အများဆုံးဖြစ်ပြီး ပြည်သူလူထုအတွက် လိုအပ်မည့်ပစ္စည်းများ သွင်းကုန်ပစ္စည်းများဖြစ်သည့် ဆေးနှင့်ဆေးပစ္စည်းများ၊ ဆေးရုံသုံး စက်ပစ္စည်းများ စားသောက်ကုန်ပစ္စည်းများ၊ ဓါတ်မြေသြဇာ၊ စားအုန်းဆီနှင်ဆီထွက်ကုန်ပစ္စည်းများ၊ နို့နှင့်နိုထွက်ပစ္စည်းများ၊အီလက်ထရောနစ် ပစ္စည်းများ၊ စွမ်းအင်သုံးပစ္စည်းများ၊ ချောဆီ၊ ဆိုင်ကယ် စက်ဘီးများနှင့် ပို့ကုန်အတွက် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများ၊ ခဲသတ္တူ၊ သကြား ၊သဘာဝဓါတ်ငွေ များ အပါအဝင် အခြားကုန်ပစ္စည်းများအားထုတ်ပေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ထုတ်ပေးမည့် HS Code Line အသေးစိတ်အား ဝန်ကြီးဌာန၏ website ဖြစ်သော www.commerce.gov.mm တွင် ဆက်လက်တင်ပြပေးပါမည်။

 

အဆိုပါ ပို့ကုန်သွင်းကုန်လျောက်ထားမှုအတွက် www.myanmartradenet.com.mm မှတဆင့် ဝင်ရောက်လျောက်ထားနိုင်ပြီး ပင်လယ်ရေကြောင်းလိုင်စင်နှင့် နယ်စပ်လိုင်စင်(ရုံးချုပ်)များ လျှောက်ထားနိုင်မည်ဖြစ်ပါသည်။ လျောက်ထားမည့် (ပသက)မှတ်ပုံတင်ပြီး ကုမ္ပဏီများ အနေဖြင့် စနစ်အတွင်း ဝင်ရောက်အသုံးပြုရန် (Member Registration) ပြုလုပ်ရမည် ဖြစ်ပါသည်။ ငွေကြေးပေးသွင်းမှုအတွက် လက်တလောတွင် မြန်မာနိုင်ငံသားများဘဏ် (MCB eCommerce Pay) ဖြင့်ပေးသွင်းနိုင်မည်ဖြစ်ပြီး မကြာမှီ MPU eCommerce pay ဖြင့်ပါ ပေးသွင်းနိုင်ရန်ဆောင်ရွက်လျက် ရှိပါသည်။

 

အဆိုပါလိုင်စင်များအတွက် အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် နိုင်ရန်အတွက် အကောက်ခွန်ဦးစီးဌာန (MACCS)စနစ်သို့ အီလက်ထရောနစ်ဒေတာဖြင့် ဆက်လက် ချိတ်ဆက် ပေးပို့သွားမည်ဖြစ်ပါသည်။

 

ထိုကဲ့သို့ဆောင်ရွက်နိုင်ရေးအတွက် ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် အောက်ပါ လုပ်ငန်းများ ကြိုတင်ပြင်ဆင်ထားရန်လိုအပ်မည်ဖြစ်ပါသည် -

(က)    Myanmar Tradenet Member ဝင်ရောက်ထားခြင်းမရှိသေးပါက Member ဝင်ခြင်း။

(ခ )     Security အတွက် Google Authenticator အား အသုံးပြုမည့် လက်ကိုင်ဖုန်းတွင် Instrall ပြုလုပ်ခြင်းနှင့် ၎င်း Google Authenticator နှင့် Myanmar Tradenet Account ချိတ်ဆက်ထားခြင်း။

(ဂ )     MCB Bank တွင် Account ဖွင့်လှစ်ထားခြင်းမရှိသေးပါက Account ဖွင့်လှစ်ခြင်း။

 

လိုင်စင်လျှောက်ထားမှုနှင့်ပတ်သက်၍ မေးမြန်းလိုပါက နေပြည်တော် (၀၆၇-၄၀၈၂၂၁)၊ ရန်ကုန် (၀၁ - ၃၇၁၂၁၉) သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

 

ခိုင်ညိမ်းသူ

နည်းပညာ

Latest News: 
Latest New တင္ရန္

Corona Virus (19-Cov) ဖြစ်ပွားမှုကြောင့်မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်တွင် လက်ရှိဖြစ်ပေါ်နေသောကုန်သွယ်မှုအခြေအနေများ

Thu, 03/26/2020 - 04:22 -- dotadmin
Undefined

Corona Virus ပျံ့နှံ့မှုကိုတားဆီးထိန်းချုပ်နိုင်ရေး တရုတ်ပြည်မအတွင်း ခရီးသွားလာခြင်း ကန့် သတ်မှုကြောင့် မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်တွင် ကုန်သွယ်မှုရပ်တန့်မှုမရှိသော်လည်း ကုန်သွယ်မှု ပမာဏအနေဖြင့် ယခင်ကတစ်ရက်လျှင်အမေရိကန်ဒေါ်လာ(၁၀)သန်းမှ (၁၅)သန်းအထိရှိရာမှ တစ်ရက်လျှင် အမေရိကန်ဒေါ်လာ (၁)သန်းမှ(၂)သန်းအထိသို့ လျော့ကျသွားခဲ့ပါတယ်။ သို့ရာတွင် ၂၀၂၀ ပြည့်နှစ် ၊  ဖေဖော်ဝါရီလ ၂၄ ရက်မှစ၍ လုပ်ငန်းများ ပြန်လည်စတင်နိုင်ခဲ့ရာ ယခုတစ်ပတ်တွင် တစ်ရက်လျှင် အမေရိကန်ဒေါ်လာ (၁၀)သန်း အထက်သို့ရောက်ရှိလာပြီဖြစ်သဖြင့် ကုန်သွယ်မှုမှာ ပုံမှန်နီးပါးဆောင်ရွက် လာနိုင်ခဲ့ကြောင်း သိရှိရ ပါတယ်။

 

(၂၁-၂-၂၀၂၀ မှ ၆-၃-၂၀၂၀ ထိ)နှင့် (၇-၃-၂၀၂၀ မှ ၂၁-၃-၂၀၂၀)ရက်နေ့အထိ စာရင်းဇယားများ အရ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်၏ ဖရဲသီး၊ သခွားမွှေးသီး ယာဉ်စီးရေစာရင်းအား နှိုင်းယှဉ်ရာတွင် ဖရဲသီးယာဉ်အနေဖြင့် ယခင်(၁၅) ရက်အတွင်း (၁)ရက်လျှင် ပျမ်းမျှအစီးရေ (၁၂၀)ဝန်းကျင်ရှိရာမှ ယခု (၁၅) ရက်အတွင်း ပျမ်းမျှအစီးရေ (၂၁၀)ဝန်းကျင်ထိရှိခဲ့ကြောင်း၊  သခွားမွှေးယာဉ်အနေဖြင့် ယခင်(၁၅)ရက်အတွင်း ပျမ်းမျှ အစီးရေ (၁၂၀) ဝန်းကျင်ရှိရာမှ ယခု (၁၅) ရက်အတွင်းပျမ်းမျှစီးရေ (၂၁၀) ဝန်းကျင်ထိရှိခဲ့ပြီး လက်ရှိ တွင် ရွှေလီ၊ ကျယ် ဂေါင်၊ ဝမ်တိန်နှင့် ယူနန်ပြည်နယ်အတွင်း စားသုံးရန်လောက်သာ တင်ပို့လျက်ရှိကြောင်း၊ ဖရဲ၊ သခွား အစီးရေတင်ပို့မှုအနေဖြင့် ပုံမှန်နီးပါးတိုးတက် တင်ပို့လာနိုင်ကြောင်း လေ့လာတွေ့ရှိရပါတယ်။

 

အလားတူပင် မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်၏ ဂဏန်း၊ ငါးရှဉ့်၊ အေးခဲငါးနှင့် ပုစွန်မျိုးစုံ တင်ပို့မှုယာဉ်စီးရေစာရင်းသည် ယခင်(၁၅)ရက်အတွင်း (၁)ရက်လျှင် ပျမ်းမျှအစီးရေ(၉)စီး ဝန်းကျင်သာ ရှိရာမှ ယခု(၁၅)ရက်အတွင်း ပျမ်းမျှအစီးရေ (၁၈)စီး ဝန်းကျင်ထိရှိခဲ့ကြောင်း၊ ငါးရှဉ့်၊ ကဏန်းဆိုဒ်ကြီး များကို ပင်လယ်ရေကြောင်းမှ တင်ပို့ပြီး ဆိုဒ်သေးများကို ရွှေလီ၊ ကျယ်ဂေါင်၊ဝမ်တိန်နှင့် ယူနန်ပြည်နယ် အတွင်းစားသုံးရန်သာ တင်ပို့နေကြောင်း ရေထွက်တင်ပို့မှုသည်လည်း ထက်ဝက်တိုးတက်လာကြောင်း လေ့လာတွေ့ရှိရပါတယ်။

 

သွင်းကုန်တင်သွင်းမှုအနေဖြင့် ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ တင်သွင်းမှုရပ်ဆိုင်းသွားသော CMP ကုန်ကြမ်းပစ္စည်းများ ပိုမိုတင်သွင်းလာမှုကြောင့် သွင်းကုန်တင်သွင်းမှုပိုင်းတွင် သိသာစွာတိုးတက်လာ ကြောင်း၊ နှစ်စဉ်တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက်ကာလသည် ကုန်သွယ်မှုလျော့နည်းလေ့ရှိသော်လည်း Corona Virus ရောဂါပိုး စတင်ကူးစက်မှုဖြစ်ပွားမှုနှင့် ဆက်စပ်သွားသဖြင့် ကုန်သွယ်မှုလုပ်ငန်းများ ဆက်လက် ရပ်ဆိုင်းသွားခဲ့ရပါတယ်။ ကုန်သွယ်မှုလျော့နည်းလေ့ရှိသော တရုတ်နှစ်သစ်ကူးကာလ ၂၀၂၀ ဇန်နဝါရီလ ၂၃/၂၄ ရက်တို့တွင် CMP ကုန်ကြမ်းတင်သွင်းမှုမှာ တစ်နေ့လျင် ကားစီးရေ (၄၀) မှ (၅၀)စီးခန့် ထိရှိပြီး ဇန်နဝါရီလ ၂၇ ရက်နောက်ပိုင်းတွင် CMP ကုန်ကြမ်းတင်သွင်းမှုမှာ တစ်နေ့လျှင် ကားစီးရေ (၁) စီး မှ (၃)စီးထိသာရှိခဲ့ပြီး အချို့ရက်များတွင် တင်သွင်းမှုလုံးဝမရှိခဲ့သည် အထိဖြစ်ခဲ့ရပါတယ်။

 

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၅ ရက် မှစတင်၍ တရုတ်နိုင်ငံအတွင်း ရောဂါပိုးကူးစက်မှုမရှိသော ပြည်နယ်များမှ ကုန်တင် ယာဉ်ကြီးများ တရုတ်နိုင်ငံနယ်စပ်မြို့ဖြစ်သော ရွှေလီ၊ ကျယ်ဂေါင်မြို့များသို့ ဝင်ရောက်ခွင့်ရလာသည့် အခါမှစ၍မိမိတို့မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ CMPကုန်ကြမ်း တင်သွင်းမှုတွင် တစ်နေ့လျှင် ကားစီးရေ (၅) စီး မှ (၇) စီးထိတင်သွင်းနိုင်ခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်၊ မတ်လဆန်းမှစ၍ တင်သွင်းမှုများ အရှိန်ရလာခဲ့ကာ မတ်လ ၁၀ ရက်နေ့အထိ (၁)ရက်လျှင် စီးရေ(၃၀)စီးခန့် တင်သွင်းခဲ့ပြီး မတ်လ ၁၁ ရက်နေ့ မှ မတ်လ ၂၂ ရက်နေ့အထိ စီးရေ(၆၀)စီးခန့်အထိ မြင့်တက်လာခဲ့ကြောင်း၊ ကုန်ကြမ်းတန်ဖိုး အနေဖြင့် အမေရိကန်ဒေါ်လာ (၁.၁၄၇) သန်းမှ (၃.၂၀၂) သန်းထိ တိုးမြင့်လာခဲ့ပြီး CMP ကုန်ကြမ်း တင်သွင်းမှုမှာလဲ ကားစီးရေပိုမို များပြား လျက်ရှိကြောင်းသိရှိရပါတယ်။ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှတဆင့် CMP ဖြင့်တင်သွင်းလာသော ချည်ထည်များ၏ အမှန်တင်သွင်းလာသော စာရင်းအသေးစိတ်ကို လေ့လာကြည့်မည်ဆိုပါက (၂၃-၁-၂၀၂၀)ရက်နေ့မှ (၂၄-၃-၂၀၂၀)ရက်နေ့အထိ ကားစီးရေ စုစုပေါင်း (၁၃၂၆) စီးရှိပြီး တန်ချိန်စုစုပေါင်း (၁၆၉၅၅.၈၅၆)တန်နှင့် တန်ဖိုးစုစုပေါင်း အမေရိကန်ဒေါ်လာ (၅၄.၆၀၂) သန်း တင်သွင်းခဲ့ပြီး ဖြစ်ကြောင်း သိရှိရပါတယ်။

 

တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားခဲ့သည့် COVID-19 ကို WHO မှ ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ် ထားရာ အဆိုပါ COVID -19 သည် ကမ္ဘာ့နိုင်ငံအသီးသီးသို့ ပြန့်ပွားခဲ့ပြီး ယခုအခြေအနေထက် ပိုမိုပြန့်ပွား လာပါက စီးပွားရေးပိုင်းတွင် ကုစားရန်ပိုမိုခက်ခဲလာမည့် အနေအထားဖြစ်ပါတယ်။ လက်ရှိတွင်ဌာနအနေဖြင့် ကုန်သွယ်မှုပိုင်းတွင် ထိခိုက်နစ်နာမှုများ နည်းနိုင်သမျှနည်းပါးအောင် ဆောင်ရွက်ပေးလျက်ရှိရာ အဓိက ထိခိုက်နစ်နာခဲ့သော တရုတ်နယ်စပ် ကုန်သွယ်ရေးစခန်းများဖြစ်သည့် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီတို့တွင် လုပ်ဆောင်ပေးလျက်ရှိပါတယ်။ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်သည် COVID -19 ဗိုင်းရပ်ရောဂါကြောင့် ကုန်သွယ်မှုလုပ်ငန်းများ သိသိသာသာ ကျဆင်းသွားသဖြင့် ကုန်သည်လုပ်ငန်းရှင်များ ထိခိုက်နစ်နာမှုမရှိစေရေးအတွက် ကုန်သွယ်မှုလုပ်ငန်းများ  ယခင်ကထက် ပိုမိုမြန်ဆန်စေရန် လိုင်စင်ထုတ် ပေးမှုအပိုင်း ၊ ကုန်ပစ္စည်းစစ်ဆေးရေးပိုင်းတွင် နှောင့်နှေးကြန့်ကြာမှုများ မရှိစေရေး ကုန်သွယ်မှုနှင့်ဆက်စပ် လျက်ရှိသည့် OSS ဌာနများ ၊မိတ်ဘက်ဌာနများနှင့် ညှိနှိုင်း၍ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရှိရပါတယ်။

 

ကုန်သွယ်မှုလမ်းကြောင်း တစ်လျှောက်တွင် ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေးအတွက် သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေးအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ကျိန်စမ်းကျော့လမ်း ကြောင်းတွင် ယာဉ်ကြောပိတ်ဆို့သဖြင့် သစ်သီးတင်ယာဉ်များ တရုတ်နိုင်ငံအတွင်းသို့သစ်သီး တင်ပို့ရန် ကြန့်ကြာမှုများ ရှိနေသဖြင့် ယာဉ်ကြောရှင်းလင်းရေးကို ဆောင်ရွက်ပေးခဲ့သည့်အပြင် ကြူကုတ်/ ပန်ဆိုင်း ဝင်ပေါက်ပါ အဆင်ပြေလွယ်ကူစွာ ဝင်ရောက်နိုင်ရေး၊ အလုပ်ချိန်တိုးမြှင့် လုပ်ဆောင်ပေးရေးတို့အတွက် တရုတ်နိုင်ငံနှင့် အောက်ခြေတွင် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း၊ ထိုသို့ညှိနှိုင်းဆောင်ရွက်ပေးမှုအရ ကြူကုတ်/ပန်ဆိုင်း ဝင်ပေါက်မှလွယ်ကူစွာဝင်ရောက်နိုင်သည့်အပြင် ယခင် နံနက် ၀၆၀၀  နာရီ မှ ညနေ ၁၆၃၀ ထိသာ ဖွင့်လှစ် သည့်ကျိန်စမ်းကျော့ ဝင်/ထွက်ဂိတ် ကိုလည်း မန်ဝိန်းဂိတ် နည်းတူ နံနက်    ၀၆၀၀ နာရီမှ  ည ၂၀၃၀ နာရီ   ထိ အချိန် (၂) နာရီတိုးမြှင့်ဖွင့်လှစ်ပေးခဲ့ပါကြောင်း သိရှိရပါတယ်။

 

တရုတ်နိုင်ငံတွင် Corona Virus ဖြစ်ပွားမှုကြောင့် မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေး ဆောင် ရွက်မှုများအပေါ် သက်ရောက်မှုရှိနေခြင်းကြောင့် တရုတ်မျက်နှာစာရှိ အဓိက မူဆယ်(၁၀၅)မိုင် ကုန်သွယ် ရေးဇုန်တွင် ကုန်သွယ်မှုကျဆင်းခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ မတ်လဆန်းမှ စ၍ ကုန်သွယ်မှုပုံမှန်နီးပါး ပြန်လည် ဆောင်ရွက်လာနိုင်ခဲ့ပြီး ကုန်သွယ်မှုပိုင်းတွင်ထိခိုက်မှုနစ်နာမှု နည်းပါးစေရေးအတွက် ဆောင်ရွက်ပေးခဲ့သည့် အချက်များကို လေ့လာကောက်နှုတ် တင်ပြပေးလိုက်ပါတယ်။

 

 

                                                                                                                                                                           ဝင်းကို-၂၊ ဉီးစီးမှူး

                                                                                                                                                                      (ကုန်သွယ်ရေးဉီးစီးဌာန)

Latest News: 

တရုတ်နိုင်ငံသို့ ဖရဲနှင့် သခွားမွှေး ပုံမှန်အခြေအနေအတိုင်း ပြန်လည်တင်ပို့နိုင်

Fri, 03/20/2020 - 08:12 -- dotadmin
Undefined

 

ရန်ကုန် မတ် ၁၉

 

COVID-19 ရောဂါကြောင့် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင် ဖရဲနှင့် သခွားမွှေး တင်ပို့မှုကို ရပ်နားထားခဲ့ရာမှ မတ် ၁၅ ရက်မှစတင်ကာ ပုံမှန်အတိုင်း တင်ပို့နိုင်ခဲ့ပြီး အရောင်းအဝယ် ကောင်းမွန်လာကြောင်း မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းမှ သိရသည်။

 

မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဉက္ကဌ ဦးနိုင်ဝင်းက “မတ် ၁၅ ရက်ကစပြီး တစ်နေ့ကို ကားအစီး ၄၀၀ လောက်ပြန်လည်တင်ပို့နေရ ပါသည်။ ဖရဲကို ကားအစီး ၂၀၀ နဲ့ သခွားမွှေးကို ကားအစီး ၂၀၀ တင်ပို့နေရပါသည်။ တရုတ်ဘက်ကလည်း အဝယ်ပြန်လိုက်နေပါတယ်” ဟု ပြောသည်။

 

ထိုသို့ ဖရဲနှင့် သခွားမွှေး ပြန်လည်တင်ပို့နေရာမှ မတ် ၁၈ ရက်တွင် တရုတ်-မြန်မာ နယ်စပ်တွင် ကောလာဟလသတင်းကြောင့် တရုတ်ကုန်သည်များအဝယ်ရပ်ခဲ့ပြီး ယခုပုံမှန် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချ    သူများ အသင်းမှ သိရသည်။

 

“ကောလာဟလ သတင်းတွေများတော့ ဖရဲနှင့် သခွားမွှေးစိုက် တောင်သူတွေအနေနဲ့ သတင်းအချက်အလက်တွေကို နားထောင်စေချင်ပါတယ်။ မိမိနဲ့သက်ဆိုင်တဲ့ပွဲရုံပွဲစား  တွေကိုလည် မေးမြန်စုံစမ်းပြီးသွားကြပါလို့ ပြောချင်ပါတယ်” ဟု မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဉက္ကဌ ဦးနိုင်ဝင်းကပြောသည်။

 

COVID-19 ရောဂါမဖြစ်ပွားမီ တရုတ်နှစ်သစ်ကူးမတိုင်မီအထိ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဖရဲနှင့် သခွားမွှေး တစ်နေ့လျှင်ကားအစီးရေ ၆၀၀/၇၀၀ တင်ပို့နိုင်ခဲ့ပြီး COVID-19 ရောဂါကယက်ကြောင့် တင်ပို့မှုရပ်ဆိုင်းလုနီးပါဖြစ်ခဲ့သည်။

 

မြန်မာနိုင်ငံတွင် ဖရဲစိုက်ဧက တစ်သိန်းခန့်နှင့် သခွားမွှေးစိုက်ဧက ၃၅၀၀၀ ခန့်ရှိပြီး ထွက်ရှိလာသည့် ဖရဲနှင့် သခွားမွှေးများကို တရုတ်နိုင်ငံသို့ အဓိကတင်ပို့၍ ဟောင်ကောင်နှင့် စင်ကာပူတို့ကို တင်ပို့မှုများရှိရာ ပြည်ပတင်ပို့နိုင်မှုအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဖရဲတန်ချိန် ၆၆၀၀၀၀ ကျော်၊ အမေရိကန်ဒေါ်လာ ၇၆ ဒသမ ၈၇၄ သန်း၊ သခွားမွှေးတန်ချိန် ၁၂၀၀၀၀ ကျော်၊ အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၈၄၂ သန်း တင်ပို့နိုင်ခဲ့ကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဖရဲတန်ချိန် ရှစ်သိန်းကျော်၊ အမေရိကန်ဒေါ်လာ ၇၇ ဒသမ ၄၆ သန်း၊ သခွားမွှေးတန်ချိန် ၁၂၀၀၀၀ ကျော်၊ အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၇၇ သန်းတင်ပို့နိုင်ခဲ့ကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဖရဲတန်ချိန် ၇၄၀၀၀၀ ကျော်၊ အမေရိကန်ဒေါ်လာ ၆၆ ဒသမ ၄၅၂၉ သန်း၊ သခွားမွှေးတန်ချိန် တစ်သိန်ခွဲကျော်၊ အမေရိကန်ဒေါ်လာ ၃၂ ဒသမ ၂၃၄၅ သန်းတင်ပို့နိုင်ခဲ့ကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အစပိုင်းမှ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၃ ရက်အထိ ဖရဲတန်ချိန် ၃၂၀၀၀၀ ကျော်နှင့် သခွားမွှေးတန်ချိန် ၃၆၀၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်းသိရသည်။

 

မင်းသစ်(MNA)

 

သတင်းရင်းမြစ် : ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၀ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

Latest News: 

ကိုရိုနာကူးစက်ရောဂါကြောင့် တရုတ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများ အပေါ် ထိခိုက်နစ်နာခဲ့မှုအခြေအနေများ၊ တရုတ်အစိုးရ၏ ကူညီထောက်ပံ့ပေးသော မူဝါဒများနှင့် လက်ရှိအခြေအနေအပေါ် သုံးသပ်ချက်တင်ပြချက်

Thu, 03/19/2020 - 06:42 -- dotadmin
Undefined

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ကမ္ဘာပေါ်တွင် ဒုတိယမြောက် အကြီးဆုံး စီးပွားရေးအင်အားရှိသည့်နိုင်ငံဖြစ်ပြီး၊ ကုန်သွယ်ရေးတွင် ဉီးဆောင်နေသောနိုင်ငံလည်း ဖြစ်ပါသည်။ တရုတ်နိုင်ငံသည် ၂၀၀၃ ခုနှစ်အတွင်း SARS ဖြစ်ပွားပြီးခဲ့သည့်နောက်ပိုင်း၌ ကမ္ဘာ့စီးပွားရေးလုပ်ငန်းများ၏ မရှိမဖြစ်အစိတ်အပိုင်းဖြစ်လာခဲ့ပြီး ရေနံနှင့် ကြေးနီ ကဲ့သို့သော ကုန်ပစ္စည်းများ၏ဝယ်လိုအားကို တွန်းအားပေးနေသည့်နိုင်ငံလည်းဖြစ်ပါသည်။ ထို့ပြင် တရုတ်နိုင်ငံမှ ငွေကြေးတတ်နိုင်သူ များပြားလာသောကြောင့် ဇိမ်ခံပစ္စည်းများနှင့် မော်တော်ယာဉ်များကို ဝယ်ယူသုံးစွဲလာခြင်း၊ ခရီးသွားလာမှုများလည်း များပြားလာခြင်း တို့ကြောင့် ၂၀၀၃ ခုနှစ်အတွင်းက ကမ္ဘာ့ GDPတွင် (၄)ရာခိုင်နှုန်းဝန်းကျင်ခန့်သာပါဝင်ခဲ့ရာမှ ယခုအခါ ကမ္ဘာလုံးဆိုင်ရာထုတ်လုပ်မှုတွင် (၁၆)ရာခိုင်နှုန်းခန့် ပါဝင်လာနေသော နိုင်ငံ လည်းဖြစ်ပါသည်။   အမေရိကန်နှင့် ကုန်သွယ်ရေးတင်းမာမှုဖြစ်ခဲ့သော တရုတ်နိုင်ငံသည် ကနဉီး ကုန်သွယ်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီး များမကြာမီမှာပင် ကိုရိုနာ ရောဂါပိုး ကူးစက်ပျံ့နှံ့ခြင်းကြောင့် စိန်ခေါ်မှုအခြေအနေသစ်ကို ထပ်မံရင်ဆိုင်လာရခြင်း ဖြစ်ပါသည်။

 

တရုတ်နိုင်ငံအပေါ်သို့ တိုက်ရိုက်သက်ရောက်မှု

ကိုရိုနာကူးစက်ရောဂါဖြစ်ပွားမှုကြောင့် တရုတ်၏ အောက်ဖော်ပြပါ အဓိက ကဏ္ဍကြီး (၃)ရပ်၌ တိုက်ရိုက်ထိခိုက်နစ်နာမှုများ ဖြစ်ခဲ့ရပါသည် -

(က)  ဝန်ဆောင်မှုကဏ္ဍ (ခရီးသွားလုပ်ငန်း၊ အစားအသောက် ပြင်ဆင်သည့် လုပ်ငန်း၊ ဖျော်ဖြေရေးလုပ်ငန်းနှင့် ထောက်ပို့သယ်ယူပို့ဆောင်ရေးလုပ်ငန်းများရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းများ)

(ခ) စက်မှုကုန်ထုတ်ကဏ္ဍ (လက်ကိုင်ဖုန်း၊ မော်တော်ယာဉ်နှင့် လျှပ်စစ်ပစ္စည်း ထုတ်လုပ်သော လုပ်ငန်းများ)

(ဂ)   ကုန်သွယ်ရေးကဏ္ဍ (လေကြောင်းလိုင်းများ၊ သင်္ဘောလိုင်းများ လျှော့ချခြင်း နှင့် အချို့နိုင်ငံများက တရုတ်နှင့်နယ်စပ်ဒေသများကို ပိတ်လိုက်ခြင်းကြောင့်)

တရုတ်နိုင်ငံတွင် အိမ်ထောင်စုဝင်ငွေများ လျင်မြန်စွာတိုးတက်လာမှုကြောင့် တရုတ်ခရီးသွားများက နိုင်ငံခြားတိုင်းပြည်များသို့ သွားရောက်လည်ပတ်လာကြရာ ၂၀၀၃ ခုနှစ်တွင် ခရီးသွားသူလူဉီးရေ သန်း(၂၀)ရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် ခရီးသွားသူ လူဉီးရေ သန်း(၁၅၀)ရှိလာခဲ့ပါသည်။  တရုတ်ခရီးသွားများကို ဝန်ဆောင်မှုပေးသည့် ခရီးသွားကဏ္ဍမှာ ၂၀၀၃ ခုနှစ်က တရုတ် GDP၏ (၂)ရာခိုင်နှုန်းသာ ပါဝင်သော်လည်း၊ ယခုအခါ (၅)ရာခိုင်နှုန်းခန့် ပါဝင်လာပါသည်။ ကိုရိုနာရောဂါပိုးပျံ့နှံ့မှုကြောင့်် တရုတ်အစိုးရက ၎င်း၏ နိုင်ငံသားများအား ပြည်တွင်းပြည်ပအုပ်စုလိုက်ခရီး သွားမှုများကို တားမြစ်လိုက်သဖြင့်   ခရီးသွားကဏ္ဍတွင် ကြိုတင်ဝယ်ယူထားသော လက်မှတ်များ၊  ဟိုတယ်အခန်းရယူထားမှု များကို ငွေပြန်အမ်းခဲ့ရပါသည်။ ပြန်အမ်းငွေများကို အပြည့်ပြန်အမ်းမှုများပင် ရှိခဲ့ပါသည်။ တရုတ်နိုင်ငံ၏ ထိပ်တန်းအွန်လိုင်းခရီးသွားလက်မှတ်ကြိုတင် ဝယ်ယူနိုင်သော Trip.comမှ အမေရိကန် ဒေါ်လာ သန်း (၂၀၀)တန်ဖိုးရှိ ဘေးအန္တရာယ် လျော့ပါး သက်သာရေးရန်ပုံငွေကို ထူထောင်ခဲ့ရပါသည်။ တနည်းအားဖြင့် ကိုရိုနာကပ်ရောဂါဖြစ်ပွားမှုကြောင့် ခရီးသွား လုပ်ငန်းမှာ အစောဆုံးထိခိုက်နစ်နာခဲ့ရသော လုပ်ငန်းဖြစ်ပါသည်။

ထို့နောက် တရုတ်နှစ်သစ်ကူးပိတ်ရက်များပြီးနောက် ကိုရိုနာကူးစက် ရောဂါကြောင့် စက်ရုံများပြန်လည်လည်ပတ်နိုင်ခြင်း မရှိခဲ့သဖြင့် စက်မှုကုန်ထုတ်လုပ်မှုကိုပါ ထိခိုက်လာခဲ့ပြီး၊ ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းများပါ ရပ်တံ့ထားခဲ့ရသဖြင့် ကုန်သွယ်ရေး လုပ်ငန်းများလည်း ကျဆင်းခဲ့ရပါသည်။ တရုတ်နိုင်ငံ၊ အာရှနိုင်ငံများအပါအဝင် ကမ္ဘာ တစ်ဝှမ်းရှိ ကုန်စည်ပြပွဲများ၊ အစည်းအဝေးများနှင့် အားကစားပွဲ အများအပြားကိုလည်း  ဖျက်သိမ်းခြင်း သို့မဟုတ် ရက်ရွှေ့ဆိုင်းခြင်းများ ပြုလုပ်ထားရပါသည်။

S&P ကမ္ဘာလုံးဆိုင်ရာအကဲဖြတ်ချက်အရ  ကပ်ရောဂါဖြစ်ပွားမှုက တရုတ်နိုင်ငံရှိ မော်တော် ယာဉ်ထုတ်လုပ်သောကုမ္ပဏီများ၏ ပထမ(၄)လပတ်အတွင်း ထုတ်လုပ်မှုကို (၁၅)ရာခိုင်နှုန်းခန့် လျော့ကျစေလိမ့်မည်ဟု ခန့်မှန်းထားပါသည်။  အိမ်တွင်နေစဉ်ရော ခရီးသွားစဉ် ကာလ၌ပါ ဇိမ်ခံပစ္စည်းများ ဝယ်ယူလေ့ရှိသည့် တရုတ်စားသုံးသူများအပေါ်တွင် မှီခိုနေသော ဇိမ်ခံပစ္စည်းထုတ်လုပ်သူများတွင်လည်း များစွာထိခိုက်နစ်နာစေလျက်ရှိပါသည်။

ဗြိတိသျှတံဆိပ်ဖြစ်သည့် Burberry (BBRYF) က တရုတ်နိုင်ငံတဝှမ်းတွင် ဆိုင်ပေါင်း (၆၄)ဆိုင် ဖွင့်လှစ်ထားရာမှ  (၂၄)ဆိုင်ကို ပိတ်ထားခဲ့ရပါသည်။  ထို့ပြင် smartphone ဝယ်လိုအားပေါ်တွင်လည်း သိသာစွာ ထိခိုက်နိုင်သည်ဟု ကမ္ဘာပေါ်တွင် smartphone chip အများဆုံးထုတ်လုပ်သော Qualcomm (QCOM)က သတိပေးထားပါ သည်။ 

သို့ရာတွင် တစ်ဖက်၌ အီလက်ထရောနစ်စနစ်ဖြင့် ကုန်သွယ်ရောင်းဝယ်ရေး၊ အွန်လိုင်းပေါ်မှ ဖျော်ဖြေရေးနှင့် ဂိမ်းကစားနိုင်သည့် လုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများမှာ အကျိုး ဖြစ်ထွန်းခဲ့ပါသည်။

 

ကမ္ဘာ့ကုန်ထုတ်လုပ်မှုကွင်းဆက်အပေါ် သက်ရောက်မှုများ

တရုတ်နိုင်ငံရှိ စက်ရုံများမှာ ဇန်နဝါရီလ နောက်ဆုံးပတ်ဝန်းကျင်မှ ဖေဖော်ဝါရီလ နှောင်းပိုင်းခန့်အထိ ပြန်လည်လည်ပတ်နိုင်ခြင်း မရှိခဲ့သောကြောင့်  ကမ္ဘာတစ်ဝှမ်းမှ လုပ်ငန်း များထံသို့ ကုန်ပစ္စည်းများနှင့် အစိတ်အပိုင်းများ တင်ပို့နိုင်ခဲ့ခြင်းမရှိသဖြင့် ထိခိုက်နစ်နာမှုများ ရှိခဲ့ပါသည်။  တနည်းအားဖြင့် ကုမ္ပဏီအများအပြားနှင့် နိုင်ငံအများအပြားတို့မှာ တရုတ် နိုင်ငံ၏ စီးပွားရေး တောင့်တင်းခိုင်မာမှုအပေါ် အားထားနေကြသောကြောင့် တရုတ်နိုင်ငံရှိ စက်ရုံများ လည်ပတ်နိုင်ခြင်းမရှိခဲ့သောကြောင့်  ကုန်စည်ထောက်ပံ့မှု ကွင်းဆက် အနှောင့် အယှက်များဖြစ်ကာ စီးပွားရေးလုပ်ငန်းများမှာ ဝင်ငွေဆုံးရှုံးကြရပါသည်။ Apple ၏ တရုတ် နိုင်ငံဘက်မှ မိတ်ဆက်ထုတ်လုပ်သည့်ကုမ္ပဏီဖြစ်သော Foxconnတွင် ထုတ်လုပ်မှု နှောင့်နှေး မှုများနှင့် ရင်ဆိုင်ခဲ့ရပါသည်။ ထို့ပြင် နစ်ဆန်းနှင့် ဟွန်ဒိုင်းအပါအဝင် မော်တော်ယာဉ် ထုတ်လုပ်သော စက်ရုံများမှာလည်း တရုတ်ဘက်မှ အစိတ်အပိုင်းများရရှိခြင်း မရှိခဲ့သော ကြောင့် စက်ရုံများကို ယာယီပိတ်သိမ်းခဲ့ရပါသည်။ ထို့ပြင် ဆေးဝါးဆိုင်ရာ ပစ္စည်းများကို ထုတ်လုပ်သော လုပ်ငန်းများတွင်လည်း ထုတ်လုပ်မှုအဟန့်အတားများနှင့် ရင်ဆိုင်နေရ ပါသည်။

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အကြီးဆုံးရေနံတင်သွင်းသည့်နိုင်ငံဖြစ်ပါသည်။ ယခုနှစ်အစပိုင်းတွင် ကိုရိုနာကူးစက်ရောဂါကြောင့် စက်မှုကုန်ထုတ်လုပ်မှုကိုပါ ထိခိုက် လာခဲ့ သဖြင့် ဆယ်စုနှစ်အတွင်း ကမ္ဘာ့ရေနံဝယ်လိုအား ပထမဆုံးအကြိမ် ကျဆင်းခြင်းခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ် ပထမ (၄)လအတွင်း ရေနံစည်ပေါင်း (၄၃၅,၀၀၀) ဝယ်လိုအား ကျဆင်း မည်ဟု ခန့်မှန်းထားကြောင်း International Energy Agency (IEA)က ထုတ်ဖော် ပြောကြား ထားပါသည်။ ထို့ပြင် လေကြောင်းဖြင့် ခရီးသွားလာမှုများလည်း ကျဆင်း သွားသောကြောင့် လေကြောင်းလိုင်းများတွင် အမေရိကန်ဒေါ်လာ (၁၁၃) ဘီလီယံခန့် ထိခိုက် နစ်နာနိုင်သည်ဟု International Air Transport Association (IATA)က ခန့်မှန်းထားသည်။

 

ကပ်ရောဂါအား တန်ပြန်သည့် တရုတ်နိုင်ငံ၏ စီမံဆောင်ရွက်မှုများ

ယခုကိုရိုနာကူးစက်ကပ်ရောဂါဖြစ်ပွားမှုကို သုံးသပ်ကြသည့်အခါ ပထမ (၃)လ အတွင်း၌သာ စီးပွားရေးဖွံ့ဖြိုးမှုနှုန်း နှောင့်နှေး၍ တစ်နှစ်ပတ်လုံး၏ ဖွံ့ဖြိုးမှုကို ထိခိုက်ခြင်း မရှိသော “စီမံခန့်ခွဲနိုင်သော သက်ရောက်မှု (manageable impact)”နှင့် ကပ်ရောဂါမှာ မည်ရွေ့မည်မျှ ကြာမြင့်မည်ဟူသည့်အပေါ် မူတည်ပြီး အနာဂတ်စီးပွားရေးလမ်းကြောင်းကို ကြိုတင်မှန်းဆနိုင်ခြင်း မရှိသော “မသေချာမရေရာသည့် သက်ရောက်မှု (uncertain impact)” ဟူ၍ နှစ်ပိုင်းရှိပါသည်။  တရုတ်အစိုးရသည် ၂၀၀၃ ခုနှစ်က ဖြစ်ပွားခဲ့သည့် SARS ရောဂါ၊ ၂၀၀၉ ခုနှစ်က ဖြစ်ပွားခဲ့သည့် H1N1 ဝက်တုပ်ကွေးရောဂါနှင့် H7N9 ကြက်ငှက် တုပ်ကွေးရောဂါ၊ ၂၀၀၈ ခုနှစ်က ကြုံတွေ့ခဲ့သော Wenchuan မြေငလျင်ဘေး စသည်တို့၏ စီးပွားရေးအပေါ် ရေတိုသက်ရောက်မှုကြီးများကို ကောင်းစွာကိုင်တွယ်နိုင်ခဲ့ပြီး၊  ၂၀၀၉ ခုနှစ်က ကြုံတွေ့ခဲ့သည့် ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းကိုပင် စီးပွားရေးစေ့ဆော်သည့် စီမံမှုများဖြင့်  နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်လျက် တည်ငြိမ်စွာကိုင်တွယ်နိုင်ခဲ့ပါသည်။  ထို့ကြောင့် ယခုအကြိမ်တွင်လည်း  ကပ်ရောဂါကြောင့်  စီးပွားရေးနှင့် လူမှုရေးအပေါ် ထိခိုက် နစ်နာမှုများကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်မည်ဟု တရုတ်သမ္မတက ကနဉီးကပင် ထုတ်ဖော် ပြောကြား ခဲ့ပါသည်။

တရုတ်အစိုးရက ကပ်ရောဂါကို  တားဆီးရန်နှင့် ၎င်းနိုင်ငံ၏ စီးပွားရေး ကျဆင်း မှုကို ကိုင်တွယ်ရန် အောက်ဖော်ပြပါစီမံဆောင်ရွက်မှုများကို လျင်မြန်စွာ လိုက်ပါဆောင်ရွက် ခဲ့ပါသည် -  

 

(က)ရောဂါကာကွယ်တားဆီးရေး စီမံဆောင်ရွက်မှုများ

(က)     ကပ်ရောဂါကိုတိုက်ဖျက်ရာတွင် ဆေးဝါးအသုံးအဆောင်များနှင့် စမ်းသပ်သည့် ပစ္စည်းများ ဝယ်ယူရန် ပြည်နယ်အစိုးရများအတွက် လိုအပ်သော ကူညီမှုများပေးခြင်း၊

(ခ)       ရောဂါကူးစက်သူများအား ကုသရန် ဆေးရုံအသစ်များ တည်ဆောက် ပေးခြင်း၊

(ဂ)       ရောဂါကူးစက်ခြင်းခံရသော လူနာများအနေဖြင့် ၎င်းတို့၏ ကျန်းမာရေး အာမခံ သို့မဟုတ် ဆေးဝါးအထောက်အပံ့ဖြင့် ကျခံခြင်းမရှိသည့် ဆေးဝါးကုသသည့်စရိတ်များအတွက် ဗဟိုနှင့် ပြည်နယ်အစိုးရများထံမှ ကူညီထောက်ပံ့မှုများကို ရရှိခြင်း၊

(ဃ)     ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးတွင် ပါဝင်ကြသော ဆေးဘက် ဆိုင်ရာလုပ်သားများနှင့် အခြားလူပုဂ္ဂိုလ်များကိုလည်း ထောက်ပံ့ ကူညီ ပေးခြင်း၊ တာဝန်ထမ်းဆောင်နေစဉ် ရောဂါပိုးကူးစက်ခြင်းခံရ ပါက လျော်ကြေးပေးခြင်း၊

(င)       People's Bank of China (PBOC)၏ နန်နင်းဘဏ်ခွဲက ကိုရိုနာ ရောဂါပိုး ကူးစက်ခံထားရသော သို့မဟုတ် သံသယရှိသော လူနာများ၊ သီးခြားထား၍ စောင့်ကြည့်နေ သူများနှင့် ရောဂါကာကွယ် ကုသရေး တွင် ပါဝင်ဆောင်ရွက်နေသူများ၏ ကြွေးမြီများ ပြန်လည် ပေးဆပ်ရန် နေ့စွဲကို နောက်ဆုတ်ပေးခြင်းနှင့် ကြွေးမြီပြန်မဆပ်ဟု မှတ်တမ်း ရှိမှု ပေါင်း (၂၀၁၀)ကို ပယ်ဖျက်ပေးခဲ့ခြင်း၊

(စ)       ငွေစက္ကူအသစ်များ ဖြန့်ဝေပေးခြင်းနှင့် ရောဂါဖြစ်ပွားရာဒေသများ အတွင်းနှင့် ပြည်နယ်တစ်ခုမှ တစ်ခုသို့ ငွေစက္ကူများ ရွှေ့ပြောင်း သယ်ဆောင်မှုအား ခေတ္တဆိုင်းငံ့ခြင်း၊

(ဆ)     ပြည်တွင်းဈေးကွက်ဈေးနှုန်းများအပေါ် စောင့်ကြည့်ကြပ်မတ်ခြင်းကို ဆောင်ရွက်ခြင်း၊ တရုတ်နိုင်ငံ၌ နိုဗယ်ကိုရိုနာကူးစက်ရောဂါ ပျံ့နှံ့ဖြစ်ပွား နေမှုအား တိုက်ဖျက်နေချိန်အတွင်း ဈေးကွက်စနစ်တကျလည်ပတ် စေရန်နှင့် ဈေးကွက်ချိုးဖောက်ပျက်ယွင်းမှုများ မရှိစေရန် ကြပ်မတ်ခြင်း၊

(ဇ)       ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် ပစ္စည်းများကို ထုတ်လုပ်သူ များအား ပိုမိုနည်းပါးသောအတိုးနှုန်းဖြင့် ချေးငွေများထုတ်ပေးခြင်း၊

(ဈ)      ဆေးဝါးဆိုင်ရာ ရင်းမြစ်များ လိုအပ်ချက်ကို ဖြေရှင်းရန်၊ ၎င်းပစ္စည်းများ ထုတ်လုပ်မှုကို ပြန်လည်စတင်ရန်နှင့် ထုတ်လုပ်မှုတိုးချဲ့ရန် လုပ်ငန်း များကို အားပေးလျက်ရှိပြီး လိုအပ်သော လုပ်သား၊ ကိရိယာ တန်ဆာ ပလာ၊ ရန်ပုံငွေနှင့် ရင်းမြစ် များကို အစိုးရဘက်မှ ပံ့ပိုးပေးခြင်း၊

(ည)     နေ့စဉ် စားသောက်ကုန်နှင့် လူသုံးကုန်များကို လုံလောက်စွာထောက်ပံ့ နိုင်ရန် ဒေသအာဏာပိုင်များက မျိုးစေ့၊ ဓာတ်မြေသြဇာနှင့် တိရိစ္ဆာန် အစာများစသည့် အဓိကစိုက်ပျိုးရေးသုံးပစ္စည်းများကို လုံလောက်စွာ ထောက်ပံ့ပေးခြင်းနှင့် စိုက်ပျိုးရေးဆိုင်ရာကုန်စည် ထုတ်လုပ်မှု အခြေခံ အုတ်မြစ်ကို ခိုင်မာစွာဆောင်ရွက်ခြင်း၊

 

(ခ) စီးပွားရေးလုပ်ငန်းများအတွက် စီမံဆောင်ရွက်မှုများ

(က)     ဖေဖော်ဝါရီလမှစ၍ တရုတ်ဗဟိုဘဏ်က အတိုးနှုန်းများကို လျှော့ချ ခြင်းနှင့် မတည်ငွေရင်းနှင့် အစုရှယ်ယာဈေးကွက်တည်ငြိမ်စေရန် ဆောင်ရွက်ပေးခြင်းမှတဆင့် ငွေကြေးပေါ်လွယ်မှုတိုးတက်စေခဲ့ခြင်း

(ခ)      ဖေဖော်ဝါရီလ (၁၁)ရက်နေ့တွင် ယခုနှစ် အတွက် ပြည်နယ်အစိုးရ ငွေချေးစာချုပ် ကိုတာအသစ်ကို ယွမ်ငွေ (၁.၈၄၈)ထရီလီယံ (အမေရိကန် ဒေါ်လာ ၂၆၄.၉ ဘီလီယံ)ဖိုး ခွဲဝေပေးခဲ့ခြင်း၊

(ဂ)     အလုပ်အကိုင်၊ ဘဏ္ဍာရေး၊ နိုင်ငံခြား ကုန်သွယ်ရေး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၊ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုနှင့် ဈေးကွက် မျှော်မှန်းချက် များဟူသည့် အဓိကနယ်ပယ် (၆)ရပ်၌ တည်ငြိမ်စေရေးအတွက် ပူးပေါင်း ဆောင်ရွက်ရေးယန္တရားကို ပြင်ဆင် ရေးဆွဲခြင်း၊

(ဃ)    ရောင်းချနိုင်ခြင်းမရှိသည့် ကုန်ပစ္စည်းများနှင့် လူသိများသည့် Jingdong Group နှင့် Taobao ကဲ့သို့သော e-commerce လုပ်ငန်းများအကြား လှုပ်ရှားမှုများကို စတင်ချိတ်ဆက်ပေးခြင်း၊ လယ်ယာစိုက်ပျိုးရေးအား ပံ့ပိုးပေးရေးအတွက်  Taobao Caring Channel၏ အကျိုးကျေးဇူးကို ဆုပ်ကိုင်ရယူလျက် ရောင်းချသည့်လမ်းကြောင်းကို တိုးချဲ့ပေးခြင်း၊

(င)     ကွမ်ရှီးတွင် ကပ်ရောဂါ ကာလအတွင်း ရောင်းချနိုင်ခြင်းမရှိသော စိုက်ပျိုးရေးဆိုင်ရာ ထွက်ကုန်များအား ကိုင်တွယ်ဖြေရှင်းရန် ပြည်နယ် အတွင်းရှိ e-commerceလုပ်ငန်းများအား တက်ကြွစွာ စုစည်းပေးခဲ့ပြီး၊ mmgo.com၊ နန်နင်းစာတိုက်၊ ဈေးကွက်ရှာဖွေသော e-commerce ကုမ္ပဏီများနှင့် နန်နင်း  E-commerceအသင်းတို့ အပါအဝင် ပြည်နယ် အတွင်းရှိ e-commerceလုပ်ငန်းများ၏  ရောင်းချသောနည်းလမ်း အသွယ်သွယ်နှင့် တိုတောင်းသော ထောက်ပို့သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများကဲ့သို့သော အခွင့်ကောင်းများကို ရယူခဲ့ခြင်း၊ Wechat groups၊ QQ groupsစသည်တို့မှ ကုန်စည်များကို ဝယ်ယူရန် နိုင်ငံသား များအား လမ်းညွှန်ပေးရေး လုပ်ငန်းများသို့ အားပေးခဲ့ခြင်း၊

(စ)      အသေးစားနှင့် အလတ်စားလုပ်ငန်းများအား ပံ့ပိုးရန် စီမံဆောင်ရွက် မှုများကို ပြည်နယ်အလိုက် ဆောင်ရွက်စေခြင်း၊

(ဆ)   အသေးစားနှင့်အလတ်စားလုပ်ငန်းများကို အထူးပြုလျက် ထိခိုက် နစ်နာမှုဖြစ်ပွားခဲ့သည့်လုပ်ငန်းများအတွက် ဝန်ထုပ်ဝန်ပိုး လျှော့ချ ပေးမည့် လူမှုရေးအာမခံပေးသွင်းမှုကို နောက်ကျမှ ပေးသွင်းခွင့်ပြုခြင်း၊ ငှားရမ်းခနှင့် အခွန်အခများ လျှော့ချခြင်းနှင့် ကင်းလွတ်ခွင့်ပြုခြင်း တို့ကဲ့သို့သော ခိုင်မာသည့် စီမံဆောင်ရွက်မှုများ ပြဌာန်းခြင်း၊

(ဇ)    စီးပွားရေးတည်ငြိမ်စေရန်နှင့် အလုပ်အကိုင်များကို အာခံပေးရန် ခရီးသွားလုပ်ငန်း၊ ဟိုတယ်လုပ်ငန်းနှင့် အစားအသောက်ပြင်ဆင် ပေးသော လုပ်ငန်းကဏ္ဍများအပါအဝင်  ကိုရိုနာကူးစက်ရောဂါကြောင့် အလွန်ထိခိုက်နစ်နာခဲ့ရသည့် လုပ်ငန်းများရှိ ကုမ္ပဏီများအတွက် လူမှုရေးအာမခံငွေကောက်ယူမှုများအား ဇူလိုင်လကုန်အထိ ရွှေ့ဆိုင်း ပေးခြင်း၊

(ဈ)     အလုပ်သမားများကို အလုပ်ထုတ်ပစ်ခြင်းအား လျှော့ချရန် အစိုးရက ကုမ္ပဏီများအား လစာကို ပြန်ချိန်ညှိရန်၊ အလုပ်လုပ်ချိန်ကို လျှော့ချ ရန်နှင့် အလုပ်သမားနှင့် ညှိနှိုင်းပြီးနောက် အချိန်ဇယား ပြန်လည် ရေးဆွဲရန် အားပေးခြင်း၊ အလုပ်သမားလျှော့ပစ်ခြင်း မပြုသည့် ကုမ္ပဏီများအား ယခင်နှစ်က ၎င်းတို့ ပေးသွင်းထားသည့် အမှန် တကယ်အလုပ်လက်မဲ့အာမခံ၏ (၅၀)ရာခိုင်နှုန်းကို ပြန်အမ်းပေး မည်ဖြစ်ခြင်း၊  ထုတ်လုပ်မှုနှင့် လုပ်ငန်းလည်ပတ်မှု ယာယီအခက်အခဲ ဖြစ်နေသည့် ကုမ္ပဏီများအား  အာမခံပေးသွင်းမှုကို (၆)လ ဆိုင်းထား ပေးခြင်း၊

(ည)    ရောဂါဖြစ်ပွားမှုကြောင့် လုပ်ငန်း မလည်ပတ်နိုင်သည့် အသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက် ၎င်းတို့၏ အိမ်ငှားခကို လျှော့ချ ပေးခြင်း သို့မဟုတ် ကင်းလွတ်ခွင့်ပေးခြင်း၊

(ဋ)       Bank of China ကလည်း ၎င်းကုမ္ပဏီများအတွက် အတိုးနှုန်း သက်သာသည့် ချေးငွေများထုတ်ချေးခြင်းအပါအဝင် ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးမှုများ ပြုလုပ်ပေးခြင်း၊

(ဌ)       ကုန်သွယ်မှုငွေကြေးထောက်ပံ့ခြင်းနှင့် ပို့ကုန်ချေးငွေအာမခံတို့တွင် အကူအညီ အထောက်အပံ့များထောက်ပံ့ပေးခြင်း၊

(ဋ)       ရင်းနှှီးမြှုပ်နှံမှု စီမံကိန်းအတွက် အွန်လိုင်းပေါ်မှာ လက်မှတ်ရေးထိုး ခြင်းကို 5Gနည်းပညာနှင့် cloud platforms၊ 5G robotic armsစသည့် နည်းပညာဆိုင်ရာအထောက်အကူများကို အသုံးပြု၍ စတင်ဆောင်ရွက် ခြင်း၊

(ၒ)    ထောက်ပို့သယ်ယူပို့ဆောင်ရေးနှင့် ဆက်စပ်သော ဝန်ဆောင်မှုများသို့ အခွန်အခများကို ထပ်မံလျှော့ချပေးမည့်အပြင်၊ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ရပ်ဆိုင်းထားရသော စီးပွားရေးလုပ်ငန်းသုံးယာဉ်များ၊ သင်္ဘောများနှင့် လေယာဉ်များအတွက် အာမခံကာလကို တိုးမြှင့် ပေးခြင်းနှင့် အာမခံသက်တမ်းတိုးကြေးကို လျှော့ချပေးခြင်းစသည့် နည်းလမ်းများဖြင့် အာမခံကြေးကင်းလွတ်ခွင့် သို့မဟုတ် လျှော့ချခြင်း များ ပြုလုပ် ပေးရန်လည်း အာမခံကုမ္ပဏီများသို့ အားပေးခြင်း၊

(ဏ)    ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ဘဏ္ဍာရေးအဖွဲ့အစည်းများက လုပ်ငန်းပေါင်း (၁၉၂၈)ခုသို့ ချေးငွေ ယွမ်(၇)ဘီလီယံ(အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံ) ထုတ်ချေးပြီးခဲ့ပြီး ဖြစ်ခြင်း၊ လုပ်ငန်းပြန်လည်စတင်ရန် အရေးတကြီး ငွေကြေးလိုအပ် နေသော အငယ်စား၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများသို့ ယွမ် (၇၆)ဘီလီယံ ထုတ်ချေးထားပြီးဖြစ်ခြင်း၊

(တ)     ဖေဖော်ဝါရီလ (၂၈)ရက်နေ့၌ ကွမ်ရှီးတွင် ရောဂါကာကွယ်ရေးနှင့် ဆက်စပ်သော နေရာများအတွက် ဘဏ်စာရင်း (၂၀၇)ခုကို ဖွင့်လှစ် ပေးထားကာ၊ အွန်လိုင်းမှ ငွေပေးငွေယူ ပြုလုပ်မှုပေါင်း (၄၈.၇၅)သန်းကို ဆောင်ရွက်ပေးထားပြီး၊ ရောဂါကာကွယ်ရေး အသုံးအဆောင်များ ကုန်သွယ်ရာတွင် ယွမ်ငွေ (၆၂.၆၈)သန်းတန်ဖိုးရှိ နိုင်ငံခြားငွေကြေး လဲလှယ်မှု ပေါင်း (၃၈)ခုကို ပြုလုပ်ပေးခဲ့ခြင်း၊

 

တရုတ်နိုင်ငံတွင် လုပ်ငန်းများပြန်လည်စတင်ခြင်း

ယခုအခါ ကိုရိုနာကူးစက်ကပ်ရောဂါကြောင့် ရောဂါကူးစက်မခံရစေရန် အိမ်တွင်း အောင်းနေခဲ့ရသည့်ကာလပြီးနောက် ထုတ်လုပ်မှုလုပ်ငန်းများပြန်လည်စတင်ရေး  အစိုးရက ဆက်တိုက်ပံ့ပိုးကူညီမှုများ ချမှတ်ဆောင်ရွက်လာခဲ့သောကြောင့် တရုတ်နိုင်ငံတစ်ဝှမ်းတွင် ထုတ်လုပ်မှုလုပ်ငန်းများ ပြန်လည်စတင်ပြီဖြစ်ပါသည်။ ဖေဖော်ဝါရီလ (၁၈)ရက်နေ့တွင် နိုင်ငံတဝှမ်းမှ အဓိကစက်မှုကုန်ထုတ်လုပ်ငန်းတစ်ဝက်ကျော်တို့က ၎င်းတို့၏ လုပ်ငန်းများကို ပြန်လည်စတင်ခဲ့ကြပြီးဖြစ်ပါသည်။  

ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်လည်း ကိုရိုနာကူးစက်ရောဂါပျံ့ပွားမှု အခြေအနေအား ကိုင်တွယ်ထိန်းသိမ်းနိုင်ရန် မူဝါဒပံ့ပိုးမှုများကို တိုးမြှင့်ဆောင်ရွက်ပေးခြင်း၊ ပူးဆောင်ဆောင်ရွက်မှုအား အားကောင်းခိုင်မာစေခြင်းနှင့် လုပ်ငန်းပြန်လည်စတင်နိုင်ရေး သေချာစေရန် စီစဉ်ရေးဆွဲပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါသည်။  ခိုင်မာသော ပံ့ပိုးစီမံ ဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်ပေးနေပြီး၊ ၎င်းတို့အနက် လုပ်ငန်းများ အတွက် သွင်းအားစုများ ပြန်လည်ရရှိစေရေး ခွင့်ပြုသည့်လမ်းကြောင်းများ တည်ထောင် ပေးခြင်းနှင့် တည်ဆောက်ဆဲစီမံကိန်းများနှင့် ဆက်စပ်နေသော စီးပွားရေးလုပ်ငန်းများ အတွက် ကွမ်ရှီးအတွင်းရှိ ဒေသများနှင့် မြို့တော်များတွင် အထူးရန်ပုံငွေများ တည်ထောင်ပေးခြင်းတို့ ပါဝင်ပါသည်။

ကွမ်ရှီးတွင် ၂၀၂၀ ခုနှစ်၊ မတ်လ (၅)ရက်နေ့၌ အဓိကစီမံကိန်းပေါင်း (၈၅၉)ခုအား ပြန်လည်စတင်ခဲ့ပြီး နှုန်းအနေဖြင့် (၉၉.၈) ရာခိုင်နှုန်း ရှိပါသည်။  မကြာသေးမီ က ၂၀၂၀ခုနှစ်အတွင်း  အဓိကစီမံကိန်းများ တည်ဆောက်မှုမြှင့်တင်ရန် စုစုပေါင်း ရင်းနှီး မြှုပ်နှံမှုတန်ဖိုး ယွမ်ငွေ (၁၉၁.၉) ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၈၂.၄၃ ဘီလီယံ) တန်ဖိုးရှိ စီမံကိန်းပေါင်း (၁၁၃၂)ခုပါဝင်သည့် အကောင်အထည်ရန်စီမံချက်တစ်ရပ်အား ကွမ်ရှီးက ထုတ်ပြန်ကြေငြာခဲ့သည်။ ၎င်းတို့အနက် စီမံကိန်း (၁၄၀)မှာ အသစ်များဖြစ်ပြီး၊ စီမိန်း(၈၅၉)ခု မှာ တည်ဆောက်ဆဲဖြစ်ပါသည်။

  မတ်လ (၆) ရက်နေ့တွင် ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ချက်များအရ ကွမ်ရှီးဒေသတွင် ရေစီမံကိန်း (၈)ခုနှင့် အဓိက သယ်ယူပို့ဆောင်ရေး (၅၆)ခုတို့မှာ ဖေဖော်ဝါရီလကုန်ကတည်းက လုပ်ငန်းများပြန်လည်စတင်ပြီဖြစ်ကြောင်း၊  ၂၀၂၀ တရုတ်- အာဆီယံ  ဒစ်ဂျစ်တယ်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှစ်၏ အရေးကြီး သော တရုတ်-အာဆီယံ သတင်းအချက်အလက်ဆိပ်ကမ်း၏ အဓိကစီမံကိန်းများပြန်လည စတင်မှုမှာ အလွန်လျင်မြန်စွာ တိုးတက်လျက်ရှိကြောင်း၊  ၎င်းစီမံကိန်းကို တရုတ်နှင့် အာဆီယံနိုင်ငံများ ပူးပေါင်းတည်ဆောက်နေခြင်းဖြစ်ပြီး ကွမ်ရှီးမှာ အခရာဖြစ်လာကြောင်း သိရပါသည်။

 

သုံးသပ်တင်ပြချက်

တရုတ်နိုင်ငံတွင် အစိုးရက အသေးစားနှင့်အလတ်စားလုပ်ငန်းများကို အထောက် အပံ့ပေးသည့် မူဝါဒများကို ဆက်တိုက်ချမှတ်လာသောကြောင့်  ကူးစက်ရောဂါ ဖြစ်ပွားမှုကို သေချာစွာ ထိန်းချုပ်နိုင်ခဲ့လျှင် တရုတ်၏ စီးပွားရေးလျင်မြန်စွာ နာလန်ထူလာနိုင်ကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်ထားကြပါသည်။   သို့ရာတွင် ယခုအခါ ကိုရိုနာကူးစက် ကပ်ရောဂါသည် တရုတ်နိုင်ငံမှ ဒေသတွင်းနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းရှိနိုင်ငံများဆီသို့ ပျံ့နှံ့သွားပြီဖြစ်ကာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပင် ကူးစက်မြန်သော ကမ္ဘာ့ကပ်ရောဂါ ဖြစ် ကြောင်း မတ်လ (၁၁)ရက်နေ့က ကြေငြာထားရပြီးဖြစ်ပါသည်။ 

တရုတ်နိုင်ငံ တစ်နိုင်ငံတည်း၌ ကိုရိုနာကူးစက်ကပ်ရောဂါဖြစ်ပွားနေစဉ်က ၎င်းနိုင်ငံ၏ ၂၀၂၀ခုနှစ်၊ ပထမ (၃)လအတွက် ဖွံ့ဖြိုးမှုနှုန်း (၄.၅) ရာခိုင်နှုန်း ကျဆင်းမည်ဟု ခန့်မှန်းကြပြီး၊ ၎င်းဖွံ့ဖြိုးမှုနှုန်းမှာ ငွေကြေးအကြပ်အတည်း ပြီးကတည်းက အနိမ့်ဆုံး နှုန်းဖြစ်ပါသည်။  သို့ရာတွင် ယခုကဲ့သို့ တစ်ကမ္ဘာလုံးနီးပါး ကူးစက်ကပ်ရောဂါ ပျံ့နှံ့သွားချိန်၌ တရုတ်နိုင်ငံရှိ ထုတ်လုပ်ရေးစက်ရုံများ ပြန်လည်လည်ပတ်လျှင်သော်မှ အခြား နိုင်ငံများမှ စက်ရုံများ ကောင်းစွာလည်ပတ်နိုင်ခြင်းမရှိသည့် အခြေအနေမျိုးဖြစ်လာပါသည်။

လက်ရှိတွင် သီရိလင်္ကာ၊ မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ အမေရိကန် အပါအဝင် နိုင်ငံများက ၎င်းတို့၏ အတိုးနှုန်းများကို လျှော့ချထားကြပါသည်။ တစ်ဖက်တွင်လည်း အိမ်ထောင်စုများ၊ အစိုးရများနှင့် ကုမ္ပဏီများမှ ချေးယူထားသော ငွေများအပါအဝင် ချေးငွေကြွေးမြီများ တင်ရှိမှုမှာ အမေရိကန် ၊ ဂျပန်နှင့် ဉရောပနိုင်ငံကြီးများတွင် ကမ္ဘာ့ စီးပွားရေး၏ (၃)ဆကျော် မြင့်မားလာလျက်ရှိပြီး၊ အမြင့်ဆုံးအဖြစ် မှတ်တမ်းဝင်လျက် ရှိပါသည်။ 

ကမ္ဘာ့စက်မှုကုန်ထုတ်လုပ်ငန်းကွင်းဆက်တွင် စီးပွားရေးအရ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သည့် တရုတ်နိုင်ငံသည် ကမ္ဘာတဝှမ်း ကူးစက်ရောဂါ ပျံ့နှံ့ဖြစ်ပွား နေချိန်၌ နိုင်ငံစီးပွားရေးအတွက် အစိုးရ၏ စီမံဆောင်ရွက်ပေးမှုများကြောင့် ပုံမှန် လမ်းကြောင်းပေါ်သို့  ပြန်လည်ရောက်ရှိလာဖွယ်ရှိသော်လည်း အခြားတစ်ဖက်တွင် ကမ္ဘာ တစ်ဝှမ်း၌ ကသောင်းကနင်းဖြစ်လျက်ရှိပါသည်။  လက်ရှိအချိန်၌ ကမ္ဘာတစ်ဝှမ်းတွင် ကိုရိုနာ ကူးစက်ရောဂါဖြစ်ပွားမှု ပေါင်းတစ်သိန်းကျော်နှင့်အတူ အီတလီနိုင်ငံ၏ ဘဏ္ဍာရေးနှင့် စက်မှုကုန်ထုတ်လုပ်မှု အချက်အချာနေရာကို ပိတ်ထားခြင်း၊ ဆော်ဒီ အာရေဗျနှင့် ရုရှတို့က ထုတ်လုပ်မှု တိုးမြှင့်လိုက်သဖြင့် ရေနံဈေးနှုန်းများ သုံးပုံ တစ်ပုံကျဆင်းခြင်း၊ ဉရောပနှင့် အမေရိကန်တို့တွင် အစုရှယ်ယာ တန်ဖိုးများ  မတည်ငြိမ်ဘဲ ကျဆင်းခြင်းတို့ ဖြစ်ပွား လျက်ရှိပါသည်။ OECD အဖွဲ့က ကိုရိုနာ ကူးစက်ကပ် ရောဂါဖြစ်ပွားမှုမှာ ငွေကြေးအကြပ် အတည်း ဖြစ်ပွားပြီးချိန်မှစ၍ ကမ္ဘာ့စီးပွားရေးကို အထိအနာဆုံးဖြစ်စေမည့် အန္တရာယ် ဖြစ် ကြောင်း သတိပေး ပြောကြားထားပါသည်။  ကမ္ဘာ့ဘဏ်မှ ခန့်မှန်းချက်အရ ကမ္ဘာလုံး GDP၏ (၅)ရာခိုင်နှုန်းနီးပါး သို့မဟုတ် အမေရိကန်ဒေါ်လာ (၃) ထရီလီယံကျော်နှင့် ညီမျှသည့် စီးပွားရေး ဆုံးရှုံးမှုများဖြစ်နိုင်သည်ဟု သိရပါသည်။ 

ကူးစက်ကပ်ရောဂါ၏ စီးပွားရေးအပေါ် သက်ရောက်မှုမှာ ပုံမှန်ဖြစ်နေကျ သဘာဝဘေးအန္တရာယ်များကဲ့သို့ ကြိုတင်မှန်းဆရန် လွယ်ကူခြင်းမရှိလှပါ။   မူဝါဒပိုင်းနှင့် စနစ်ပိုင်း ခိုင်မာတောင့်တင်းစေရန် ဆောင်ရွက်ထားသည့် နိုင်ငံများမှအပ သက်ရောက်မှု ပြင်းထန်နိုင်ပါသည်။  စံသတ်မှတ်ထားသည့် ကြိုတင်မှန်းဆသည့် အညွှန်းကိန်းများပေါ်တွင် မှီခိုခြင်းက ကြိုတင်မှန်းဆမှုများ မှားယွင်းနိုင်ပြီး  ၊   ဆုံးရှုံးနိုင်ခြေများလည်း တိုးလာနိုင်ပါ သည်။ ၎င်းကို “Black swan”ဟု တင်စားခေါ်ဝေါ်ကြပါသည်။

ထို့ကြောင့် ကမ္ဘာတစ်ဝှမ်းပျံ့နှံ့ဖြစ်ပွားနေသည့် ကပ်ရောဂါအား ကျန်းမာရေးအရ၊ စီးပွားရေးအရ၊ လူမှုရေးအရ ရှုထောင်အဘက်ဘက်မှ တုန့်ပြန်ရန် အဓိကကျသည့်အချက်မှာ နိုင်ငံစုံအဖွဲ့အစည်းများ၏ အကူအညီဖြင့်  ပူးပေါင်းဆောင်ရွက်နိုင်ခြင်းရှိ၊ မရှိနှင့် မူဝါဒပိုင်းနှင့် စနစ်ပိုင်း ခိုင်မာခြင်း ရှိ၊မရှိ၊  ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများ၏ ပူးပေါင်းဆောင် ရွက်လိုခြင်းရှိ၊ မရှိသည်ဟူသည့်အချက်များအပေါ် များစွာမူတည်နေကြောင်း တင်ပြအပ် ပါသည်။

 

လေ့လာတင်ပြသူ

ဒေါက်တာရွှေစင်ကို

စီးပွားရေးသံမှူး

နန်နင်းမြို့

တရုတ်ပြည်သူ့သမ္မတနိုင်ငံ

 

ကိုးကားသော အထောက်အထားများ

(၁) https://www.businessworldreport.com

(၂) https://edition.cnn.com

(၃) www.theguardian.com

(၄) www.weforum.org

(၅) နန်နင်းစီးပွားရေးသံမှူးရုံးမှ အပတ်စဉ်တင်ပြသော သတင်းစာစောင်များ

Latest News: 

“ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးယိုယွင်း”သည့် သတင်းများနှင့် ပတ်သက်၍ ကောက်နှုတ်ဖော်ပြချက်များ

Thu, 03/19/2020 - 04:57 -- dotadmin
Undefined

 

ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ကျင်းပပြုလုပ်မည့်ပွဲများဖျက်သိမ်းရခြင်း၊ စီးပွားရေး ကျဆင်းနိုင်သည်မှာသေချာလျက်ရှိခြင်းနှင့် စားသုံးသူများနှင့် ရင်းနှီးမြှုပ်နှံသူများ အတွက် နှစ်တော်တော်ကြာအောင် အဆင်မပြေမှုများဖြစ်နိုင်ခြင်း၊စားသုံးသူများနှင့် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုများလျော့ကျလာနိုင်ခြင်း၊ အမေရိကန်နိုင်ငံသည် ဥရောပသမ္မဂ္ဂမှ ကုန်ပစ္စည်းအများဆုံးတင်သွင်းသူနှင့် ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်ထားကြသူများဖြစ်သဖြင့် နှစ်ဦးနှစ်ဖက်အပြန်အလှန်ထိခိုက်မည်ဖြစ်ကြောင်း၊

 

တရုတ်ပြည်မကြီးရှိစက်ရုံများပိတ်ထားမှု ကြာရှည်နေသောကြောင့် အဆိုပါစက်ရုံများ မှ ကုန်ကြမ်းပစ္စည်းများဖြင့် ထုတ်လုပ်နေရသော အခြားသောနိုင်ငံများရှိ စက်ရုံများအတွက်လည်း အခက်အခဲရှိနိုင်ကြောင်း၊ ဆေးရုံများတွင်လည်း ဆေးဘက်ဆိုင်ရာ ပစ္စည်းများ လိုအပ်လျက်ရှိကြောင်း၊ စီးပွားရေးတိုးတက်မှုနှုန်းမှာ ဒုတိယလေးလပတ်တွင် V Shaped ပုံစုံဖြင့် တိုးတက်ရန် ခန့်မှန်းထားသော်လည်း အမေရိကန်နှင့် ဥရောပနိုင်ငံတို့၏ အခြေအနေများအပေါ် စောင့်ကြည့်ရမည်ဖြစ်ကြောင်း၊ အာရှဒေသမှ ဝယ်လိုအားသည် တည်ငြိမ်သည့် လက္ခဏာဖြစ်နိုင်ကြောင်း၊

 

အိန္ဒိယနိုင်ငံအနေဖြင့် ပြည်တွင်းမှ စိုက်ပျိုးထုတ်လုပ်သည့် ကော်ဖီစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းခန့်ကို အီတလီနိုင်ငံနှင့် ပါရှန်ပင်လယ်ကွေ့ဒေသရှိနိုင်ငံများသို့ အဓိက တင်ပို့လျက်ရှိရာ ယခုကမ္ဘာတစ်ဝန်း၌ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကြောင့် အာရပ်စော်ဘွားများပြည်ထောင်စု၊ မလေးရှားနိုင်ငံနှင့် အာရှအရှေ့ပိုင်းနိုင်ငံများသို့ ကော်ဖီတင်ပို့ မှုကျဆင်းလျက်ရှိပြီး တရုတ်နိုင်ငံသို့ ကော်ဖီတင်ပို့မှုမှာ လုံးဝရပ်ဆိုင်းနေပြီဖြစ်ကြောင်း၊

 

 အိန္ဒိယဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အိန္ဒိယနိုင်ငံ၌ ပြည်ပရင်းနှီးမြှုပ်နှံသူများမှ ၄င်းတို့လက်ဝယ်ရှိ ပြည်တွင်းအစုရှယ်ယာ foreign portfolio investment (FPI) များကို ပြန်လည်ရောင်းချမှုများက ယခုနှစ်အတွင်း အိန္ဒိယရူပီးငွေ၏ တန်ဖိုးအား ၄.၀၇ ရာခိုင်နှုန်း ကျဆင်းစေခဲ့ကြောင်း၊ ယခုမတ်လအတွင်း၌ FPI များအား ပြန်လည်ရောင်းချ၍ အိန္ဒိယအရင်းအနှီးစျေးကွက်မှ ရုပ်သိမ်းသွားမှုမှာ ရူပီးငွေ ၃၇၉.၅၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅.၁၄ ဘီလီယံခန့်)ရှိကြောင်း၊

 

UNCTAD ၏ ဆန်းစစ်ချက်အရ ဥရောပသမဂ္ဂအဖွဲ့သည် ပို့ကုန်တန်ဖိုးအမေရိကန် ဒေါ်လာ ၁၅.၆ ဘီလီယံခန့်ဖြင့် ထိခိုက်နိုင်မှုအများဆုံးဖြစ်ပြီး အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ဗီယက်နမ် စသည့် နိုင်ငံများက ဥရောပသမဂ္ဂနောက်တွင် စီးပွားရေး ထိခိုက်ဖွယ်ရှိကြောင်း၊

 

၁၀-၃-၂၀၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် China Daily သတင်းစာတွင် တရုတ်နိုင်ငံအနေဖြင့် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှုအား ထိန်းချုပ်နိုင်မှုအခြေအနေ တိုးတက်လာပြီဖြစ်သည့်အတွက်၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလကုန်ပိုင်းမှစ၍ တရုတ်နိုင်ငံအတွင်းရှိ ထုတ်လုပ်ရေးလုပ်ငန်းစုစုပေါင်း၏ (၆၀) ရာခိုင်နှုန်းသည် လုပ်ငန်းများ ပြန်လည်စတင်နိုင်ခဲ့ပြီး လာမည့် ရက်သတ္တပတ်များအတွင်း(၉၀) ရာခိုင်နှုန်း အထိ ပြန်လည် တိုးတက်လာမည်ဟု အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှ ခန့်မှန်းထားပါကြောင်း၊

 

နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှုကြောင့် လူသုံးကုန်ပစ္စည်းများ၏ ဝယ်လိုအားကျဆင်းသွားပြီ းကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အထောက်အကူပြုကုန်ပစ္စည်းများ၏ ဝယ်လိုအားတိုးလက်လျက်ရှိသည့်အတွက် စျေးကွက်ဖွဲ့စည်းမှုပုံစံ ပြောင်းလဲသွားနိုင်ဖွယ်ရှိကြောင်း၊

 

အမေရိကန်နိုင်ငံဗဟိုဘဏ်မှ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့်  စီးပွားရေး ကျဆင်းနိုင်သည့်အတွက် အမေရိကန် ဗဟိုဘဏ်မှ ၄င်းတို့၏ အတိုးနှုန်းကို ၁ ရာခိုင်နှင့် ၁.၂၅ ရာခိုင်နှုန်းအကြား၊ ၀.၅ ရာခိုင်နှုန်းလျော့ချကြောင်းမတ်လ ၂ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့ပြီး စတော့တန်ဖိုးများ မြင့်တက်ခဲ့ကြောင်း၊ Dow Jones Industrial တန်ဖိုး ၃၀၀ ပွိုင့်ကျော် မြင့်တက်ခဲ့ပြီး ၁၅ မိနစ်အတွင်း ပြန်လည်ကျဆင်းခဲ့ရာ ၈၀၀ ပွိုင့်နီးပါး၊ ၃ ရာခိုင်နှုန်းထိကျဆင်းနေကြောင်း၊ S&P 500 သည် ၂.၈ ရာခိုင်နှုန်းနှင့် Nasdaq Composite သည်လည်း ၃ ရာခိုင်နှုန်းအသီးသီးကျဆင်း၍ စတော့စျေးများ အတက်အကျ ဖြစ်ပေါ်လျက် စျေးကွက် မတည်ငြိမ်မှုများဖြစ်ပေါ်လျက်ရှိကြောင်း၊

 

အမေရိကန်နိုင်ငံအနေဖြင့် နေ့စားအလုပ်သမားများ၊ ကာယအလုပ်သမားများနှင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများသည် လစာဖြင့် မိသားစုခွင့်ခံစားခွင့် မရှိသည့်အတွက် ၄င်းတို့အတွက် ဝင်ငွေခွန်ကောက်ခံမှုကို “a temporary payroll tax relief” ယခုနှစ်ကုန်ပိုင်းအထိ ယာယီဖြေလျော့ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး လစမဲ့ကျန်းမာရေးခွင့်ခံစားနေသူများအတွက် ကူညီထောက်ပံ့ပေးသွားဖြစ်ကြောင်း၊

 

အမေရိကန်မှ လုပ်ငန်းရှင်အချို့သည် ကိုရိုနာဗိုင်းရပ်စ်ပြန့်နှံ့မှုမတိုင်ခင်က အမေရိကန်- တရုတ်ကုန်သွယ်ရေးစစ်ပွဲကြောင့် တရုတ်နိုင်ငံထုတ် ကုန်စည်များအကောက်ခွန်မြင့် မားစွာဖြင့် အမေရိကန်နိုင်ငံသို့ တင်သွင်းကြရသည့်အတွက် မြန်မာနိုင်ငံသို့ ပြောင်းရွှေ့ ဖွင့်လှစ်လို၍ ဝါရှင်တန်မြို့ရှိ မြန်မာသံရုံးသို့ဆက်သွယ်လာသည့် လုပ်ငန်းများ များစွာရှိ၍ တရုတ်နိုင်ငံရှိစက်ရုံများ မြန်မာနိုင်ငံသို့ ပြောင်းလဲဖွင့်လှစ်လိုသည့် ကမ်းလှမ်းမှုများ၊ လေ့လမှုများများစွာရှိနေသဖြင့် အမေရိကန်ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းဝင်ရောက်လာနိုင်သည့် အခြေအနေတွင်ရှိပါကြောင်း၊ 

 

တရုတ်နိုင်ငံမှ အရှေ့တောင်အာရှနိုင်ငံများသို့ ကုန်ကြမ်းတင်ပို့မှုနှင့်ပတ်သက်၍ အထည်လိပ်နှင့် အထည်ချုပ်လုပ်ငန်းများအတွက် ကုန်ကြမ်းများပြတ်လပ်မှုကြောင့် မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် အစရှိသည့် နိုင်ငံများမှ အထည်ချုပ်လုပ်ငန်းများမှာ လုပ်ငန်းလည်ပတ်နိုင်မှုမရှိတော့၍ ရပ်တန့်ထားရမည့်အနေအထားတွင် ရှိနေပါကြောင်း၊

 

သတင်းကောက်နှုတ်ဖော်ပြသူ : Bilateral Division

Latest News: 

COVID 19 ဖြစ်ပွားစဉ်ကာလအတွင်းမူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ CMP  ကုန်ကြမ်းတင်သွင်းမှုအခြေအနေ

Wed, 03/18/2020 - 10:50 -- dotadmin
Undefined

တရုတ်နိုင်ငံဟူပေပြည်နယ်၊ဝူဟန်မြို့မှ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ၇ရက်နေ့တွင်စတင် ဖြစ်ပွားခဲ့ သောCorona Virus ရောဂါပိုးကူးစက်ပျံ့နှံ့မှုကြောင့်  တရုတ်နိုင်ငံအတွင်း ပြည်နယ်တစ်ခုနှင့် တစ်ခု၊မြို့တစ်ခုနှင့်တစ်ခုကူးလူးဆက်ဆံမှုများကို ပိတ်ဆို့ဖြတ်တောက်လိုက်သဖြင့် ကုန်သွယ် မှုများရပ်ဆိုင်းသွားခဲ့ပြီး  တရုတ်နိုင်ငံနှင့်နယ်စပ်ကုန်သွယ်ရေးဆောင်ရွက်လျက်ရှိသော မူ ဆယ်၊လွယ်ဂျယ်၊ချင်းရွှေဟော်၊ကန်ပိုက်တီ ကုန်သွယ်ရေးစခန်းတို့တွင်လည်း ကုန်သွယ်မှု လုပ်ငန်းများ ကိုထိခိုက်လာခဲ့ပါတယ်။

 

နှစ်စဉ် တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက်ကာလသည် ကုန်သွယ်မှုလျော့နည်းလေ့ရှိသော်လည်း Corona Virus ရောဂါပိုး စတင်ကူးစက်မှုဖြစ်ပွားမှုနှင့် ဆက်စပ်သွားသဖြင့် ကုန်သွယ်မှု လုပ်ငန်းများဆက်လက်ရပ်ဆိုင်းသွားခဲ့ရပါတယ်။ကုန်သွယ်မှု လျော့နည်းလေ့ရှိသော တရုတ်နှစ်သစ်ကူးကာလ ၂၀၂၀ ဇန်နဝါရီလ ၂၃/၂၄ ရက်တို့တွင် CMPကုန်ကြမ်းတင်သွင်းမှု မှာ တစ်နေ့လျင် ကားစီးရေ (၄၀) မှ (၅၀)စီးခန့်ထိရှိပြီး ဇန်နဝါရီလ ၂၇ ရက်နောက်ပိုင်းတွင် CMPကုန်ကြမ်းတင်သွင်းမှုမှာ တစ်နေ့လျှင်ကားစီးရေ (၁) စီး မှ (၃) စီးထိသာရှိခဲ့ပြီး အချို့ရက်များ တွင် တင်သွင်းမှုလုံးဝမရှိခဲ့သည်အထိ ဖြစ်ခဲ့ရပါတယ်။

 

၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီလ ၁၅ ရက် မှစတင်၍ တရုတ်နိုင်ငံအတွင်း ရောဂါပိုးကူးစက်မှု မရှိသော ပြည်နယ်များမှ ကုန်တင်ယာဉ်ကြီးများ တရုတ်နိုင်ငံနယ်စပ်မြို့ဖြစ်သော ရွှေလီ၊ ကျယ်ဂေါင်မြို့များသို့ ဝင်ရောက်ခွင့်ရလာသည့်အခါမှစ၍ မိမိတို့မူဆယ်(၁၀၅)မိုင် ကုန်သွယ် ရေးဇုန်မှ CMPကုန်ကြမ်းတင်သွင်းမှုတွင် တစ်နေ့လျင်ကားစီးရေ(၅) စီး မှ (၇) စီးထိ စတင် တင်သွင်းနိုင်ခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်၊ မတ်လဆန်းမှစ၍ တင်သွင်းမှုများ အရှိန်ရလာခဲ့ကာ မတ်လ ၁၀ ရက်နေ့အထိ (၁)ရက်လျှင် စီးရေ(၃၀)စီးခန့် တင်သွင်းခဲ့ပြီး မတ်လ ၁၁ ရက်နေ့မှ မတ်လ ၁၇ ရက်နေ့အထိ စီးရေ(၇၀)စီးခန့်အထိမြင့်တက်လာခဲ့ကြောင်း၊ ကုန်ကြမ်းတန်ဖိုး အနေဖြင့် အမေရိကန်ဒေါ်လာ (၁.၁၄၀) သန်းမှ (၂.၉၃၀) သန်းထိ တိုးမြင့်လာခဲ့ပြီး CMPကုန်ကြမ်းတင်သွင်းမှုမှာ Corona Virus ရောဂါပိုးကူးစက်မှုမဖြစ်ခင်ကာလများထက်  ယခုမတ်လတွင် တင်သွင်းမှု ကားစီးရေမှာပိုမိုများပြားလျက်ရှိကြောင်းသတင်းရရှိပါတယ်။

Latest News: 
Latest New တင္ရန္

မြန်မာနိုင်ငံအထည်ချုပ်စက်ရုံများအတွက် အရေးကြီးလိုအပ်နေတဲ့ ကုန်ကြမ်းပစ္စည်းများ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ လေကြောင်းဖြင့် တင်သွင်း

Tue, 03/17/2020 - 13:08 -- dotadmin
Undefined

နေပြည်တော် - မတ်လ ၁၇ ရက် 

COVID – 19 ရိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံများ ကုန်ကြမ်းပြတ်လပ်မှု မဖြစ်ပေါ်စေရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး စီးပွားရေးဌာန၊ China Enterprise Chamber of Commerce in Myanmar (CECCM ) တို့ ပူးပေါင်း စီစဉ်မှုဖြင့် အထည်ချုပ်စက်ရုံများအတွက် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများကို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းနှင့် လေကြောင်းလိုင်းများမှ တင်ပို့လျက်ရှိရာ မူဆယ်နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းမှ CMP ကုန်ကြမ်း မော်တော်ယာဉ် (၅၀) စီးခန့် နေ့စဉ် တင်သွင်းလျက်ရှိပြီး၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၇ ရက်နေ့(ယနေ့) တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ကျိုးမြို့မှ AQ – 1359 Cargo ကုန်တင်လေယာဉ်ဖြင့် သယ်ဆောင်လာသည့် ကုန်ကြမ်းပစ္စည်းများမှာယနေ့ည (၁၀:၀၀) နာရီအချိန်တွင် ဆိုက်ရောက်မည်ဖြစ်ကြောင်းနှင့် အဆိုပါ ကုန်ကြမ်းပစ္စည်းများမှာ အထည်ချုပ် စက်ရုံ (၁၁)ရုံအတွက် အရေးပေါ် လိုအပ်လျက်ရှိသော ကုန်ကြမ်းပစ္စည်းများဖြစ်ကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

Pages

Subscribe to RSS - COVID-19 နှင့်ပတ်သက်သော သတင်း/ဆောင်းပါးများ