နောက်ဆုံးရ သတင်း

သြဂုတ်လ ၂၀ ရက်မှ ၂၂ ရက်ထိ ၃ ရက်ကြာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကူမင်းတွင် 3 rd China ASEAN Industrial Cooperation Forum  ကို ကျင်းပသွားမယ်လို့သိရှိရပါတယ်။ အဆိုပါ Forum သို့ မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်သူများအသင်းဥက္ကဌ ဦးစိန်ဝင်းလှိုင်တက်ရောက်ဖို့ရှိပြီး Challange & Impact of Myanmar Rice Industries စာတန်းကိုဖတ်ကြားတင်ပြဖို့ရှိတယ်လို့သိရပါတယ်။ အဆိုပါဖိုရမ်မှာ မြန်မာနိုင်ငံဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများအသင်းနဲ့ Bureau of Municipal of Commerce နဲ့ စိုက်ပျိုးရေး ဆိုင်ရာပူးပေါင်း ဆောင်ရွက်နိုင်ရေးနားလည်မှုစာချွန်လွှာရေးထိုးသွားဖို့ ရှိတယ်လို့ ဆန်စပါးကဏ္ဍ၊ ပဲမျိုးစုံကဏ္ဍ၊ ဆီထွက်သီးနှံ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနဲ့ မြန်မာဆန်စက်လုပ်ငန်းပြပွဲ ၂၀၁၂ ကျင်းပရေးအလုပ်ရုံဆွေးနွေးပွဲမှာ ဦးစိန်ဝင်းလှိုင်က ပြောကြားခဲ့တာဖြစ်ပါတယ်။
ဂန္ဓမာ

၂၀၁၂ ခုနှစ်အတွင်း ဗီယက်နမ်စပါးအထွက်တိုးပြီး ဆန်ထုတ်လုပ်မှုပမာဏမြင့်မားခြင်းနဲ့ ပြည်ပမှ ဗီယက်နမ်ဆန်ကို ဝယ်လိုအားမြင့်မားခြင်းတို့ကြောင့် ယခုနှစ်ဗီယက်နမ်ဆန်တင်ပို့မှု မှတ်တန်းတင်ဖွယ် မြင့်မား ဦးမယ်လိ့ု ခန့်မှန်းထားတဲ့အပြင် ထိုင်းနိုင်ငံရဲ့ ဆန်တင်ပို့မှုထက် ပိုမိုတင်ပို့နိုင်ဖွယ်ရှိတယ်လို့ မဲခေါင်မြစ်ဝှမ်းဒေသ ဆန်သုတေသနသိပ္ပံ ဥက္ကဌက ပြောကြားတယ်။ ယခုလမှာလည်း ထိုင်းဆန်တင်ပို့သူတွေက ပြည်ပကို တင်ပို့ဖို့ ဗီယက်နမ်ဆန်ကို ဝယ်လိုအားရှိလာရာ ဗီယက်နမ်ပြည်တွင်းမှာ သြဂုတ်လ (၆) ရက်နေ့မှစပြီး ဗီယက်နမ် ဆန်ဖြူအ မျိုးအစားအားလုံး ဈေးနှုန်းတွေက လဆန်းပိုင်းကထက် တစ်တန်ကို ၅ ဒေါ်လာမှ ၁၀ ဒေါ်လာထိ ဈေးမြင့်လာတယ်။ ဒါ့အပြင် သြဂုတ်လ (၈) ရက်နေ့မှာလည်း ထပ်မံဈေးမြင့်လာရာ သြဂုတ်လဆန်းက တစ်တန်ကို ၃၉၅ ဒေါ်လာ ရှိခဲ့တဲ့ ဗီယက်နမ် ဆန်ဖြူ (၁၅ ရာခိုင်နှုန်းဆန်ကွဲ)  က သြဂုတ်လ (၈) ရက်နေ့မှာ တစ်တန်ကို ၄၁၅ ဒေါ်လာကို ရောက်ရှိလာတယ်။ ဗီယက်နမ် ဆန်ဖြူ (၂၅ ရာခိုင်နှုန်းဆန်ကွဲ) ကလည်း ၃၈၀ ဒေါ်လာမှ ၄၀၀ ဒေါ်လာအထိ မြင့်မားလာတယ်။
Source:    english.vietnam.vn, riceonline.com
ပပ

Date: 8 August 2012

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ ကွမ်ရှီးပြည်နယ် ၊ နန်နင်းမြို့တွင် ၂၀၁၂ ခုနှစ် ၊ စက်တင် ဘာလ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပမည့် (၉) ကြိမ်မြောက်တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ( The 9 th China –ASEAN Expo)ကို မြန်မာနိုင်ငံမှ ဂုဏ်ထူးဆောင်နိုင်ငံ (Country of Honor) အဖြစ် နိုင်ငံတကာ ရှေ့ မှောက်တွင် မြန်မာနိုင်ငံမှဂုဏ်ယူဝင့်ကြွားစွာဖြင့် အာဆီယံနိုင်ငံများကိုယ်စား ဦးဆောင်ပြသရမည်ဖြစ်ပါ၍ ယခင်နှစ်များကထက် စည်ကားသိုက်မြိုက်အောင် ပါဝင်ပြသသွားမည် ဖြစ်ပါသည်။

ပြပွဲကြီးသို့တက်ရောက်ခြင်းဖြင့် တရုတ်-အာဆီယံနိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် တိုက်ရိုက် ချိတ်ဆက်နိုင်ခြင်း ၊ ပြပွဲဆိုင်ရာဗဟုသုတများရရှိစေခြင်း၊ တရုတ်ဈေးကွက်သို့ မိမိနိုင်ငံရှိ ပစ္စည်းများဈေးကွက် ထိုးဖောက်နိုင်ခြင်း ၊ ပြပွဲကာလအတွင်း ခရီးသွားလုပ်ငန်းများမြှင့်တင်ရေး အစီအစဉ်ရှိရာ ဈေးနှုန်းသက်သာ စွာဖြင့် တရုတ်ပြည်အတွင်းရှိ ကမ္ဘာကျော်ခရီးသွားဒေသများသို့လေ့လာနိုင်ခြင်း၊ ခရီးစဉ်တလျှောက် တရုတ် နိုင်ငံရှိ ဒေသ/ပြည်နယ်များ၏ ရိုးရာယဉ်ကျေးမှုစရိုက်များ မျက်မြင်လေ့လာနိုင်ခြင်း ၊ တရုတ်မြို့ပြဆိုင်ရာ ဆောက်လုပ်ရေးဆိုင်ရာ တိုးတက်မှုများကို သိရှိလေ့လာနိုင်ခြင်း၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အခွင့်အလမ်းများကို ရရှိစေမည်ဖြစ်ပါသည်။

ပြပွဲသို့ တက်ရောက်လေ့လာလိုသည့် ပြည်နယ်/တိုင်းဒေသကြီး အသီးသီးရှိ သမဝါယမ အသင်းများနှင့် မြန်မာကုမ္ပဏီလုပ်ငန်းရှင်များသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဌာနခွဲ၊ ကုန်စည် ပြပွဲဌာနစိတ် ဖုန်း ၀၆၇-၄၀၈၄၁၁ ၊ ဖက်စ် ၀၆၇-၄၀၈၃၁၁ နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ ပြပွဲဌာနတို့သို့ ဆက်သွယ်စာရင်း ပေးသွင်းနိုင်ပါသည်။

Source: MOC


လယ်ယာထွက်ကုန်  အမယ်တစ်မျိုးဖြစ်တဲ့ ဝဥက  ကမ္ဘာ့အပူလျော့ပိုင်းဒေသမှာသာမက အပူပိုင်းဒေသတွေမှာပါ ပေါက်ရောက် လျက်ရှိပြီး အိန္ဒိယ၊ တရုတ်၊ ဂျပန်နဲ့ ကိုရီးယားနိုင်ငံတွေမှာ ဝဥကို စိုက်ပျိုးစားသုံးလျက်ရှိပါတယ်။ ဝဥမှာ လူတို့အတွက် အမျိုးမျိုးအဖုံဖုံ အသုံး ဝင်လျက်ရှိပါတယ်။ ဝဥမှာ ကယ်လိုရီ မရှိသ လောက်ဖြစ်ပြီး အမျှင်ဓာတ်များစွာ ပါရှိလျက်ရှိပါတယ်။ ဒါ့ကြောင့်လည်း  ဝဥကို  ခန္ဓာကိုယ် အလေးချိန်လျှော့ချလိုသူတွေက (Diet Food) အဖြစ် မကြာခဏ စားသုံးလျက်ရှိပြီး အာရှဈေး ကွက်မှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက် ကုန်အဖြစ် ကျော်ကြားလျက်ရှိပါတယ်။
အမျှင်ဓာတ်များစွာပါဝင်တဲ့ ၎င်းဝဥမှာ ကိုရီး ယားနိုင်ငံမှာ စားသောက်ကုန်အတွက်သာမက မျက်နှာနှိပ်နယ်ရာမှာလည်း အသုံးပြုတဲ့ အလှကုန် ပစ္စည်းအဖြစ် လတ်တလော ခေတ်စားလျက်ရှိပါတယ်။ မြန်မာနိုင်ငံရှိ ချင်းပြည်နယ်၊ ရခိုင် ပြည်နယ်နဲ့ ပဲခူးရိုးမတို့မှ သဘာဝအရလည်းကောင်း၊ လူတို့ စိုက်ပျိုးခြင်းမှလည်းကောင်း၊ ဝဥများထွက်ရှိလျက် ရှိပြီး၊ ပြည်တွင်းစားသုံးမှု ပိုလျှံမှုများကို နိုင်ငံခြား ဝင်ငွေရရှိရေးအတွက် ဝဥခြောက်အမှုန့်တွေ ပြုလုပ်ပြီး ဂျပန်နိုင်ငံကို အဓိကတင်ပို့ရောင်းချလျက် ရှိရာမှာ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှာ တန်ချိန် ၂၄၀ ကျော်၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ တန်ချိန် ၂၁၀ ကျော်နဲ့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် (ဇွန်လ အထိ) တန် ချိန် ၁၀၀ ကျော်တင်ပို့ခဲ့ပြီးဖြစ်ပါတယ်။ ဂျပန်နိုင်ငံကို ဝဥတင်ပို့ပါက ပို့ကုန်လုပ်ငန်းရှင် များအနေနဲ့ ဂျပန်နိုင်ငံမှပေးတဲ့ အကောက်ခွန်သက်သာခွင့်ကို ရရှိခံစားနိုင်ဖို့ GSP Form တွေ လျှောက်ထားနိုင်ကြောင်း  အသိပေးလိုပါတယ်။ ပို့ကုန်လုပ်ငန်းရှင်များအနေနဲ့  GSP  အခွင့်အရေး ကိုလက်လွတ်မခံဘဲ အကျိုးရှိစွာ ရယူခံစားခြင်းနဲ့ မြန်မာ့ပို့ကုန်ပစ္စည်းများ ဈေးကွက်ဝင်ရောက်နိုင်မှု အားသာချက်ကို ရရှိမှာဖြစ်ပါတယ်။ ဝဥကို ဂျပန်နိုင်ငံမှာသာမက  အခြားဝဥ အသုံးပြုတဲ့ နိုင်ငံတွေကိုပါ ဈေးကွက်တိုးချဲ့ တင်ပို့ နိုင်ရေးအတွက် မြန်မာနိုင်ငံ ဝဥစိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများအစုအဖွဲ့နဲ့ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခြင်းနဲ့ နိုင်ငံခြားဝင်ငွေ ပိုမို ရှာဖွေပေးနိုင်မယ့်   မြန်မာ့ဝဥခြောက်အမှုန့် အကြောင်း သိရှိနိုင်ပါရန်  သတင်းကောင်းပါး လိုက်ပါတယ်။                   
စန္ဒာထွန်း

မြဝတီ-မဲဆောက်ချစ်ကြည်ရေးတံတား ၁၅ နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားကို သြဂုတ်လ ၁၅ ရက်မှ ၁၈ ရက်နေ့ထိ ကျင်းပသွားမယ်လို့ သတင်းရရှိပါတယ်။ မြဝတီ-မဲဆောက်ချစ်ကြည်ရေးတံတားဟာ ထိုင်း-မြန်မာကုန်သွယ်မှုမှာများစွာ အရေးပါတဲ့ တံတားတစ်စင်းဖြစ်ပါတယ်။ ကုန်သွယ်မှုအတွက်သာမက ခရီးသွားလုပ်ငန်းအတွက်လည်းအကျိုးပြုလျက်ရှိပါတယ်။
ထိုင်းနဲ့မြန်မာနှစ်နိုင်ငံကုန်သွယ်မှုမှာ ပင်လယ်ရေကြောင်းကုန်သွယ်မှုထက် နယ်စပ်ကုန်သွယ်မှုဟာပိုမိုအကျိုးရှိတဲ့အတွက် ထိုင်းနိုင်ငံကအဓိကအားကိုးအားထားပြုနေတာလည်းဖြစ်ပါတယ်။ မြန်မာဘက်မှာလည်း လမ်းဖောက် ပြုပြင်မှုများ လုပ်ဆောင်ပြီဖြစ်လို့ ယခုလိုအတက် (၁) ရက်အဆင်း (၁) ရက်ခွဲသွားရန်မလိုတော့ဘဲ လမ်းပြီးသွားပါက နေ့စဉ်အတက် အဆင်းလုပ်နိုင်မှာဖြစ်ပါတယ်။ ထိုအခါ ယခုလက်ရှိကုန်သွယ်မှုများအဆများစွာ တိုးတက်လာမှာ လည်းဖြစ်ပါတယ်။
မြဝတီ-မဲဆောက်ချစ်ကြည်ရေးတံတား ၁၅ နှစ်ပြည့်ပွဲတော်ကျင်းပရာမှာ နှစ်နိုင်ငံယဉ်ကျေးမှုကပွဲများနဲ့ လှယဉ်ကျေးမယ်ပြိုင်ပွဲများလည်း ထည့်သွင်းသွားမယ်လို့ သတင်းရရှိပါတယ်။
Source: နကသ (မြဝတီ)                                                                                                                                
ဂန္ဓမာ

Pages

Subscribe to နောက်ဆုံးရ သတင်း