ပညာပေး/လှုပ်ရှားမှုများ

မြန်မာနိုင်ငံတွင် ဝဥပင်များသည် ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း၊ တောင်ပိုင်း) ၊ ပဲခူးတိုင်း( အရှေ့ပိုင်း) ဧရာဝတီတိုင်း   မြစ်ဝကျွန်းပေါ်ဒေသနှင့်   စစ်ကိုင်းတိုင်း အထက်ပိုင်း တို့ရှိသစ်ရိပ်၊ ဝါးရိပ်အောက်၊ အရိပ်ဝါသကောင်းသော သစ်တောမြေပွ၊ အစိုဓါတ်ကောင်းသော နေရာတို့တွင် သဘာ၀ အလျှောက် ပေါက်ရောက်ကြောင်း သိရှိရပါတယ်။ ယခုအခါ ဝဥခြောက်လုပ်ငန်းများ တွင်ကျယ်လာသဖြင့် တောထဲတွင် အလေ့ကျပေါက်ရောက်သည်ကို စိုက်ခင်းများဖြင့်စိုက်ပျိုးလာသလို မြောင်းဘောင်တင်၍လည်း စိုက်ပျိုးလာကြပါသည်။ ဝဥတွင် အဖြူ၊ အနီ၊ အဝါ သုံးမျိုးရှိပါသည်။ မိုးရာသီမြေပေါ်အပင်ပိုင်းထွက်ပြီး အပင်မှာ (၂)ပေမှ (၄)ပေခန့်သာမြင့်လျှက် ဆောင်းအခါ အပင်ကျ၍ ဥအမြစ်သာလျှင် မြေအောက်၌ အပင်ပွား ရှင်သန်လေ့ ရှိပါတယ်။ စိုက်ပျိုးသော ဝဥများတွင် မြေဆီမြေနှစ်ကောင်းလျှင် ကောင်းသလို တစ်ပိဿာမှ တစ်ဆယ့်သုံးပိဿာ အထိ ထွက်ရှိသည်ဟုသိရှိရပါသည်။

        ပင်လယ်ရေကြောင်းမှ ဝဥ နှင့် ဝဥခြောက်မှုန့်တင်ပို့မှုကိုကြည့်ပါက (၂၀၀၈-၂၀၀၉)ဘဏ္ဍာနှစ်တွင် တန်ချိန်(၂၃၀) ခန့်၊ (၂၀၀၉-၂၀၁၀) ဘဏ္ဍာနှစ်တွင် တန်ချိန် (၄၀၀)ကျော်ခန့်၊ (၂၀၁၀-၂၀၁၁) ဘဏ္ဍာနှစ်တွင် တန်ချိန်(၂၀၀)ကျော်ခန့်၊ (၂၀၁၁-၂၀၁၂)ဘဏ္ဍာနှစ်တွင်လည်း တန်ချိန်(၂၀၀)ကျော်ခန့်၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ( ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၇ ရက် နေ့အထိ) တန်ချိန် (၂၀၀)ကျော်ခန့် တင်ပို့ခဲ့ ကြောင်းတွေ့ရှိရပါတယ်။ ပြည်တွင်း၌ စားသုံးမှုနည်းသော်လည်း ပြည်ပနိုင်ငံများ၌ တန်ဖိုးကြီးအစားအစာအဖြစ် ပြုလုပ် စားသောက်ကြလေ့ ရှိရာ ဂျပန်နိုင်ငံ နှင့် တရုတ်နိုင်ငံသို့အများဆုံးတင်ပို့ပြီး စင်္ကာပူနိုင်ငံနှင့် မလေးရှား နိုင်ငံတို့လည်း အနည်းငယ်စီ တင်ပို့ကြပါသည်။

      ဝဥကို အစားအစာများ၊ မုန့်များ ထုတ်လုပ်ရာတွင် ထည့်သွင်းအသုံးပြုခြင်း၊ ခေါက်ဆွဲပြုလုပ်ခြင်း၊ ပြုတ်၍ သုပ်စားခြင်း၊ အသားတု ပြုလုပ်ခြင်းများအပြင် ဝဥခြောက်၌ အဆီ ကျစေသော အာနိသင်ရှိ၍ ကိုလက်စထရော ကျစေသောကြောင့် ဆေးဖော်စပ်ရာတွင်လည်းအသုံးပြုကြကြောင်း တရုတ်၊ ဂျပန်နှင့် အနောက်ဥရောပနိုင်ငံများ တွင် အစားအစာ အဖြစ်လည်းကောင်း၊ ဆေးဝါးအဖြစ်လည်းကောင်း၊ သရေစာအဖြစ်လည်းကောင်း ထုတ်လုပ် ဖြန့်ဖြူးရောင်းချကြကြောင်း သိရှိရပါသည်။

       မြန်မာ့မြေမှထွက်သော မြန်မာ့ဝဥများ ရရှိပြီးသောဈေးကွက်များ မပျောက်ပျက်သွားအောင် အရေအတွက်ထက် အရည်အသွေး စံချိန်စံညွှန်းကောင်းရန် လိုအပ်ပြီး ဈေးကွက်သစ်များ ထပ်မံရှာဖွေကြပါစို့။
 

                                                                                                                                         ခင်စန်းဝင်း(DOT)

ကျေးရွာတစ်ရွာ ပို့ကုန်တစ်မျိုုးရယ်နှင့် စူးစူးရှရှ ကြည်ကြည်လင်လင် အသံလေးဖြင့်မေးလာသော ကျွန်တော်မကြားဘူးသေးသည့် စကားတစ်ခွန်း ကြောင့် လုပ်နေဆဲဖိုင်ကိုပိတ်သိမ်းကာ သူမကိုငေးကြည့်နေမိသည်။ ဇဝေဇဝါ မသဲကွဲနှင့်မို့ သူမနှင့် အနီးဆုံး နေရာသို့သွားပြီး “ဘာအကူအညီများ ပေးရမလဲခင်ဗျာ“ လို့ဟုပြောတော့ “စဉ့်ထည်ပစ္စည်းပို့ချင်လို့“ ဟူသော အဖြေ ကြောင့် ကျွန်တော် ဝမ်းသာအံ့သြမိကာ စဉ့်ထည်တွေကို export လုပ်မလို့ဆိုတော့ ဟိုအရင်တစ်ခါက တစ်ဘဝတွင် ဌာနတစ်ခု၌ တာဝန်ထမ်းဆောင်စဉ် သင်တန်းတစ်ခုတက်ရောက်ခဲ့ရာမှ လေ့လာခဲ့ဘူးသော စဉ့်ထည်ပစ္စည်းများ အကြောင်းကို ပြန်လည်သတိရမိနေသည်။ အဲဒီတုန်းက ပြည်တွင်းသုံး သာမန်ထုတ်ကုန်တစ်ခုသာ ဟုထင်ခဲ့မိသည်။ ယခုတော့ export ပို့ကုန်အမယ်တစ်မျိုးအနေဖြင့် တင်ပို့နေပြီဆိုတော့ မမေးဖြစ်ခဲ့သော စကားလေးနှင့်အတူ “ငယ်ငယ်“ ဆိုသော ကောင်မလေးနှင့် နွယ်ငြိမ်းရွာကို သတိရမိသည်။ အတွေးလေးကို ခေတ္တဖြတ်တောက်ကာ “ဟိုစဉ့်ထည်ပစ္စည်းတွေ လိုင်စင်လျှောက်ချင်ရင် နေပြည်တော် ပို့ကုန်ဌာနခွဲက လက်ခံဆောင်ရွက်ပေးနေပါ တယ်ခင်ဗျာ“ “ဒီ ရန်ကုန်တိုင်း ရုံးခွဲမှာတော့ အခြားအုပ်စု ပို့ကုန်လိုင်စင်တွေထဲက အလှမွေးငါး၊ တံမြက်စည်း ထုတ်ကုန်နှင့် ပိန်းရိုးခြောက် တင်ပို့မှုကိုဘဲ လက်ခံဆောင်ရွက်ပေးပါတယ်၊ ကျွန်တော်ဘာများ အကူအညီ ပေးရအုံးမလဲခင်ဗျာ“ လို့ မနားတမ်း ဖြေလိုက်တော့ သူမက “ကျေးဇူးတင်ပါတယ်“ ဟုဆိုကာ လဲ့လဲ့ကလေးပြုံးပြီး လှုပ်လီလှုပ်လဲ့ဖြင့် ထွက်ခွာသွားသည်။ သူမ၏ နောက်ကျောပြင်ကို ငေးကြည့်နေရင်း တစ်ရံတစ်ခါဆီက လေ့လာခဲ့ဘူးသော စဉ့်ထည်လုပ်ငန်းနှင့် ပတ်သက်၍ အတွေးတွေက အစီအရီစီတန်းလို့ ဦးနှောက်ထဲသို့ တိုးဝှေ့၍ ဝင်ရောက်လာခဲ့ပါတော့သည်။ နွယ်ငြိမ်းရွာကလေးသည် ရွှေဘိုမြို့မှ ငါးမိုင်ခန့်ကွာဝေးပြီး ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းပါးတွင် တည်ရှိပါသည်။ ဤရွာကလေးသည် ဟိုးရှေးအစဉ်အဆက်တည်းကစ၍ မိရိုးဖလာ အသက်မွေးဝမ်းကျောင်းအဖြစ် စဉ့်ထည်လုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။ ကျွန်တော်တို့ စဉ့်ထည်လုပ်ငန်း လေ့လာရေးအဖွဲ့အား သနပ်ခါးပါးကွက်ကြား ထူထူလေး လိမ်းခြယ်ကာ ဆံတောက်ကလေးနှင့် မြန်မာဆန်ဆန် ချပ်ချပ်ရပ်ရပ် သပ်ရပ်စွာ ဝတ်ဆင်ထားသော “ငယ်ငယ်“ ဆိုသူ အမျိုးသမီးလေးက ဖျတ်လတ်တက်ကြွစွာ ရှင်းလင်းပြောပြပါသည်။ “ငယ်ငယ်“ နှင့် နွယ်ငြိမ်းရွာ ကလေးကို တွေ့လိုက်ရချိန်မှာတော့ ချစ်စရာကောင်းသော မြန်မာ့ဓလေ့၊ မြန်မာ့ဟန်၊ မြန်မာမှုအနုပညာများနှင့် သဘာဝအလှတရားတို့က ကျေးလက်တောရွာများတွင် ထိန်းသိမ်းထားနိုင်ဆဲဖြစ်သည်ကို မြင်တွေ့ခဲ့ရ၍ ရင်တွင်းမှာ ပရနာပီတိ ဂွမ်းဆီထိသကဲ့သို့ ပီတိသောမနဿများပွားခဲ့ရပါသည်။ ငယ်ငယ်မှ လိုက်လံရှင်းလင်းပြသရာတွင် အရောင်အသွေး အရွယ်အစားစုံလင်လှသော စဉ့်ထည်များကို ကြည့်ရှုရင်း၊ သူမ၏ သွက်လက်ချက်ချာသော ဟန်ပန်၊ သာယာ နာပျော်ဘွယ် ကောင်းသော အသံတို့၏ ဆွဲဆောင်မှုအောက်တွင်နစ်မျောစီးဝင်ကာ စိတ်ဝင်တစားနားထောင်ပြီး လေ့လာမှတ်သားခဲ့ ရသည်မှာ - စဉ့်ထည်လုပ်ငန်းကြီးများကို တစ်နှစ်ပတ်လုံးလုပ်ကိုင်ကြပြီး၊ လုပ်ငန်းငယ်များသည် ဆောင်းနှင့် နွေရာသီ များ၌သာ လုပ်ကိုင်ကြသည်။ စဉ့်ထည်၏ လုပ်ငန်းသဘောသဘာဝအရ အဆောက်အအုံများသည် အမိုးနိမ့်နိမ့်ဖြင့် လေလုံရန်တည်ဆောက်ရပြီး လေအနည်းအငယ်မျှရရှိရုံဖြင့်ခြောက်သွေ့မှုကိုပိုမိုလိုအပ်ပြီး၊ လေနှင့်နေရောင်များများ ရရှိပါက စဉ့်ထည်များကို ကွဲအက်စေတတ်ပါသည်။ စဉ့်လုပ်ငန်း၏အဓိကကုန်ကြမ်းမှာ မြေနီနှင့် မြေဝါများဖြစ်သည်။ ထိုမြေများကို တစ်နှစ်ပတ်လုံးအသုံးပြုရန်အတွက် ပွင့်လင်းရာသီတွင် သယ်ယူစုဆောင်းထားကြသည်။ စဉ့်ထည် ပြုလုပ်ရာတွင် ပထမဦးစွာ အိုးစိမ်းပြုလုပ်ရသည်။ အိုးစိမ်းပြုလုပ်မည်ဆိုပါက မြေနီ နှစ်ဆ၊ မြေဝါ တစ်ဆ အချိုးကျ ရောစပ်၍နေလှန်းရသည်။ ပြီးလျှင် လူအား၊ စက်အားတို့ဖြင့် အမှုန့်ကြိတ်ရသည်။ ထို့နောက် အိုးပုံဖော်မည့်သူများက လက် (သို့မဟုတ်) စက်ကိုအသုံးပြုပြီး မြေနီ၊ မြေဝါ အချိုးကျရောစပ်၍ ကြိတ်ပြီးသားအမှုန့်ကို ရေနှင့် နှပ်ကြရသည်။ ပြီးလျှင်အိုးပုံဖော်ခြင်းအတတ်ကိုကျွမ်းကျင်သူ လုပ်သားနှစ်ဦးမှဆုံလည်အိုးထိန်းစက်ကိုအသုံးပြု၍ အိုးပုံဖော်လုပ်ငန်း စရသည်။ ဦးစွာ နှပ်ပြီးသားမြေများကို လူကြီးလက်မောင်းအရွယ်ရှိ မြေအလိပ်များအဖြစ်ပြုလုပ်ရသည်။ ထိုသို့ လုပ်ဆောင်ခြင်းကို အိုးနွယ်ခြင်းဟုခေါ်သည်။ အရွယ်အစားကြီးမားသော ၇၅ ပိဿာ၊ ၁၀၀ ပိဿာ၊ ၁၅၀ ပိဿာဝင် အိုးများ ပြုလုပ်ရာတွင်မူ အောက်ခံအိုးပုံအဆင့် (အိုး၏ အောက်ဘက်အခြမ်း) နှင့် အပေါ်ပိုင်း (အိုး၏အပေါ်အခြမ်း) အိုးပုံအဆင့်ဟု (၂) ပိုင်း ရှိသည်။ အောက်ခံအပိုင်းကို အချောသပ်ပုံဖော်၍ နေလှန်းပြီးမှ အပေါ်ပိုင်းနှင့်ဆက်၍ ရသည်။ စဉ့်အိုးများတွင် အရွယ်အကြီးဆုံးဖြစ်သည့် ၁၅၀ ပိဿာဝင်အိုး (၄) လုံးကို လုပ်သားနှစ်ဦးနှင့် တစ်ရက်သာ မျှပြုလုပ်ရသည်။ လုပ်ငန်းအခြေခံအဆင့်ဖြစ်သော အိုးပုံဖော်ခြင်းတွင် မြေနှပ်ခြင်း၊ အိုးပုံဖော်ခြင်း၊ အချောသပ် ပုံဖော်ခြင်းအဆင့်များပါဝင်သည်။ အချောသပ်ပုံဖော်ပြီးသားအိုးများကို မိုးလေလုံခြုံသော အဆောက်အအုံများထဲ တွင် တစ်ပတ်မျှထားလေ့ရှိသည်။ ထို့နောက် ယင်းအိုးများ (အထူးသဖြင့် ပန်းအိုး) တွင်ပန်းခက်၊ ပန်းနွယ်၊ ရုပ်ပုံဒီဇိုင်း များပြုလုပ်လိုပါက အချောသပ်ပုံဖော်ပြီးအဆင့်တွင် ဒီဇိုင်းကျွမ်းကျင်သူလုပ်သားများက ပန်းအိုးများ၏ အပြင်ဘက် အိုးသားများကို လှီးထုတ်၊ ခြစ်ချ၊ ထပ်ပိုးခြင်းဖြင့် လိုအပ်သလိုပုံဖော်ရသည်။ စဉ့်ထည်ပစ္စည်းများမှာ အမျိုးအစား စုံလင်လှကြောင်း၊ ကလေးကစားစရာစဉ့်ထည်မှ လူမှုအသုံးအဆောင်များ နေအိမ်အလှဆင်ပစ္စည်းများ လုပ်ငန်းသုံး စဉ့်အိုးကြီးများတို့ ဖြစ်ကြောင်း သိရှိရသည်။ စဉ့်ထည်အစိမ်း (အိုးစိမ်း၊ အိုးကြမ်း) ပြုလုပ်ပြီးလျှင် သဘာဝလေဖြင့် အခြောက်ခံရပြီး အပူအအေးမျှတမှု ရှိရန်လိုအပ်သည်။ အခြောက်ခံရာတွင် စဉ့်ထည်ပစ္စည်းကြီးများဖြစ်လျှင် နွေရာသီတွင် ငါးရက်မျှ ၊ မိုးရာသီတွင် ၁၀ ရက် အခြောက်ခံရကြောင်း၊ အိုးစိမ်းများကို အခြောက်ခံပြီးပါက အညိုရောင်နှင့်အနက်ရောင် ရရှိစေရန် စဉ့်ရည်(ချော်ရည်) လောင်းရကြောင်း၊ အသုံးပြုရန် ချော်ခဲ (ကာဗွန်နိတ်) များကို အသုံးပြုကြောင်း၊ အခြားအရောင်းများ ရရှိလိုပါက အဖြူရောင်မြေမှုန့်ကို ရေနှင့်ဖျော်ကာ အိုးစိမ်းများတွင် သုတ်လိမ်းရသည်။ အစိမ်းရောင်ရရှိလိုပါက ချော်ရည်တွင် ဒုတ္ထာ ရောစပ်၍လည်းကောင်း၊ အပြာရောင်ရရှိလိုပါက ကိုဗော့အောက်ဆိုဒ်အမှုန့် ရောစပ်၍လည်းကောင်း၊ အဝါ ရောင် ရရှိလိုပါက ခဲမှုန့်ရောစပ်၍ လည်းကောင်း စဉ့်ရည်ဖျော်လောင်းရပါသည်။ နောက်ဆုံးတွင် အချောသပ်ခြင်း (မီးဖုတ်ခြင်း) အဆင့်ကို ဆောင်ရွက်ရသည်။ မီးဖုတ်ရာတွင် စဉ့်အရွယ်အစားကိုလိုက်၍ တစ်ရက်မှ သုံးရက်အထိ ကြာတတ်သည်။ ဤအဆင့်ပြီးဆုံးပါက ရောင်းချရန်အသင့်ဖြစ်သော စဉ့်ထည်ပစ္စည်းများ ရရှိကြောင်းသိရသည်။ ဧရာဝတီမြစ်ကမ်းနဖူးတွင်ရှိသော နွယ်ငြိမ်းကျေးရွာလေးတွင် စဉ့်ထည်ပစ္စည်းမျိုးစုံကို ညီညီညာညာ နှင့် အစီအရီ ခင်းကျင်းထားသည်မှာ လှပနေပေသည်။ မြန်မာ့ကျေးရွာဓလေ့ ထုံးတမ်းအစဉ်အလာအရ၊ ရွာတစ်ရွာ၊ ဘုရားတစ်ဆူ၊ ရေကန်တစ်ခု၊ ဘုန်းကြီးကျောင်းနှင့် ဧရာဝတီမြစ်ကြီး၏ တစ်ဖက်ကမ်းရှိ သဲသောင်ပြင်နှင့် လှေငယ် တို့မှာ ပန်းချီကားချပ်သဖွယ် သဘာဝအလှတရားများနှင့် ပြည့်နှက်နေပြီး ဖြူစင်ရိုးသား၍ သဘောမနောကောင်းပြီး၊ ရင်းနှီးဖော်ရွေတတ်သော ဓလေ့တို့က ချစ်စရာကောင်းလှပေသည်။ လေ့လာခြင်း ပြီးဆုံးချိန်တွင် “ငယ်ငယ်“ အား မပြောဖြစ်ခဲ့သော စကားလေးတစ်ခွန်း မေးရန်ကျန်ရှိနေခဲ့ပါသည်။ ထိုစကားလေးကို ထိုအချိန်က ကြိုတင်သာ သိရှိခွင့်ရခဲ့လျှင် ဂုဏ်ယူမှုနှင့်အတူမုဒိတာပွားများနေမိသည်မှာ အမှန်ပင်ဖြစ်ပါသည်။ ထိုစကားလေးက စဉ့်ထည် တွေကို Export တင်ပို့ခြင်း ရှိ၊ မရှိ ဟူသော မေးခွန်းကလေးပင်ဖြစ်ပါတော့သည်။ စဉ့်ထည်လုပ်ငန်းနှင့်ပတ်သက်၍ အခြားသတင်းများအရ သိရှိရသည်မှာ မြန်မာ့စဉ့်ထည်လုပ်ငန်းများကို ရှေးဟောင်းပစ္စည်းများ အထောက်အထားအရ (၁၅) ရာစုကတည်းက ပြုလုပ်သုံးစွဲခဲ့ပြီး မြေအိုးများနေရာတွင် ပလပ်စတစ်နှင့် အလူမီနီယံပစ္စည်းတို့က အစားထိုး ဝင်ရောက်လာသောအခါ စဉ့်ထည်လုပ်ငန်းမှာ တစ်စတစ်စ တိမ်ကော လာခဲ့ရသည်။ ၁၉၈၄ ခုနှစ်ဝန်းကျင်လောက်က အရှေ့တောင်အာရှ စဉ့်သမိုင်းတွင် ပုဂံကစဉ့်ချပ်များနှင့် ပဲခူးမြို့ ရွှေဂူကြီးဘုရားက စဉ့်ချပ်တွေသည် ကမ္ဘာကျော် Museum ပြတိုက်ကြီးများတွင်ရှိခဲ့ကြောင်း သိရှိခဲ့ရသည်။ ပုဂံမြို့ရှိ ငကျွဲနားဋောင်း စေတီကို စဉ့်ထည်အုတ်တို့ဖြင့်ဆောက်လုပ်ထားခဲ့သည်။ စဉ့်ဆိုသည်မှာ မြေသားအိုးပေါ်မှာ ဖန်ရည်သုတ်ထားခြင်းဖြစ်သည်။ သဲကိုအမှုန့်ကြိတ်ထားကာ ခဲရောပြီး အပူချိန် ၉၀၀ ံစင်တီဂရိတ် အပူပေးသောအခါ စဉ့် ဖန်ရည်ရသည်။ နောက်ပိုင်း သစ်ပင်ပြာနှင့်သဲရောပြီး အပူချိန် ၁၃၀၀ ံ စင်တီဂရိတ်ပေးက အရည်ပျော်စေကာ အရည်အသွေးကောင်းသော စဉ့်ချော်ရည်များရကြောင်းသိရှိရသည်။ သမိုင်းအထောက်အထားများအရ မြန်မာ့ စဉ့်ထည် များကို အီဂျစ်နိုင်ငံသို့ (၁၅)ရာစုကတည်းက တင်ပို့ခဲ့ဘူးကြောင်း၊ စဉ့်ထည်ပြုလုပ်ရာတွင် ပျက်စီးမှုရာနှုန်း မှာ အကြောင်းအမျိုးမျိုးကြောင့် ၂၀% မှ ၂၅% ထိ အပျက်အစီးများ ရှိကြောင်း သိရှိရသည်။ စဉ့်လုပ်ငန်းရှင် အသင်းဖွဲ့စည်းကာ တွံတေး၌ စဉ့်ဈေးကွက်ကြီး ဖြစ်လာရေး ကြိုးပမ်းလျှက်ရှိကြောင်း သိရှိရသည်။ စဉ့်ထည်ပစ္စည်း တင်ပို့မှုနှင့်ပတ်သက်၍ ၂၀၁၀ - ၂၀၁၁ ဘဏ္ဍာနှစ်တွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၂၀၀၀၀ ကျော်ခန့်၊ ၂၀၁၁ - ၂၀၁၂ ဘဏ္ဍာနှစ်တွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၅၀၀၀၀ ကျော်ခန့် တင်ပို့ခဲ့သည်ကိုတွေ့ရှိရပြီး စင်္ကာပူ၊ ဗီယက်နမ်၊ သြစတေးလျနိုင်ငံများသို့ တင်ပို့ခဲ့သည်။ စဉ့်ထည်ပစ္စည်း အမျိုးအစားများမှာ အိုးပုတ်၊ ချိုးရုပ်၊ ပလုပ်တုတ်မှ သောက်ရေအိုး၊ ထမင်းအိုး၊ ဟင်းအိုး၊ ရေအိုး၊ အင်တုံ၊ ဆေးလိပ်ခွက်၊ ပန်းအိုးစသည့် လူ့အသုံးအဆောင် ပစ္စည်းအမျိုးမျိုးတို့မှသည် ပိဿာချိန် ၁၅၀ ဝင် စဉ့်အိုးကြီးများ အထိ အမျိုးမျိုးပြုလုပ်ကြသည်။ အဓိက EXPORT တင်ပို့မှုအများဆုံး စဉ့်ထည်ပစ္စည်းများမှာ အလှပန်းအိုးများဖြစ်ကြသည်။ လက်ရှိ စဉ့်ထည် လုပ်ငန်းကို စစ်ကိုင်းတိုင်း ရွှေဘိုကျောက်မြောင်း၊ ရန်ကုန်တိုင်း တွံတေး၊ မှော်ဘီ၊ ဧရာဝတီတိုင်း ပုသိမ်၊ မွန်ပြည်နယ် မော်လမြိုင်၊ ရှမ်းပြည်နယ် အင်းလေးနှင့် ရခိုင်ပြည်နယ် မြောက်ဦးမြို့ တို့၌ ပြုလုပ်လျှက်ရှိသည်ကို တွေ့ရှိရသည်။ နိုင်ငံတော်မှ ကျေးလက်ဒေသဖွ့ံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေးအတွက် အလေးထားဆောင်ရွက်လျှက်ရှိ ရာ၊ ကျေးလက်နေပြည်သူတို့၏ တစ်ဦးချင်းစီဝင်ငွေ(Per capital income)တိုးတက်ရရှိရေး၊ လူမှုဘဝမြှင့်တင်နိုင်ရေး အတွက် ကျေးလက်ဒေသများတွင် (Myanmar Traditional) တစ်ပိုင်တစ်နိုင် မိရိုးဖလာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရန်၊ လူမှုစီးပွားဘဝတိုးတက်ဖြစ်ထွန်းစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းကောင်းများရရှိရေး ကြိုးပမ်း ဆောင် ရွက်လျက်ရှိရာတွင် စဉ့်လုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို နိုင်ငံတော်မှ ရင်းနှီးမြှပ်နှံမှုအင်အား၊ နည်းပညာနှင့် ကျွမ်းကျင်လုပ်သားများ ကူညီဆောင်ရွက်ပေးနိုင်ပါက စဉ့်ထည်ပစ္စည်း တင်ပို့မှုသည် နိုင်ငံတော်၏ ကျေးလက်နှင့်မြို့ပြ ကွာဟမှုကျဉ်းမြောင်းရေး တိုင်းပြည်ဝင်ငွေ တိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပေးနိုင်မည်ဖြစ်ပါသည်။ ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုးဖြင့် တိုင်းပြည်ဝင်ငွေ တိုးတက်စေမည်မှာ အမှန်ပင်ဖြစ်ပေသည်။ နိုင်ငံတကာဈေးကွက် လိုအပ်ချက်များပေါ်မူတည်ပြီး ဈေးကွက်မြှင့်တင်ရေးစီမံကိန်းအား အကောင် အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ နိုင်ငံတကာဈေးကွက် လိုအပ်ချက်များ ဖြည့်တင်းဆောင်ရွက်နိုင်ရန် နိုင်ငံတကာ စံချိန်၊ စံနှုန်းများနှင့်အညီထုတ်လုပ်သည့် စဉ့်ထည်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်နိုင်မည်ဆိုပါက စဉ့်ထည်နှင့် ပတ်သက်၍ အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာပြီး လူတစ်ဦးချင်းဝင်ငွေတိုးတက်ကာ ပါဝင်လုပ်ကိုင် နေသည့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာမည်ဖြစ်ကြောင်း နွယ်ငြိမ်းကျေးရွာလေးမှ လေ့လာ မှတ်သားခဲ့သည့် Export စဉ့်ထည်များအကြောင်းကို မှတ်တမ်းတင် တင်ပြလိုက်ရပါသည်။ (ထွန်းမြင့်ထွန်း) (ပို့ကုန်)

စိုက်ပျိုးးရေးကိုအခြေခံသည့် မြန်မာနိုင်ငံသည် နိုင်ငံခြားဝင်ငွေရရှိရေးအတွက် မြန်မာ့စိုက်ပျိုးရေးထွက်ကုန် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံသာမက ပန်းမာလ်များကိုလည်းဈေးကွက်ရှာဖွေ၍ တင်ပို့ရောင်းချလျှက်ရှိရာ ဂန္ဓာမာ၊ စံပယ်နှင့် သစ္စာပန်းများမှာ ပြည်ပဈေးကွက်များသို့ ထိုးဖောက်နေရာယူလျှက်ရှိပြီးဖြစ်ပါသည်။

ဥရောပ၊ အာရှနှင့် အာဖရိကတို့တွင် စိုက်ပျိုးဖြစ်ထွန်းသည့်သစ္စာပန်းကို မြန်မာနိုင်ငံတွင် နေရာအနှံ့ စိုက်ပျိုး လျှက်ရှိပါသည်။ သို့ရာတွင် ရာသီဥတုအေးမြကောင်းမွန်သည့် ရှမ်းပြည်နယ်ဒေသမှထွက်ရှိသည့် သစ္စာပန်းမှာ အရည် အသွေးကောင်းမွန်ခြင်းကြောင့် ဝယ်ယူသူများ အကြိုက်တွေ့လျှက်ရှိကြောင်းသိရှိရသည်။ အမှတ်တရရှိမှု၊ သစ္စာရှိမှုနှင့် ရိုးသားမှုကိုဖေါ်ပြစေသည့် သစ္စာပန်းမှာ အရောင်အသွေးမျိုးစုံရှိလှသဖြင့် ဘုရားအားလှူဒါန်းပူဇော်ခြင်း၊ အခမ်းအနား များတွင် အလှပန်းထိုးခြင်းနှင့် အလှဆင်ခြင်းတို့တွင် ကျယ်ပြန့်စွာအသုံးပြုလျှက်ရှိကြပါသည်။

         အဆိုပါသစ္စာပန်းအား ၂၀၁၂ခုနှစ်မှစတင်၍ ပြည်ပသို့တင်ပို့ရောင်းချခဲ့ရာ ထိုစဉ်က ၁ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ (ဝ.၅)သာရရှိခဲ့ရာမှ ယခုနှစ် ၂၀၁၃ခုနှစ်တွင် ကုမ္ပဏီတစ်ခုသည် သစ္စာပန်းများကို ၁ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ (၁.၃)ဖြင့် စင်္ကာပူနိုင်ငံသို့တင်ပို့ရောင်းချရန်အတွက် ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ပို့ကုန် လိုင်စင်လျှောက်ထားပြီးဖြစ်ကြောင်း သိရှိရပါသည်။ ရှမ်းပြည်နယ် ဟဲဟိုးမြို့မှထွက်ရှိသည့် အဆိုပါသစ္စာပန်းများကို ရန်ကုန်မြို့သို့သယ်ဆောင်ကာ ၂၀ကီလိုဂရမ်ရှိသည့် စက္ကူပုံးမျာဖြင့်ထုပ်ပိုးပြီး စင်္ကာပူနိုင်ငံသို့တင်ပို့သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

       သို့ပါ၍ သန့်ရှင်းပြီး အရည်အသွေးကောင်းမွန်သည့် သစ္စာပန်းများအပြင် အခြားပန်းမျိုးစုံတို့ပါ တိုးချဲ့စိုက်ပျိုး ပြီး ဈေးကွက်ရရှိရေး ရှာဖွေကြိုးပမ်းရင်း ဈေးကောင်းရရှိ လျှက်ရှိသည့် မြန်မာ့သစ္စာပန်းအကြောင်း သိရှိနိုင်ရန် သတင်း ကောင်းပါးလိုက်ရပါသည်။

                                                                                                                                                   စန္ဒာထွန်း (ပို့ကုန်)

2012-2013 ဘဏ္ဍာနှစ် အောက်တိုဘာလ၊ နိုဝင်ဘာလနှင့်ဒီဇင်ဘာလအတွင်း ကျွန်းသစ်လုံးတင်ပို့မှု အခြေအနေ 2012-2013 ဘဏ္ဍာနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ ကျွန်းသစ်လုံး တင်ပို့မှုမှာ ဒီဇင်ဘာလတွင် အများဆုံးတင်ပို့နိုင်ခဲ့သော်လည်း တန်ချိန်အားဖြင့် လျော့နည်းနေသဖြင့် နိုင်ငံတကာ ဈေးကွက်တွင် မြန်မာ့ကျွန်းသစ်လုံးဈေး မြင့်တက်နေကြောင်းသိရှိနိုင်ပါတယ်။ ယခုအခါ သစ်အလုံးလိုက် တင်ပို့မှုကို မြန်မာ့သစ်လုပ်ငန်းမှ ပိတ်ပင်ထားပြီး နောက်ပို့င်းတွင် သစ်လုံးတင်ပို့မှုများအစား သစ်ခွဲသား၊ အချောထည်များသာ တင်ပို့ရန်ဖြစ်သည့်အတွက် သစ်အချောထည်လုပ်ငန်းများ လုပ်ငန်းပိုမိုကောင်းမွန် လာမည်ဖြစ်ပြီး ဈေးကွက်သစ်များကို ပိုမိုရှာဖွေထား သင့်ပါတယ်။ ဈေးကွက်ပိုမိုချဲ့ထွင်နိုင်ရေး နည်းပညာများ စက်ကရိယာများကိုလည်း ပိုမိုပြင်ဆင်ထားသင့်ပြီဖြစ်ပါသည်။ ယခုအခါ မြန်မာ့သစ်လုပ်ငန်းမှ လက်ကျန် ကျွန်းသစ်လုံး များကိုသာ 2014 ခုနှစ်အတွင်း အပြီးအပြတ်တင်ပို့နိုင်ရေး ဆောင်ရွက်လျှက်ရှိပါကြောင်းနှင့် တင်ပြပါကာလအတွင်း ကျွန်းသစ်လုံးတင်ပို့ခဲ့မှုအခြေအနေကို အောက်ပါအတိုင်းတွေ့ရှိနိုင်ပါတယ် - Source: Customs Data ဒေါ်ငယ်ငယ်လွင်(ပို့ကုန်)

တရုတ်ပြည်ရှိ ကြက်မွေးမြူရေးခြံများမှ ကြက်များအား ပဋိဇီဝဆေးများ လွန်ကဲစွာ ကျွေးသည့် ကြက်ခြံများ ပိတ်ထားလိုက်ရ တရုတ်ပြည်၏ စိုက်ပျိုးရေးအာဏာပိုင်မှ တရုတ်ပြည်အရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ်တွင် ကြက်ခြံများအား ၎င်းတို့မွေးမြူသော ကြက်များကို အမန်တာဒိုင်းနှင့် ရီဗာဗီရင်များပါဝင်သော ပဋိဇီဝဆေးများ လိုအပ်သည်ထက် ပိုမိုကျွေးမှုဖြင့် ကြက်ခြံများအား ပိတ်ထားခိုင်းလိုက်ပြီဖြစ်သည်။ နိုင်ငံတစ်ဝှမ်း၏ အစားအသောက်လုံခြုံမှုကို ဆိုးရွား စေသည့်အကြောင်းရင်းမှာ ကြက်ခြံများတွင် ကြက်များပြည့်ကြပ်စွာ မွေးမြူထားမှုကို ခံနိုင်ရည်ရှိပြီးရှင်သန်စေရန် ရည်ရွယ်ကြောင်း သိရှိရပါသည်။ စီးပွားရေးအင်ဂျင်နီယာနှင့် စိုက်ပျိုးရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ယင်းအခြေအနေကို နီးကပ် စွာ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေစဉ်တွင် ကြက်သားပေါက်မှုနှင့်ဆိုင်သည့် ကိစ္စရပ်များကို ပိတ်ပင်ထားကြောင်း ပြောကြားပါသည်။ ယင်း အရေးကြီးကိစ္စရပ်ကိုစစ်ဆေးရန် ဝန်ကြီးဌာနမှ ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ကို ရှန်ဒေါင်း ပြည်နယ်သို့ စေလွှတ်သည့်အပြင် ပြည်နယ်အာဏာပိုင်များကို သီးသန့်ကိုင်တွယ်စစ်ဆေးရန်နှင့် ရလဒ်ကို သတင်း ထုတ်ပြန်ရန် အမိန့်ထုတ်ထားသည်။ ဆင်ဟွာသတင်းဌာနမှမေးမြန်းချက်ကို တာဝန်ရှိသူမှ ကြက်မွေးမြူရေးလုပ်ငန်းများကို ဥပဒေအရ တင်းကြပ်စွာ ကာကွယ်လိမ့်မည်ဖြစ်ပြီး ကြက်မွေးမြူရေးလုပ်ငန်းကြီးများ၏ အရည်အသွေးကို မြှင့်တင်ရန်နှင့် ယင်းကဲ့သို့ ကြက်များအားပဋိဇီဝဆေးများ၊ လိုအပ်သည်ထက်ပိုကျွေးပြီး၊ တိရိစ္ဆာန်မွေးမြူရေးနှင့်ကုသရေး နှင့် ဆိုင်သော မူးယစ်ဆေးဝါးများသုံးစေခြင်းကို အရေးယူမည်ဖြစ်ကြောင်း ပြောကြားပါသည်။ နို့မှုန့် ရက်လွန်များ၊ ဆီ အတုများ၊ အဆိပ်ဖြစ်စေသောဆေးတောင့် များလည်းထုတ်လုပ်ခြင်းကြောင့် တရုတ်ပြည် ပြည်သူလူထုက အစိုးရ၏ အစားအသောက် လုံခြုံမှုဥပဒေ တင်းကြပ်ခြင်းကို သံသယရှိခဲ့ကြောင်း သတင်းရရှိပါသည်။ Source : Channel News Asia (စမ်းစမ်းဝင်း၊ပို့ကုန်)

Pages

Subscribe to ပညာပေး/လှုပ်ရှားမှုများ