အရည်အသွေးကောင်း ဝါသီးနှံ စိုက်ပျိုးခြင်းဖြင့် ဝင်ငွေပိုမိုရရှိနိုင်

Mon, 01/10/2022 - 07:53 -- admin_ygn

ဝါသီးနှံကို မိုးကြိုရာသီ၊ မိုးရာသီနှင့် မိုးနှောင်းရာသီ များတွင် စိုက်ပျိုးနိုင်ပြီး မိုးကြိုရာသီတွင်  ဖေဖော်ဝါရီလလယ်မှ မတ်လအတွင်း၊ မိုးရာသီတွင် မေလလယ်မှ ဇွန်လ ကုန်အတွင်း မိုးနှောင်းရာသီတွင် ဇူလိုင်လလယ်မှ သြဂုတ်လအတွင်း စိုက် ပျိုးလေ့ရှိသည်။ ဝါစိုက်ပျိုးရာတွင် အထွက်နှုန်းနှင့် ဝါဂွမ်းမွေး အရည်အသွေးကောင်းသည့် ငွေချည် (၆)၊ ရွှေတောင်(၈) နှင့် ငွေချည်(၉) ဝါမျိုးစေ့များကို စိုက်ပျိုးသင့်သည်။ ငွေချည် (၆)၊ ရွှေတောင် (၈) ဝါမျိုးစေ့များသည် သီးကိုင်းရှည်သည့်အတွက် တန်းကြား သုံးပေ၊ ပင်ကြား သုံးပေထား၍ စိုက်ပျိုးနိုင်ပြီး ငွေချည် (၉) ဝါမျိုးများကို သီးကိုင်းတိုသည့်အတွက် တန်းကြား နှစ်ပေခွဲ၊ ပင်ကြား နှစ်ပေခွဲထား၍ စိုက်ပျိုး နိုင်သည်။ ဝါ အထွက် ကောင်း ရရှိစေရန် သဘာဝဓာတ်မြေသြဇာ၊ နွားချေး၊ မြေဆွေးနှင့် ဓာတ်မြေသြဇာများကို တွဲဖက်အသုံးပြု နိုင်ပြီး သဘာဝမြေသြဇာ နွားချေးသည် ဝါပင် အကြီး မြန်စေ ခြင်း၊ ရေအစိုဓာတ်ပိုမို ထိန်းသိမ်း နိုင်စေခြင်း၊  မြေတွင်းရှိ အာဟာရဓာတ်များကို စုပ်ယူလွယ်ခြင်းများကြောင့် နွားချေး နှင့် မြေဆွေးကို ဓာတ်မြေသြဇာအဖြစ် တွဲဖက်အသုံးပြုရန် အလွန်အရေးကြီးသည်။ဝါသီးနှံ သည်  ရေလုံလောက်မှုရရှိမှသာအထွက် ကောင်း ရရှိနိုင်မည်ဖြစ်ပြီး ပန်းစပွင့်ချိန်၊ ပန်းပွင့်ဖြိုင်ချိန်နှင့် ဝါသီး ကြီး ထွား ချိန်များ တွင် အစိုဓာတ်မလုံလောက်ပါက ရေ သွင်းပေးရန် လိုအပ်သည်။ ဝါ သီးနှံများတွင် ရောဂါကျရောက်မှုနည်းပါးစေရန်နှင့် ပိုးမွှားများ ဒဏ် မှ ကာကွယ် နိုင် ရန် သက် ဆိုင်ရာပိုးသတ်ဆေးများကိုလည်း  ရွေးချယ်ပက်ဖျန်းပေးရ မည်ဖြစ်သည်။
မကွေးတိုင်းဒေသကြီးတွင် မိုးကြိုဝါကို ဖေဖော်ဝါရီလ နှင့် မတ်လအတွင်း၊ မိုးဝါကို မေလလယ်မှ ဇွန်လအတွင်း၊ ချည်မျှင်ရှည်ဝါကို သြဂုတ်လမှစက်တင်ဘာလအတွင်း စိုက်ပျိုးကြပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဝါသီးနှံ စိုက် ပျိုးထုတ်လုပ်မှု ဧကမှာ ၁၄၁၁၇၇ စိုက်ပျိုးပြီး ၁၄၁၁၄၂ ဧက ခူးဆွတ်ရိတ် သိမ်းရာ တစ်ဧက ပျမ်းမျှအထွက်နှုန်း အနေဖြင့် ၄၆၆ ဒသမ ၅၇ ပိဿာထွက်ရှိပြီး စုစုပေါင်းပိဿာချိန်အားဖြင့်၆၅၈၅၂၅၉၆ ပိဿာထွက်ရှိ ကြောင်း သိရှိရသည်။
ဝါ တန်ဖိုးမြင့် ထုတ်ကုန်များအနေဖြင့် စီးပွားဖြစ် ထုတ် လုပ်နိုင်မှု မရှိသော်လည်း ဝါသီးနှံမှ ဝါဂွမ်းဖတ်အဖြစ် ထုတ် လုပ်ပြီး ထွက်ရှိသည့် ဝါဂွမ်းဖတ်များကို မန္တလေး ချည်မျှင် စက်ရုံ၊ ပလိပ်ချည်မျှင်စက်ရုံ၊ မိတ္ထီလာ ချည် မျှင်နှင့် အထည်စက်ရုံများ သို့ ရောင်းချလျက်ရှိပြီး အောင်လံ၊ တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက်နှင့်  ပခုက္ကူ မြို့နယ်များရှိ ဝါကြိတ်စက်ရုံများမှ စက်ရုံတစ်ရုံလျှင် တစ်နှစ်ပျမ်းမျှ ဝါ ပိဿာချိန် ရှစ်သိန်းမှ ၁၀ သိန်းအထိ ကြိတ်ခွဲနိုင်ပြီး ဝါသုံးပိဿာ ကြိတ်လျှင် ဝါဂွမ်းဖတ် တစ် ပိဿာ ထွက်ရှိကြောင်းလည်း သိရှိရသည်။ မကွေး တိုင်း ဒေသကြီးအတွင်း မြို့နယ်များတွင် ဝါအသင်းအဖွဲ့/အစုအဖွဲ့ များ ဖွဲ့စည်းထားရှိမှုအနေဖြင့် ဝါသီးနှံ စိုက် ပျိုး ထုတ်လုပ်သူ အစုအဖွဲ့ ၂၉ဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်ပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသေးစား၊ အလတ်စား စက်မှုလက်မှု လုပ်ငန်း ရှင်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရက်ကန်းလုပ်ငန်းရှင် အစုအဖွဲ့များလည်း ဖွဲ့စည်းပေးထားပြီး ရက်ကန်းလုပ်ငန်း အဓိကလုပ်ကိုင်နေသော မြို့နယ် ခြောက် မြို့နယ် တွင်လက်ရက်ကန်းအစုအဖွဲ့၁၆ ဖွဲ့၊စက်ရက်ကန်းအစုအဖွဲ့ လေးဖွဲ့ဖွဲ့စည်းပေးထားခဲ့ပြီး ဖြစ်သည်။ မကွေးတိုင်းဒေသကြီးတွင် ဝါများစိုက်ပျိုး၍ ဝါကြိတ်စက်များ ရှိသော် လည်း ဝါဂွမ်းဖတ်အထိသာ ထုတ်လုပ်နိုင်၍ အဆင့် အတန်းမီ ဝါချည်ထုတ်လုပ်သည့် စက်များ မရှိသည့်အတွက် အထည်ချုပ် လုပ်ငန်း ရှင်များအသင်း ဖွဲ့စည်း ထားခြင်း မရှိ သေးကြောင်း သိရှိရသည်။
ဝါနှင့် ဝါထွက်ပစ္စည်းလုပ်ငန်းရှင်များ၏ အတွေ့အကြုံ များအရ မကွေးတိုင်းဒေသကြီးတွင် ဝါကုန်ကြမ်းများထွက်ရှိပြီး နည်းပညာ အခက်အခဲများရှိ၍ ကုန်ချောအထိ မ ထုတ် လုပ်နိုင် ကြောင်း၊ ဝါနှင့် ဝါထွက်ပစ္စည်းကဏ္ဍ  ဖွံ့ဖြိုးတိုးတက်ပါက ဝါဂွမ်းမှသည် ကုန်ချောအထိထုတ်လုပ်၍ ပြည်ပဝင်ငွေ ရရှိ နိုင်ကြောင်း၊ နိုင်ငံတော်က စီမံချက် ချစိုက်ပျိုးသည့် ငွေချည် (၆)ဝါသည် စိုက်ပျိုးပြီး လေးနှစ်သက်တမ်း ကျော်လာသည့် အချိန်တွင်အထွက် နှုန်းနှင့် အရည်အသွေး ကျဆင်းလာ၍Raka (6661-6662) (B-31)  ဝါများ စိုက်ပျိုးလာသည့်အတွက် အထွက်နှုန်းနှင့် အရည်အသွေးကောင်းသော်လည်း ဝယ်ယူ ရောင်းချရာတွင် ဒဏ်ကြေး ငွေအခက်အခဲ များလည်းရှိ ကြောင်း သိရှိရသည်။မိမိတို့ရေမြေဒေသနှင့် ကိုက်ညီသော အထွက်နှုန်း မျိုး ကောင်း/မျိုးသန့်များကို စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ သို့   ဖြန့်ဖြူးပေးနိုင်ပါက အထွက်နှုန်း ကောင်းမွန်လာပြီး ဝင်ငွေများလည်း ပိုမိုရ ရှိ ကာ ဝါလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက် ၍  လူနေမှုအဆင့်အတန်းများလည်း မြင့်မားလာမည်ဖြစ် သည်။ နိုင်ငံတော်အစိုးရကလည်း ပြည်ပသွင်းကုန်များ လျှော့ ချနိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိရာ ပြည်တွင်းလယ် ယာထွက်ကုန်သီးနှံများ  ပိုမိုထုတ်လုပ်မှု မြင့်မား လာရေးအတွက် ဝါသီးနှံမှာလည်း အဓိကပါဝင်ခဲ့ရာ သက်ဆိုင်ရာ ဌာနများမှ ဝါစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် မျိုးကောင်း၊ မျိုးသန့်များနှင့် သွင်း အား စု များအတွက် ကွင်းဆင်း ဆောင်ရွက်ပံ့ပိုးပေးသည့်အပြင် ထွက်ရှိသော ဝါသီးနှံများကို ထုတ်လုပ်သူဝါလုပ်ငန်းရှင်(ဝါကြိတ်စက်ပိုင်ရှင်) အား အရည် အသွေးမီ ဝါဂွမ်း ဖတ်ထုတ်လုပ်နိုင်ရေးအားပေးကူညီ ဆောင်ရွက်လျက် ရှိသည့်အတွက် ၂၀၁၉-၂၀၂၀ခုနှစ်တွင် ဝါဂွမ်း ပေါ်စအချိန်၌ တစ်ပိဿာ ကျပ် ၁၁၅၀ နှင့် ၁၃၅၀ တို့ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ပြီး ၂၀၂၀-၂၀၂၁ ခုနှစ်တွင် တစ်ပိဿာ ကျပ် ၁၃၀ဝ နှင့် အရည်အသွေးကောင်းဝါများကို ကျပ် ၁၃၅၀ အထိ ဈေးပေး ဝယ်ယူနေသဖြင့်  ဝါဈေးနှုန်းကျဆင်းမှု မရှိ နိုင်ကြောင်းနှင့် ဝါသီးနှံများစိုက်ပျိုးခြင်းအားဖြင့် တောင်သူ များအတွက် ဝင်ငွေအခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
 စန္ဒာစိုးလွင်(စားသုံးသူရေးရာ-မကွေး)

Local Trade News

Pages