တစ်နှစ်ပတ်လုံးထွက်ရှိသည့် ငရုတ်သီးနှင့် ဈေးကွက်

Thu, 09/15/2022 - 07:55 -- admin_ygn

မြန်မာနိုင်ငံ၏ ငရုတ်စိုက်ပျိုးထုတ်လုပ်မှုသည် နေရာဒေသ အနှံ့တွင်  တစ်နှစ်ပတ်လုံး  ထွက်ရှိနေသည်ဟု  ဆိုရပါမည်။   ဒေသ အလိုက် ငရုတ်သီးပေါ်ချိန် ကွာခြားသကဲ့သို့ဈေးကွက်အတက်၊ အကျ ကလည်း  ငရုတ်သီးထွက်ရှိချိန် ကာလအလိုက်  ဖြစ်ပေါ်နေသည်။   ကြက်သွန်၊ ခရမ်းချဉ်၊ ငရုတ်တို့သည် ဈေးကွက် မတည်ငြိမ်သေးသော ဟင်းသီးဟင်းရွက်သီးနှံများ ဖြစ်ကြ သည်။
ငရုတ်အမျိုးအစား   အဓိကခွဲခြားရာတွင်    အရသာအနေဖြင့် အချိုမျိုး၊ အစပ်မျိုး နှစ်မျိုးရှိသည်။ အချို့ကလည်း ငရုတ်ဆိုတာ စပ်မှ ကြိုက်သည်။ ဆန့်ကျင်ဘက်အားဖြင့် ချိုသော ငရုတ်ကိုလည်း စားချင် ကြသေးသည်။ ငရုတ်သီးစပ်သည်မှာCapsicum  ဓာတ်ကြောင့်ဖြစ် သည်။ ငရုတ်မျိုးကို မူတည် ခွဲခြားလိုက်လျှင်   မိုးပေါ်ထောင်မတ်သီး သော မိုးမျှော်ငရုတ်ရှိသကဲ့သို့ အပင်မှအောက်ငိုက်သီးသော  ငရုတ် မျိုးရှိကြသည်။  တစ်ဖန် ငရုတ်သီး၏ပုံသဏ္ဌာန်ကို  မူတည်ပြီး ခွဲခြား မည်ဆိုပါက  ငရုတ်သီးအရှည်၊ ငရုတ်သီးအပု၊ ငရုတ်သီးအပွ လုံးဝိုင်း ပုံရှိသည်။ အချို့  ငရုတ်သီးမှာ လုံးဝိုင်း၍    သေးငယ်လွန်းလှသည်။ အချို့ငရုတ်သီးမှာ အရွယ်ကြီး၍ အသီးပွင့်သည်။ 
ငရုတ်သီးအရောင် ခွဲခြားကြည့်ပါက    အဖြူရောင်၊ ဆင်စွယ် ရောင်၊ အဝါနုရောင်၊ အဝါရင့်ရောင်၊ အစိမ်းရောင်ရှိကြသကဲ့သို့ မှည့် လျှင် နီရဲသော အရောင်၊ဝါဝါလွင်လွင်ရှိသောအရောင်နှင့်  ယခုအခါ ခရမ်းရောင်၊ အနက်ရောင် ငရုတ်သီးအထိ မျိုးလိုက်၍ အမျိုးမျိုး ပြော နိုင်ပါလိမ့်မည်။ အကောင်းဆုံး မြေမှာ  သဲနုန်းမြေဖြစ်သည်။  ရာသီ ဥတုမှာပူနွေးမှုကြိုက်သည်။ မိုးရေချိန်မှာ မိုးများ ရေဝပ်လျှင် မကြိုက်။ မိုးရေချိန်လက်မ ၃၀ မှ လက်မ ၅၀ဆိုလျှင် ငရုတ်ပင် စိုက်ပျိုး၍ ဖြစ် ထွန်းသည်။   ငရုတ် စိုက်ပျိုးသော ဒေသအများစုသည်  ပူပြင်းသော အညာနှင့် မြေလတ်ဒေသဖြစ်ကြသော်လည်း   အလွန်ပူပြင်းသော အချိန်ကာလများတွင်    အပွင့်၊  အသီး ဖြစ်ထွန်းမှု   နည်းပါးသည်။ အကောင်းဆုံးအပူချိန်မှာ  ၂၀ ဒီဂရီစင်တီဂရိတ်နှင့်  ၃၀ ဒီဂရီ စင်တီ ဂရိတ်ဖြစ်ပြီး ၁၅ဒီဂရီစင်တီဂရိတ်ထက် နိမ့်လျှင်ဖြစ်လျှင် ဖြစ်စေ၊ ၃၂ ဒီဂရီစင်တီဂရိတ်ထက်  များလျှင်ဖြစ်စေ  အပင်မသန်၊ အသီးထွက် နည်းသည်။
ထို့ကြောင့်လည်း   အညာနှင့်မြေလတ်ဒေသတွင်    နွေ၊ မိုး၊ ဆောင်း၊ မိုးကြို၊ နွေကြို၊ ဆောင်းနှောင်း စိုက်ပျိုးကြသော်လည်းမိုးများ သော မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် မိုးရာသီ မစိုက်ပျိုးကြဘဲ ဆောင်းရာသီမှာ စိုက်ပျိုးကြသည်။ ဒေသအလိုက်  ငရုတ်စိုက်ပျိုးချိန် မှာ မိုးကြိုငရုတ်ကို ဖေဖော်ဝါရီနှင့်မတ်လတို့တွင် ပျိုးထောင်၍ ဧပြီ နှင့် မေလတို့တွင် စိုက်ကြပြီး ဇူလိုင်နှင့် သြဂုတ်လတို့တွင် ခူးဆွတ်ကြ သည်။ ဆောင်းငရုတ်ကို အောက်တိုဘာလတွင် ပျိုးထောင်၍ နိုဝင် ဘာနှင့် ဒီဇင်ဘာလတို့တွင် စိုက်ပျိုးကြပြီး ဖေဖော်ဝါရီနှင့်  မတ်လတို့ တွင် ခူးဆွတ်ကြသည်။ ငရုတ်ကို ပျိုးထောင် စိုက်ပျိုးကြသလို ပျိုးပင် ဝယ်၍လည်း စိုက်ပျိုးကြသည်။
တစ်ခါတစ်ရံ ငရုတ်ဈေးကလည်း ကောင်းမည်။ စိုက်ပျိုးသူက လည်း များပြီဆိုလျှင် ငရုတ်မျိုးစေ့ဈေးကြီးပေးဝယ်ရပြီး လိုသလောက် ဝယ်မရခြင်းမျိုးရှိသည်။ငရုတ်မျိုးများစွာ၊ မျိုးကောင်းမျိုးသန့် များစွာ ပြည်ပမျိုးများရှိကြသည်။   ရွှေငရုတ်၊ မိသားစု၊ သာမို၊ မောင်းတိန်း၊ ထိုင်ဝမ်၊ တောင်သုံးလုံး  စသည်ဖြင့် အမည်မှည့်ခေါ်ကြသည်။ ငရုတ် စိုက်ပျိုးမှု များပြားသော အချို့တိုင်းဒေသကြီးများတွင် ငရုတ်စိုက်ပျိုး ဧက သောင်းဂဏန်းရှိ၍ အထွက်ပိဿာချိန် သိန်းရာကျော်  ရှိကြ သည်။ စိုက်ပျိုးမှု နည်းသည်၊ များသည်မှာ ဝယ်လိုအား ဈေးကွက်ပေါ် မူတည်နေသည်။
ထို့ကြောင့် ငရုတ်သီးဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက် ရေးကို ဆောင်ရွက်နေကြသော အသင်းအဖွဲ့များရှိပြီး စံချိန်မီ၊ အရည် အသွေးကောင်းသည့် လုံခြုံစိတ်ချရသော    အထူးသဖြင့် မှိုရောဂါ (အဖရာတော့ဆင်-ဘီဝမ်း)ကင်းသည့် ငရုတ်သီးများရရှိရန်  ဂျီအေပီ (စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း) နည်းပညာပေး ဆောင် ရွက်နေကြရသည်။    မှိုဆိပ်ပါဝင်မှုသည်   မြေပဲနှင့်ငရုတ်သီးတွင် အများဆုံး ပါဝင်မှုရှိနေသဖြင့် စိုက်ပျိုးသောစနစ်၊ စိုက်ပျိုးသောမြေမျိုး ပြုစုမှုတွင် အဓိကဖြစ်သည်။ မှိုဆိပ်သည်   စိုက်ခင်းမှစ၍ ပါဝင်နိုင် သည်။
ငရုတ်သီးအစိုနှင့် ငရုတ်သီးအခြောက်ဈေးကွက်၌  ငရုတ်သီး အခြောက်တွင် မှိုဆိပ်များစွာ  ပါဝင်နေကြသည်။  အဖရာတော့ဆင် သည်  ပြောင်း၊ ငရုတ်ကောင်း၊ နနွင်း၊ ပဲ၊ နေကြာတို့တွင်လည်း ပါရှိနိုင် သော်လည်း မြေပဲနှင့်ငရုတ်တွင်  အများဆုံးပါရှိသည်ဟု သိရသည်။ မှိုဆိပ်ပါဝင်မှုမှာ အပူချိန်နှင့်စိုထိုင်းဆအပေါ်  မူတည်နေသည်။  မြေ၊ မျိုး၊ ပျိုး၊ သိုလှောင်မှုစနစ်တို့ကြောင့်လည်း ပါနိုင်သည်။ ငရုတ်သီးမှုန့် နှင့် အရောင်တင်မှုန့်တွင် အဖရာ‌တော့ဆင်ပါဝင်မှု 20ppb ထက်များ လျှင် အန္တရာယ်ရှိသည်ဟု ကျန်းမာရေးရှုထောင့်က သတ်မှတ်သည်။ မှိုဆိပ်ကင်းသော ငရုတ်သီးဖြစ်ရန်    စိုက်ပျိုးသူတောင်သူများက ဂျီအေပီ စိုက်ပျိုးမှု အလေ့အကျင့် ဆောင်ရွက်ကြရပါမည်။ ဤသည် မှာ ပထမဆုံး ဂရုပြုရမည့်လုပ်ငန်းဖြစ်သည်။
ငရုတ်သီးခူးဆွတ်ပြီးလျှင်  ခြောက်သွေ့အောင်  နေလှန်းရမည်။ မြေကြီးပေါ်တွင် အခင်းအကာမပါဘဲ  နေလှန်းမှု၊ အခြောက်ခံစက်ဖြင့် အချိန်တိုတိုအတွင်း အခြောက်မခံနိုင်မှု၊ ပတ်ဝန်းကျင် စိုထိုင်းဆနည်း အောင် ပြုလုပ်မပေးနိုင်မှု၊ ခြောက်သွေ့သောအပူချိန် မရရှိမှု၊နေလှန်း ချိန် ကြာမြင့်မှုတို့ကြောင့်  မှိုအဆိပ်ဖြစ်ကြသည်ဟု သုံးသပ်ကြသည်။ ငရုတ်သီး၏ဈေးကွက်အားသာချက်မှာအစိုဈေးမကောင်းလျှင်အသီး ကို အပင်မှာထား၍ အမှည့်ခံခူးပြီး အခြောက်ခံ ရောင်းချနိုင်သည်။
ငရုတ်စိုက်ခင်း တစ်ဧက ခူးဆွတ်သူ ၁၂ ဦးဖြင့် ငါးရက်တစ်ကြိမ် ခူးကြသည်။ ငရုတ်သီးဈေးကောင်းလျှင်  စစ်ကိုင်းတိုင်းဒေသကြီးထဲမှ သခွားမွှေးစိုက်ခင်းများတွင် ငရုတ်သီးညှပ်ထည့်ပြီး  စိုက်ကြသေး သည်။ ချောင်းဦး၊ မုံရွာ၊ ဘုတလင်ဒေသတို့၌    ဆောင်းရာသီစိုက် သခွားခင်းထဲ၌ ငရုတ်ပင်သီးညှပ်စိုက်ကြလေ့ရှိသည်။ ဒေသငရုတ်မျိုး၊ ပြည်ပငရုတ်မျိုးစုံ စိုက်ပျိုးကြသည်။ နှစ်ပတ်တစ်ကြိမ်  ငရုတ်သီးအစို ခူးယူကြသည်။ အမှည့်သီးကို တစ်လကြာထားပြီးမှ ခူးဆွတ်ကြသည်။
ငရုတ်သီးစိမ်းဈေးကွက်သည်  စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ၊ ချောင်းဦး၊ မြောင်၊ ဘုတလင်ဒေသတို့တွင် များပြား၍ ငရုတ်သီး ခြောက်ဈေးကွက်သည်  မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်း၊ ကူမဲ၊ ကျောက်ဆည်ဒေသတို့တွင် ပိုများသည်။
ငရုတ်သီး၏ ပြည်ပဈေးကွက်သည် ကလေး၊ တမူးမှ  အိန္ဒိယသို့ တစ်လမ်း၊ မင်းဘူး၊ တောင်ကုတ်မှ   ရခိုင်ပြည်နယ်၊ ဘင်္ဂလားဒေ့ရှ်သို့ တစ်လမ်း၊ မန္တလေး၊ မူဆယ်မှတရုတ်သို့ တစ်လမ်းရှိသည်ဟု ဈေး ကွက်မှ သိရှိရသည်။
ငရုတ်ပျိုးခင်းတွင် ခါးရိရောဂါ၊ ပင်ညှိုးရောဂါ  ကျတတ်သည့် ငရုတ်ပင်တွင်ကျသော သရစ်ပိုးမှာ   ငရုတ်နှင့် ကြက်သွန်နီ  သီးညှပ် စိုက်လျှင် ပြောင်းစိုက်ပျိုးပြီး ငရုတ်ထပ်မံစိုက်လျှင်  ကျလေ့ရှိသည်။ ငရုတ်ခူးမည်ဆိုပါက အသီးအရွယ်   ပုံမှန်ရောက်ရှိချိန်၊ အစိမ်းခူးက အစိမ်းရောင်ရင့်ချိန် အခြောက်ခံမည်ဆိုပါက   အနီရောင်မှည့်ချိန် ခူးရသည်။ များသောအားဖြင့်   ငါးရက်တစ်ကြိမ်    ခူးလေ့ရှိသည်။ ငရုတ်သီးအခြောက်ခံရာတွင် ရေနွေးပူဖြင့် ရေနွေးဖြော  အခြောက်ခံ ခြင်းမှာ မှိုပါဝင်မှု ကင်းရန်ထက် ငရုတ်သီးခြောက် အရောင်လှအောင် ပြုလုပ်ခြင်းဖြစ်သည်။
များသောအားဖြင့် အခွံပွသော ငရုတ်မျိုး၊ အတောင့်ကြီးသော ငရုတ်မျိုး၊ ငရုတ်ချိုမျိုးများကို ရေနွေးဖြော အခြောက်ခံတတ်ကြပြီး အခွံပါး အတောင့်သေး ငရုတ်မျိုးကို  နေလှန်းအခြောက်ခံကြသည်။ တစ်ဧက ငရုတ်သီးခြောက်    ပိဿာ ၃၀ဝ ကျော်ထွက်ရှိပြီး   အစိုမှာ အခြောက်ထက် လေးဆပိုထွက်သည်။မျိုးစေ့အဖြစ် ထားလိုလျှင် ရင့် မှည့်မှခူးကြရပြီး အသီးစိုမှမျိုးစေ့ထုတ်ယူ၍  အရိပ်ထဲတွင် အခြောက် ခံရသည်။ ယခုအခါ စနစ်တကျ စိုက်ပျိုးလျှင် တစ်ဧက ငရုတ်သီးအစို ပိဿာ ၃၀ဝ၀ မှ ပိဿာ  ၄၀ဝ၀၊ ငရုတ်သီးခြောက်   ပိဿာ ၄၀ဝ၊ ပိဿာ ၆၀ဝ ထွက်ရှိသော ငရုတ်သီး မျိုးကောင်းမျိုးသန့်များ စိုက် ပျိုးလျက်ရှိနေကြသည်။
 

Local Trade News

Pages