ငွေလဲနှုန်းထား အပြောင်းအလဲမရှိသည့်အတွက် ပြောင်းဈေးနှုန်း ဆက်လက်တည်ငြိမ်နိုင်

Wed, 12/29/2021 - 07:26 -- admin_ygn

ပြည်တွင်း ပြောင်းဈေးကွက်တွင် ပို့ကုန်ဝယ်လိုအား  အခြေ အနေကောင်းများရှိသော်လည်း   နိုင်ငံခြားငွေလဲလှယ်နှုန်းထားများ တည်ငြိမ်နေခြင်းကြောင့် ပြောင်းဈေးနှုန်းမှာ  လက်ရှိအနေအထား ထက် ဈေးမြင့်တက်နိုင်ခြင်းမရှိသေးဘဲ ဆက်လက်တည်ငြိမ်နေမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ  ပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းချသူများ အသင်းမှ သိရသည်။
    ယခု ၂၀၂၁ခုနှစ်   ပြောင်းရာသီတွင် ထိုင်းနိုင်ငံသို့  နယ်စပ်မှ တင်ပို့ရန်နှင့် အခြားနိုင်ငံများသို့ ပင်လယ်ရေကြောင်းမှ  တင်ပို့ရန် တို့အတွက် အပြိုင်ဝယ်ယူမှုရှိနေသောကြောင့် ပြောင်း တစ်တန်လျှင် ၂၆၅ ဒေါ်လာဖြင့် ယခင်နှစ်ထက် ဈေးပိုမိုရရှိနေသော်လည်း လက်ရှိ အမေရိကန်ဒေါ်လာ ငွေလဲနှုန်းထားမှာ    တစ်ဒေါ်လာလျှင် ကျပ် ၁၈၀ဝ ဝန်းကျင်သာရှိသောကြောင့် ပြည်တွင်းဈေးကွက်တွင် ပို့ကုန် ပြောင်းဈေးမှာ ထူးခြားစွာမြင့်တက်လာရန်မရှိကြောင်း သိရသည်။
  တရုတ်နိုင်ငံသို့ ပြောင်းတင်ပို့မှုတွင် ပုံမှန်ကုန်သွယ်မှုအပြောင်း အလဲအပြင် ခွင့်ပြုကုမ္ပဏီများ၏ တင်ပို့နိုင်မှုမှာလည်း မြဝတီနယ်စပ် မှတင်ပို့မှုထက် လျော့နည်းလျက်ရှိသည်ဟု ဆိုသည် နယ်စပ်ကုန်သွယ်ရေးနည်းလမ်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ တင် ပို့မှု၊ ပင်လယ်ရေကြောင်းမှ   အခြားသော နိုင်ငံများသို့ တင်ပို့မှုနှင့် ပြည်တွင်းရှိ အစာစက်ရုံများ၏ဝယ်လိုအား  အခြေအနေများကသာ ပြည်တွင်း ပြောင်းဈေးကွက်ကို မြင့်မားစေနိုင်သည့်အချက်များဖြစ်ကြောင်း သိရသည်ပြည်ပသို့ မြန်မာ့ပြောင်းများ တင်ပို့ရာတွင် လက်ရှိ၌ အနည်းဆုံး တစ်တန်အထိ တင်ပို့ကြပြီး ဈေးနှုန်းမှာ   ခန့်မှန်းအားဖြင့် ကျပ်သိန်း ၂၅၀ ဝန်းကျင်ရှိ ကာ အစိုဓာတ်ပေါ်မူတည်၍ ဈေးနှုန်းကွာဟချက်များ ရှိကြောင်း သိရသည်။
    အဆိုပါ  ပြောင်းသီးနှံကို မြန်မာနိုင်ငံ၌ ရာသီ သုံးမျိုးစလုံးတွင် စိုက်ပျိုးလျက်ရှိကာ စိုက်ပျိုးပြီး လေးလခန့်အကြာတွင်  ခူးဆွတ်ချိန် ရောက်ရှိသောကြောင့် ထိုခူးဆွတ်ထားသည့် ပြောင်းများအား  နေ လှန်းအခြောက်ခံခြင်းများနှင့် ချွေလှေ့ခြင်းများ ပြုလုပ်ရသည့်အတွက် လုပ်ငန်းစဉ်အားဖြင့် ငါးလခန့်ကြာမြင့်ကြောင်း သိရသည်။   မြန်မာ နိုင်ငံအတွင်း ယခုနှစ်  ပြောင်းစိုက်ပျိုးချိန်၌   ကိုဗစ်(၁၉)ကပ်ရောဂါ ကူးစက်မှုမြင့်မားနေခဲ့ခြင်းအပြင် သွင်းအားစု မျိုးမြေဆီများ  ဈေးနှုန်း မြင့်တက်နေမှုကြောင့်ပြောင်းစိုက်ပျိုးမှုလျော့ကျခဲ့ကြောင်းသိရသည်။
    လက်ရှိ ပြည်တွင်းဈေးကွက်အတွင်း    ပြောင်းတစ်ပိဿာလျှင် ရန်ကုန်အရောက်ဈေး ကျပ် ၆၅၀ ဝန်းကျင် ပေါက်ဈေးရှိနေပြီး တောင်သူဈေးမှာ ကျပ် ၃၀ဝမှ ၄၀ဝ ဝန်းကျင်ရှိကြောင်းသိရသည်။

Local Trade News

Pages