ဗီယက်နမ်နိုင်ငံသည် အရှေ့တောင်အာရှ၌ E-commerce ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံးနိုင်ငံအဖြစ် သတ်မှတ်ခြင်းခံရပါသည်။ ထို့ကြောင့် E-commerce ပလက်ဖောင်းများ၌ အခွန်စီမံခန့်ခွဲမှု၊ ကုန်စည်အရည်အသွေးစီမံခန့်ခွဲမှုနှင့် မသမာမှုကင်းရှင်းရေးတို့အတွက် လိုအပ်ချက်များ မြင့်မားလာပါသည်။
ဗီယက်နမ် ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး Ho Duc Phoc က နိုင်ငံ၏ E-commerce ကဏ္ဍမှ စုစုပေါင်းဝင်ငွေသည် ယမန်နှစ်က အမေရိကန်ဒေါ်လာ ၂၀.၅ ဘီလီယံ ရရှိခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၀.၅ ဘီလီယံအထိ ရရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဘဏ္ဍာရေးဝန်ကြီးဌာန (MOF) မှ ကိုယ်စားလှယ်တစ်ဦး၏အဆိုအရ ပြီးခဲ့သည့် ၂ နှစ်အတွင်း E-commerce လုပ်ငန်းများ လုပ်ကိုင်သည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များမှ အခွန်ကောက်ခံ ရငွေသည် ၂၀၂၂ ခုနှစ်တွင် ဗီယက်နမ်ဒေါင် (VND) ၈၃ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃.၄၂ သန်း) နှင့် ၂၀၂၃ ခုနှစ်က VND ၉၇ ထရီလီယံဖြစ်ကြောင်း၊ ယခုနှစ် ပထမ ၆ လအတွင်း ဗီယက်နမ် ဒေါင် (VND) ၁.၉၈ ကွာဒွီလီယံ (quadrillion) ရှိခဲ့ကြောင်း၊ ဗီယက်နမ်တွင် နိုင်ငံခြားသား လုပ်ငန်းရှင် ၂၆ ဦးက မှတ်ပုံတင်ပြီး အခွန်ပေးဆောင်ခဲ့ကြောင်းပြောကြားခဲ့သည်။
အစိုးရ၏လမ်းညွှန်ချက်ကို အကောင်အထည်ဖော်ရန် အခွန်ဦးစီးဌာနက ပြည်နယ်နှင့် မြို့တော်များရှိ အခွန်ဌာနများအား အခွန်ကောက်ခံမှုများကို တင်းကြပ်စွာ စီမံခန့်ခွဲရန် ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ပါသည်။ ထို့ပြင် အခွန်အာဏာပိုင်များက E-commerce အချက်အလက်များကို ပြန်လည်ရှာဖွေသုံးသပ်ပြီး အချက်အလက်များ ထပ်မံထည့်သွင်းခြင်း၊ ပလက်ဖောင်းမှရရှိသော အချက်အလက်များ၏ အရည်အသွေးကို ပြန်လည်သုံးသပ်ခြင်း၊ E-commerce လုပ်ငန်းများအား စုံစမ်းစစ်ဆေးခြင်း၊ ဆက်သွယ်ရေးနှင့် နယ်စပ်ဖြတ်ကျော် ပလပ်ဖောင်းများ၌ အွန်လိုင်းကြော်ငြာများအတွက် ဒစ်ဂျစ်တယ်အကြောင်းအရာ ဖန်တီးခြင်းမှရရှိသော ဝင်ငွေတို့အပေါ် အခွန်စီမံခန့်ခွဲမှု များ ပိုမိုခိုင်မာစေခြင်း၊ လူမှုကွန်ယက်များမှတဆင့် တိုက်ရိုက် (လိုက်ဖ်ဖြင့်) ဈေးရောင်းချသည့် အဖွဲ့အစည်းအများ၊ လူပုဂ္ဂိုလ်များ၏ အချက်အလက်များအား ပြန်လည်သုံးသပ်ခြင်း၊ ဝန်ကြီး ဌာနများ၊ ဌာနခွဲများအကြား ဆက်သွယ်ဆောင်ရွက်မှုနှင့် အချက်အလက်များ မျှဝေရာတွင် စံချိန် စံညွှန်းနှင့် စည်းမျဉ်းများ တပြေးညီဖြစ်ရေး ပူးပေါင်းဆောင်ရွက်ခြင်း၊ ပြည်သူ့လုံခြုံရေးဝန်ကြီး ဌာန၏ အချက်အလက် ၉၀ % ကျော်ကို ပြန်လည်စိစစ်ပြီး အခွန်ကုဒ်ဖြင့် အချက်အလက်များ ပြောင်းလဲနိုင်ခြင်း၊ အခွန်စီမံခန့်ခွဲမှု ပလက်ဖောင်းတွင် နိုင်ငံသားများအား ဗီယက်နမ် eID အသုံးပြုစေနိုင်ခြင်း၊ E-commerce ဝန်ဆောင်မှုများ ပံ့ပိုးပေးသည့် စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ဗီယက်နမ် ဗဟိုဘဏ်တို့မှ အချက်အလက်များအား မျှဝေပေးခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါသည်။
သို့သော် E-commerce လုပ်ငန်းဆောင်ရွက်သည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား သတ်မှတ် ဖော်ထုတ်ခြင်းနှင့် စစ်မှန်ကြောင်းစစ်ဆေးခြင်းတို့တွင် စိန်ခေါ်မှုများ ရှိနေဆဲဖြစ်ပြီး အထူးသဖြင့် လိုက်ဖ်ဖြင့် ဈေးရောင်းသူများသည် အမည်မသိ (anonymous)အဖြစ် ဆောင်ရွက်ကြသောကြောင့် ၎င်းတို့ကို ဖော်ထုတ်ရန် ခက်ခဲလျက်ရှိပါသည်။
အမျိုးသားလူဦးရေအချက်အလက်ဌာနသည် ဝန်ကြီးဌာနများ၊ ဌာနခွဲများ၊ အိမ်ထောင်စုစာရင်းမှတ်တမ်းတင်ဌာန၊ အခွန်ဌာန၊ ဘဏ်၊ ဆက်သွယ်ရေး စသည့်ဌာနများနှင့် ချိတ်ဆက်ထားပြီး စိစစ်ဖော်ထုတ်ခြင်းကို ဆောင်ရွက်နေပါသည်။
အခွန်ဦးစီးဌာန၏ ညွှန်ကြားရေးမှူး Nguyen Thi Lan Anh က အခွန်အာဏာပိုင်များသည် E-commerce လုပ်ငန်းများတွင် ပါဝင်သည့် အခွန်ထမ်းများအတွက် ပံ့ပိုးမှုနှင့်လမ်းညွှန်မှုများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး လိုက်ဖ်ဖြင့် တိုက်ရိုက်ထုတ်လွှင့် ရောင်းချသူများအား ဥပဒေ နှင့်အညီ ကြေညာပြီး အခွန်ပေးဆောင်ရန် ပြောကြားခဲ့သည်။
အခွန်ဌာနအနေဖြင့် ပြည်တွင်း/ပြည်ပ E-commerceပလက်ဖောင်းများမှတဆင့် စီးပွားရေးလုပ်ကိုင်နေသူများအား အခွန်ပေးဆောင်ရေး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ၎င်းတို့အဆင်ပြေစေရေးအတွက် အီလက်ထရွန်းနစ်အချက်အလက်ပေါ်တယ်တစ်ခု ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရင်းမြစ်။ ဗီယက်နမ်သတင်းဌာန (VNA)