နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုကို ၂၀ % တိုးမြှင့်ရန် ရည်ရွယ်ထားသော ထိုင်းနိုင်ငံ

Wed, 10/18/2023 - 04:41 -- wtodep

ထိုင်းနိုင်ငံ ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ၂၀၂၄ ခုနှစ်အတွက် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုပမာဏကို ယခုနှစ်ခန့်မှန်းပမာဏထိုင်းဘတ် ၁ ထရီလီယံထက် ၂၀ %  ပိုမို၍ ထိုင်းဘတ် ၁.၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃၂.၃ ဘီလီယံ) ရရှိရန် ရည်မှန်းထားပါသည်။

ဒုတိယဝန်ကြီး NapintornSrisunpang က အဆိုပါရည်မှန်းချက်ရရှိရန် ဝန်ကြီးဌာနအနေဖြင့် ကျေးလက်ထုတ်ကုန်မျိုးစုံ၊ ပထဝီဝင် နေရာပြထုတ်ကုန်(geographical indication products) နှင့် franchisesများအား မြှင့်တင်ရန် စီမံထားကြောင်း၊ ပြပွဲများနှင့် စီးပွားရေးလုပ်ငန်း တွေ့ဆုံပွဲများ ကျင်းပပေးခြင်း၊ ကုန်သွယ်မှုအတားအဆီးများ လျှော့ချရေးမဟာဗျူဟာများချမှတ်နိုင်ရန် အိမ်နီးချင်းနိုင်ငံများမှ အရာထမ်းများ ၊ နိုင်ငံခြားကုန်သွယ်မှုဆိုင်ရာအသင်းအဖွဲ့များနှင့် တွေ့ဆုံနိုင်မည့် ပလက်ဖောင်းများ ဖော်ဆောင်ပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက နယ်စပ်ကုန်သွယ်မှုတိုးမြှင့်ရေးလုပ်ငန်းများက အဓိကနယ်စပ် ကုန်သွယ်မှုဒေသများဖြစ်သည့် ချင်းရိုင် ၊ မဲဆောက် ၊ ဆုန်ခလာ (Songkhla) ၊ နောင်ခိုင် (NongKhai)၊ ဆူရင် (Surin) နှင့် ဘူရီရမ် (Buriram) ဒေသများတွင် ဦးဆုံးစတင်သွားရန် စီစဉ်ထားကြောင်း ၊ အိမ်နီးချင်းနိုင်ငံအချို့တွင် စီးပွားရေးဆိုင်ရာစိန်ခေါ်မှုများရှိသော်လည်း ထိုင်းစားသုံးကုန်များ၏ အရည်အသွေးနှင့် ဈေးနှုန်းချိုသာမှုတို့ကြောင့် နာမည်ကောင်းရှိပြီးဖြစ်၍ အလားအလာကောင်းများရှိသည်ဟု ယုံကြည်ပါကြောင်း၊ ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံနှင့်လည်း ကုန်သွယ်မှုတိုးမြှင့်သွားမည်ဖြစ်ကြောင်း၊ အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ၏ တိုးတက်မှုနှင့် ပို့ကုန်တင်ပို့နိုင်မှုသည် အရေးကြီးကြောင်း၊ ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ထားသော အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း ၂ သန်း အနက် ၉ သိန်းသာ လုပ်ငန်းလည်ပတ်နေကြောင်း၊ ပြီးခဲ့သည့်နှစ်အတွင်းအသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ၏ ပို့ကုန်မှရငွေသည် ၆ % ခန့် လျော့နည်းခဲ့ကြောင်း ၊ ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ပြည်တွင်းအသားတင်ထုတ်ကုန်တွင် အသေးစားနှင့် အလတ်စားလုပ်ငန်းများ၏ ပါဝင်မှုသည် ၄၀% မှ ၅၀% ထိရှိ သော်လည်းထိုင်းနိုင်ငံ၏ ပြည်တွင်း အသားတင်ထုတ်ကုန်တွင် အသေးစားနှင့်အလတ်စား လုပ်ငန်းများ၏ ပါဝင်မှုသည် ၃၄ % သာရှိသောကြောင့် ၃၅.၂ %ထိ ပါဝင်နိုင်ရန် ရည်မှန်းထားပါကြောင်းတို့ကို ပြောကြားခဲ့ပါသည်။

Source :        Vietnamplusu

International Trade News

Pages