Amata Holding အများပိုင်ကုမ္ပဏီက တန်ဖိုးနည်း ဟိုတယ် လေးခုကို သုံးနှစ်အတွင်း တိုးချဲ့ ဖွင့်လှစ်မည်

Mon, 02/01/2021 - 09:17 -- admin_ygn

ရန်ကုန် စတော့အိပ်ချိန်း၏ စာရင်းဝင်ကုမ္ပဏီတစ်ခု ဖြစ်လာသည့် Amata Holding Public ကုမ္ပဏီအနေ ဖြင့် အောင်မြင်လျက်ရှိသော ဟိုတယ် လုပ်ငန်း၏အားသာချက်များကို ရယူ၍ ပြည်ပခရီးသည်များသာမက ပြည်တွင်း ခရီးသည်များပါ တည်းခို နိုင်မည့် ဈေး နှုန်းသက်သာသော တန်ဖိုးနည်း ဟို တယ်  (Budget Hotel) လေးခုကို  Awinka အမည်ဖြင့်သုံးနှစ်အတွင်း တိုး ချဲ့ဖွင့်လှစ်သွားမည်ကြောင်းအဆိုပါ ကုမ္ပဏီက သတင်းထုတ်ပြန်သည်။ Amata သည်  အများနှင့်သက် ဆိုင်သော  ဟိုး(လ်)ဒင်း  ကုမ္ပဏီတစ်ခုဖြစ်ပြီး အဓိကစီးပွားရေးလုပ်ငန်းမှာ အပန်းဖြေဟိုတယ်များ စီမံလည်ပတ် ဆောင်ရွက်ခြင်းနှင့် လူစီးမီးပုံးပျံ ဝန်ဆောင်မှုလုပ်ငန်းဖြစ်ပြီး  United International Group Ltd (UIG) ၏ အစုရှယ်ယာ ၉၉ ဒသမ ၉၉ ရာခိုင်နှုန်း နှင့် Myanmar Ballooning Co., Ltd. (MB) ၏ အစုရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ပိုင်ဆိုင်ကြောင်းသိရသည်။
Amata Hotel Group သည် အလယ်အလတ်အဆင့်နှင့် အဆင်မြင့် ဟိုတယ်များ၊ လူစီးမီးပုံးပျံလုပ်ငန်းများကို လည်ပတ်နေပြီး မြန်မာနိုင်ငံအတွင်း အတွေ့အကြုံ ၁၇နှစ် ကျော်ရှိ အမြတ်အစွန်းများ ရရှိနေသော ဟိုတယ်လုပ်ငန်းအုပ်စုတစ်ခုဖြစ်ကြောင်း သိရ သည်။ ကုမ္ပဏီ၏လုပ်ငန်းခွဲတစ်ခုဖြစ်သော မြန်မာဘလွန်းနင်း  ကုမ္ပဏီလီမိ တက် (Myanmar Ballooning Co., Ltd) မှ   လွန်ခဲ့သောသုံးနှစ်အတွင်း အမေရိကန်ဒေါ်လာ ကိုးသိန်းကျော် အား အမြတ်ဝေစုအဖြစ် တွက်ပေးခဲ့ပြီး နောင်တွင်လည်း  ဆက်လက် တိုးမြှင့် ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ ၂၀ဝ၃ ခုနှစ်တွင် Amata အမှတ် တံဆိပ်အောက်၌ Amata Resort & Spa (ငပလီကမ်းခြေ)ကို စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၁ခုနှစ်တွင်“My Bagan Residence” by Amata ကို ပုဂံဒေသ၌   ဖွင့်လှစ်ခဲ့ ကြောင်းသိရသည်။
၂၀၁၃ ခုနှစ်တွင် အင်းလေးကန် ဒေသ၌ Amata Garden Resort ကို ထပ်မံတည်ထောင်ဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် အခန်း(၉၃)ခန်း ထပ်မံတိုးချဲ့ခဲ့ကြောင်း သိရသည်။ အများပိုင်ကုမ္ပဏီအောက်ရှိ ဟိုတယ်လုပ်ငန်း များအပြင်  ခရီးသွား လုပ်ငန်း၏ ဆက်စပ်လုပ်ငန်းများဖြစ်သော ခရီးသွားဝန်ဆောင်မှုလုပ်ငန်း၊ စားသောက်ဆိုင်နှင့် အဖျော်ယမကာ ရောင်းချခြင်းလုပ်ငန်း၊ Spa & Wellness Center များ ဖွင့်လှစ်ခြင်းများကို တိုးချဲ့ လုပ်ကိုင်၍ သုံးနှစ်မှ ငါးနှစ်အတွင်း မြန်မာနိုင်ငံ၏ အကြီးဆုံး ခရီးသွားလုပ်ငန်းကုမ္ပဏီ အုပ်စုတစ်ခုဖြစ်လာရန် မျှော်မှန်းဆောင်ရွက်နေကြောင်း  သိရသည်။

 

ပန်းဆု

Local Trade News

Pages