မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂) သို့ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တက်ရောက်အမှာစကားပြောကြား

Fri, 12/09/2022 - 10:36 -- egovernment

နေပြည်တော်၊ ဒီဇင်ဘာ ၉       ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၂)၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂) သို့ မြန်မာ နိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကားပြောကြားခဲ့သည်။

          ကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် စားသုံးသူကာကွယ်ရေးဥပဒေတွင် စားသုံး သူအခွင့်အရေး ၈ ရပ်ကို ပြဋ္ဌာန်းထားသော်လည်း ယနေ့ခေတ်ကာလနှင့်အညီ ပြောင်းလဲတိုးတက် နေသည်နှင့်အမျှ စားသုံးသူအခွင့်အရေးများသည် တိုးတက်ကျယ်ပြန့်မှုများရှိလာကြောင်း၊ စားသုံး သူအခွင့်အရေးများသည် တိုးတက်ကျယ်ပြန့်လာသကဲ့သို့ တစ်ဖက်တွင်လည်း စားသုံးသူများလိုက် နာရမည့် တာဝန်များသည်လည်း ကျယ်ပြန့်လာသည်ကိုတွေ့ရှိရပါကြောင်း၊ သို့သော်လည်း မိမိနိုင်ငံ တွင် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူများလိုက်နာရမည့် တာဝန်များကို စားသုံးသူအများစုက သိရှိခြင်း မရှိသေးသည့်အတွက် စားသုံးသူအသိပညာပေးရေးကိစ္စများကိုလည်း ကော်မရှင်အနေဖြင့် ဦးစားပေးကဏ္ဍအနေဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စားသုံးသူရေးရာကော် မတီများကို ဖွဲ့စည်းထားရှိပြီး ဥပဒေအရ ကော်မတီများကို လုပ်ပိုင်ခွင့်များ အပ်နှင်းထားသဖြင့် အဆိုပါကော်မတီများအနေဖြင့် စားသုံးသူများနှင့် ထိတွေ့ဆက်ဆံမှု ပိုမိုများပြားသည်နှင့်အညီ ထိထိရောက်ရောက် ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များ ကို ဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံအနေဖြင့် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီနှင့်အတူ လိုက်ပါအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် လက်ရှိ ၂၀၂၂ ခုနှစ်တွင် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို မြန်မာနိုင်ငံက လွှဲပြောင်း တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ အဖွဲ့ဝင်များအနေဖြင့် စားသုံးသူအသိပညာပေးရေးကဏ္ဍ အပါအဝင် စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားအတွက် ဆောင်ရွက်သင့်၊ ဆောင်ရွက်ထိုက်သော အစီအမံများကို အခါအားလျော်စွာ ဖော်ထုတ်ဆွေးနွေးကြစေလိုကြောင်း ဆွေးနွေးပြောကြားပါ သည်။

         ဆက်လက်၍ ယခင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ စားသုံးသူတိုင်ကြားမှုများနှင့်စပ်လျဉ်း၍ အယူခံဝင်ရောက်မှုအပေါ် ဆုံးဖြတ်ရန် ကိစ္စများ၊ ကော်မရှင်က အဆုံးအဖြတ်ပေးရမည့် လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ကော်မရှင်အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ရှင်းလင်းတင်ပြခဲ့ရာ တင်ပြချက်များအပေါ် ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် ကော်မရှင်အဖွဲ့ဝင်များက ဆွေးနွေး၍ ဆုံးဖြတ်ချက်များချမှတ်ခဲ့သည်။ အဆိုပါအစည်းအဝေးသို့ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စု နယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။