နေပြည်တော်၊ ဩဂုတ် ၅ ဒေသဆိုင်ရာအညွှန်း သိကောင်းစရာများနှင့်စပ်လျဉ်း၍ စကားဝိုင်းဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ်(၅၂)၊ အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ရာ မူပိုင်ခွင့်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနှင်းနွယ်အေးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဒေသဆိုင်ရာအညွှန်းနှင့်စပ်လျဉ်းသည့် စကားဝိုင်းဆွေးနွေးပွဲသို့ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးများ၊ အရာထမ်း/အမှုထမ်းများက In person တက်ရောက်ခဲ့ကြပြီး အထက်မြန်မာပြည်ရုံးခွဲ (မန္တလေး)နှင့် အောက်မြန်မာပြည်ရုံးခွဲ (ရန်ကုန်) တို့မှ ညွှန်ကြားရေးမှူးနှင့်အရာထမ်း/အမှုထမ်းများက Virtual ဖြင့် တက်ရောက်ကြသည်။ အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ဒေသဆိုင်ရာအညွှန်းသည်လည်း မူပိုင်ခွင့်အမျိုးအစားတစ်ခုဖြစ်၍ မူပိုင်ခွင့်ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများသိရှိထားရန် လိုအပ်သည့်အတွက် ယခုလို စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ဒေသဆိုင်ရာအညွှန်းနှင့်စပ်လျဉ်း၍ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအခန်း (၁၆)တွင် ပြဋ္ဌာန်းထားရှိခြင်းဖြစ်ပြီး အဆိုပါပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်နိုင်ရေးအတွက် နည်းဥပဒေပြဋ္ဌာန်းနိုင်ရေးရေးဆွဲခြင်း၊ သက်ဆိုင်ရာဌာနများသို့ သဘောထားမှတ်ချက်များတောင်းခံခြင်း၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ကျင်းပခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး အတည်ပြုထုတ်ပြန်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဒေသဆိုင်ရာအညွှန်းနှင့်စပ်လျဉ်း၍ ညွှန်ကြားရေးမှူးများက ရှင်းလင်းသွားမည်ဖြစ်ရာ သေချာစွာမှတ်သားစေလိုကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးများဖြစ်သည့် ဒေါက်တာစိမ့်သန္တာထွန်း၊ ဒေါက်တာခင်စန္ဒာဝင်းနှင့် ညွှန်ကြားရေးမှူး ဒေါ်တင်မျိုးမြင့်တို့က ဒေသဆိုင်ရာအညွှန်း သိကောင်းစရာများနှင့်စပ်လျဉ်း၍ အသီးသီးရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခြင်းများအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကာ စကားဝိုင်းကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။