မြန်မာ(မူဆယ်)-တရုတ် (‌ရွှေလီ) နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်တည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ နှစ်နိုင်ငံဒေသအဆင့်လုပ်ငန်းအဖွဲ့၏ တတိယအကြိမ်အစည်းအဝေး အောင်မြင်စွာကျင်းပ

Fri, 11/25/2022 - 05:31 -- Dotbilateral

မြန်မာ(မူဆယ်)-တရုတ်(‌ရွှေလီ) နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင် အကောင်အထည်ဖော်ရေးဆိုင်ရာနှစ်နိုင်ငံဒေသအဆင့်လုပ်ငန်းအဖွဲ့၏ တတိယအကြိမ်အစည်း အဝေးကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၄)ရက်နေ့တွင်  နေပြည်တော်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ကုန်သွယ်ရေးဦးစီးဌာန နှင့် တရုတ်နိုင်ငံဘက်မှ ယူနန်ပြည်နယ်၊ ကူးသန်းရောင်းဝယ်ရေး ဌာနတို့အကြား ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် အောင်မြင်စွာကျင်းပခဲ့ပါသည်။

            အဆိုပါအစည်းအဝေးကိုမြန်မာနိုင်ငံဘက်မှကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရနှင့် တရုတ်နိုင်ငံဘက်မှ ယူနန်ပြည်နယ်၊ ကူးသန်းရောင်းဝယ်ရေးဌာန၊ ညွှန်ကြားရေး မှူးချုပ် Mr.Li Chenyang  တို့မှဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ကြပါသည်။ အစည်းအဝေးသို့ ကုန်သွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းလွင် ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းထွန်းဦး၊  နှစ်နိုင်ငံ ဒေသအဆင့် လုပ်ငန်းအဖွဲ့ဝင် အဆင့်မြင့်အရာရှိကြီးများ ၊ ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်၊မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်၊ ညွှန်ကြားရေးမှူး နှင့် ကူမင်းမြို့ရှိ မြန်မာစီးပွားရေးသံမှူး တို့ပါဝင်တက်ရောက်ခဲ့ပါသည်။ ထို့အပြင် အစည်းအဝေးသို့ ရန်ကုန်မြို့ အခြေစိုက် ၊ တရုတ်သံရုံး မှ မြန်မာနိုင်ငံဆိုင်ရာ တရုတ်စီးပွားရေးသံမှူး Mr.Tan Shufu မှလည်း ပါဝင်တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင်မြန်မာ-တရုတ်နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်တည်ထောင် အကောင်အထည်ဖော်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်သွားမည့်အစီအမံများ၊ အကြံပြုချက်များ၊ ဒေသအဆင့် လုပ်ငန်းအဖွဲ့ အစည်း အဝေးများအား ပုံမှန်ကျင်းပနိုင်ရေး ကိစ္စရပ်များကို အသေးစိတ်ညှိနှိုင်း ဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ ဒေသအဆင့်လုပ်ငန်းအဖွဲ့၏စတုတ္ထအကြိမ်အစည်းအဝေး ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ကျင်းပနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားရန် နှစ်ဘက်စလုံးမှ သဘောတူညီ ခဲ့ကြကြောင်းနှင့် အစည်းအဝေးသည် မြန်မာ-တရုတ် နှစ်နိုင်ငံ၏ အစဉ်အလာကောင်းခဲ့သော ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေပြီး နယ်စပ်ဒေသနှင့် နယ်စပ်နေပြည်သူများ အကျိုးစီးပွားပိုမို တိုးတက်လာစေရန်အတွက် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် များစွာအထောက်အကူပြုသည့်အစည်းအဝေးဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ပါသည်။